ဒေသခံ - TopicsExpress



          

ဒေသခံ သတင်းထောက်တစ်ဦးကို မိတ္ထီလာဘကြီးဆန်ပွဲရုံက တရားစွဲ မိတ္ထီလာ၊ သြဂုတ် ၁၀ ဒေသခံ သတင်းထောက်တစ်ဦးကို မိတ္ထီလာမြို့ရှိ ဘကြီးဆန်ပွဲရုံပိုင်ရှင်က ပွဲရုံသိက္ခာ ကျဆင်းစေမှုဖြင့် တရားစွဲဆိုထားကြောင်း အဆိုပါ မြို့နယ်တရားရုံထံမှ သိရသည်။ မိတ္ထီလာမြို့ခံ သတင်းထောက် ဦးတင်လှိုင် တရားစွဲဆိုခံရသည့် အကြောင်းအရင်းမှာ ဇွန်လ ၂၈ ရက်နေ့ထုတ် The Messenger နေ့စဉ်သတင်းစာပါ မိတ္ထီလာမြို့ရှိ ရ.ထ.ပ.(၁) တပ်ကို တပ်မတော် စစ်ဆေးရေး အရာရှိချုပ်က ရှောင်တခင် ဝင်ရောက် စစ်ဆေးနေပြီဆိုသည့် သတင်းတွင် တပ်မတော်ရိက္ခာအတွက် ရရှိသော ဆန်ကောင်းများကို ဘကြီးဆန်ပွဲရုံက ဆန်ညံ့များဖြင့် လဲလှယ်ပေးခြင်းဆိုသည့်စာသား ပါရှိခဲ့ခြင်းကြောင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း အဆိုပါ မိတ္ထီလာမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ သတင်းရေးသားဖော်ပြချက်နှင့် ပတ်သက်၍ ယင်းဆန်ပွဲရုံက ဇွန်လ ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ဇွန်လ ၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာတို့မှ ဦးတင်လှိုင်နှင့် The Messenger သတင်းစာတို့ကို ပြန်လည်ဖြေရှင်းရနှ် ကြော်ငြာခဲ့ရာ ဇွန်လ ၇ ရက်နေ့ထုတ် The Messenger သတင်းစာ၏ ရှေ့စာမျက်နှာတွင် ဦးတင်လှိုင်က လုံးဝပြန်ဖြေရှင်းမည် မဟုတ်ဆိုသည့် ခေါင်းစဉ်ဖြင့် စာမျက်နှာ (၉) ၌ အခြားဂျာနယ်၌ ဖော်ပြပါရှိသည့် မောင်ဥက္ကာ၏ ရေးသားချက်ကို ထပ်မံဖော်ပြခဲ့သည်။ ယင်းအပြင် မိတ္ထီလာမြို့ရှိ ရ.ထ.ပ. (၁) တပ်ကို တပ်မတော် စစ်ဆေးရေး အရာရှိချုပ်က ရှောင်တခင် ဝင်ရောက် စစ်ဆေးနေပြီဆိုသည့် သတင်းကို The Myanmar Post နှင့် Envoy ဂျာနယ်တို့တွင်လည်း ဖော်ပြခဲ့သဖြင့် ‘ဘကြီး’ ဆန်ပွဲရုံပိုင်ရှင် ဒေါ်မြမြ၏ ဦးတိုက်လျှောက်ထားချက်အရ သတင်းရေးသားသူ ဦးတင်လှိုင်၊ မောင်ဥက္ကာနှင့် The Messenger သတင်းစာအယ်ဒီတာချုပ် ဦးထက်ဦးဇော်တို့ကို မိတ္ထီလာမြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်း ယင်းတရားရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ တပ်မတော်ရိက္ခာအတွက် ရရှိသော ဆန်ကောင်းများကို ဘကြီးဆန်ပွဲရုံက ဆန်ညံ့များဖြင့် လဲလှယ်ပေးသည်ဟု မိတ္ထီလာ မြို့ခံသတင်းထောက် ဦးတင်လှိုင်၏ သတင်းရေးသားချက်သည် ဆန်ပွဲရုံ၏သိက္ခာကို ထိပါး၍ အရောင်းအဝယ်ကို ကျဆင်းစေခဲ့ခြင်းကြောင့် ယင်းကဲ့သို့ တရားစွဲ ဆိုရခြင်းဖြစ်ပြီး The Messenger သတင်းစာ၏ အယ်ဒီတာချုပ် ဦးထက်ဦးဇော်ကိုလည်း ဆင့်ခေါ်ထားကြောင်း တရားလို အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်တင်မမက The Voice သို့ ပြောကြားသည်။ ယင်းအပြင် သတင်းထောက် မောင်ဥက္ကာကိုလည်း စုံစမ်းရှာဖွေလျက်ရှိပြီး The Myanmar Post နှင့် Envoy ဂျာနယ်တို့ကို တရားစွဲမှု ပြု၊ မပြုဆိုသည်မှာ ကာယကံရှင်၏ သဘောထားဆန္ဒသာ ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။ မိတ္ထီလာမြို့ခံ သတင်းထောက် ဦးတင်လှိုင်ကို ‘ဘကြီး’ ဆန်ပွဲရုံပိုင်ရှင် ဒေါ်မြမြက ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့ က မိတ္ထီလာမြို့နယ် တရားရုံးတွင် ပြစ်မှုကြီး အမှတ်က ၄၀၁၁/၂၀၁၃၊ ပုဒ်မ ၅၀၀/၅၀၁ ဖြင့် တရားစွဲဆိုထားပြီး ယင်းနေ့က တရားလိုဘက်က ဆေးစာ တင်ထားပြီး ရောက်မလာ ခဲ့သည့်အတွက် အဆိုပါအမှုကို လာမည့် သြဂုတ်လ ၁၉ ရက်နေ့သို့ ပြန်လည် ရုံးချိန်းလိုက်သည်ဟု ဦးတင်လှိုင်၏ ဥပဒေအကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးတင်မြိုင်က The Voice ကို ပြောကြားသည်။ “၁၉၆၄ ခုနှစ်ကနေ ဒီနေ့အထိ သတင်းတွေကို စဉ်ဆက်မပြတ် ရေးသားခဲ့တယ်။ ပြဿနာ မရှိခဲ့ဘူး။ မှန်ကန်ခိုင်လုံတဲ့ သတင်းတွေကို စတုတ္ထမဏ္ဍိုင် သတင်းထောက်ပီပီ ရေးခဲ့တယ်။ တပ်မတော် စစ်ဆေးရေးချုပ်ရဲ့ မိတ္ထီလာ ရ.ထ.ပ.(၁) စစ်ဆေးရေး အစီရင်ခံစာမိတ္တူကို သက်သေအဖြစ် တင်ပြနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေးတို့ ဆီကို လိပ်မူပြီး တောင်းခံထားပါတယ်” ဟု မိတ္ထီလာမြို့ဒေသခံ သတင်းထောက် ဦးတင်လှိုင်က ပြောကြားသည်။ The Voice
Posted on: Sun, 11 Aug 2013 11:22:47 +0000

Trending Topics



Recently Viewed Topics




© 2015