အစွန်းရောက် - TopicsExpress



          

အစွန်းရောက် အမျိုးသားရေးဝါဒီများ ခေါင်းထောင်လျှင် ဒီမိုကရေစီပြိုလဲနိုင်ဟု ပညာရှင်သတိပေး -------------------------------------- ရန်ကုန်၊ ဇွန်-၂၄ အစွန်းရောက် အမျိုးသားရေးဝါဒီများ ခေါင်းထောင်ထလာပါက မြန်မာပြည်အသွင်ကူးပြောင်းရေးဖြစ်စဉ်သည် ယခုထက်ပိုမိုဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပြီး ဒီမိုကရေစီ ပြိုလဲကျဆုံးမှုကို ရင်ဆိုင်ရနိုင်ကြောင်း ဇွန်လ ၂၂ ရက်က ရန်ကုန်မြို့ရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့အသွင်ကူးပြောင်းရေးနှင့် စိန်ခေါ်မှုများ ဆွေးနွေးပွဲ၌ ချက်သမ္မတနိုင်ငံရှိ Educational Initiatices မှ အသွင်ကူးပြောင်းရေးကာလများကို လေ့လာသည့် ပညာရှင် Mr. Igor Belazevic က သတိပေးပြောကြားသည်။ လူမျိုးစွဲ၊ ဘာသာစွဲများနှင့် ပတ်သက်၍ ပြင်းထန်သော အမျိုးသားဝါဒကို အသုံးပြုကာ လူနည်းစုနှင့် လူများစုအကြား အမုန်းတရားများကို ထည့်သွင်းလျက် အသိဉာဏ် အမှောင်ချခြင်းမျိုးကို လုပ်ဆောင်ရာမှတစ်ဆင့် အသွင်ကူးပြောင်းမှုကို ရပ်တန့်စေပြီး အရေခြုံဒီမိုကရေစီစနစ်ကို ဖြစ်ပေါ်လာနိုင်ကြောင်း အထက်ပါပညာရှင်က ပြောသည်။ ထိုကဲ့သို့ အစွန်းရောက်မှုဖြစ်စဉ်များကြောင့် ယူဂိုဆလားဗီးယားနိုင်ငံကဲ့သို့ ပျက်စီးသွားနိုင်ကြောင်း၊ ဘာသာရေးအခြေခံပြီး လူမျိုးရေး အစွန်းရောက်ဝါဒီများ သည် အာဏာရအ၀န်းအ၀ိုင်းနှင့် ပေါင်းစည်းမိသွားသောအခါ ပြင်းထန်သော အမျိုးသားရေးဝါဒီထောင်ခြောက်ထဲသို့ ရောက်ရှိသွားနိုင်ကြောင်း Mr. Igor Belazevic ကဆိုသည်။ “မြန်မာပြည်ကို ယူဂိုဆလားဗီးယားလို လမ်းကြောင်းကို လိုက်မယ်လို့ မမျှော်လင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကစားပွဲဟာ ဘယ်သူမှမနိုင်ဘဲ အကုန်ရှုံးနိမ့်မယ့် ကစားပွဲဖြစ်လို့ပါ။ တောင်အာဖရိကနဲ့ အင်ဒိုနီးရှားလို အပြောင်းအလဲကသာလျှင် မြန်မာပြည်အတွက် အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။ အထက်ပါ ပညာရှင်က ထိုကဲ့သို့ သုံးသပ်ပြောကြားသော်လည်း ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းရှိ ပုဂ္ဂိုလ်အချို့ကမူ မကြာမီက ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များသည် ပြုပြင်ပြောင်းလဲရေးပြုလုပ်သည့် နိုင်ငံအများစုတွင် တွေ့ကြုံရသည့် ဖြစ်စဉ်များသာဖြစ်ပြီး ကြီးမားသည့်အန္တရာယ်မရှိနိုင်ကြောင်းဆိုသည်။ “ဒီလို ဘာသာရေးအစွန်း ရောက်တဲ့ကိစ္စတွေဟာ နိုင်ငံရေး စနစ် အကူးအပြောင်းကာလတွေ မှာ ဖြစ်တတ်တဲ့သဘောရှိတယ်။ အချို့နိုင်ငံတွေကျတော့ စီးပွားရေးဖွံ့ဖြိုးမှု နောက်ကျတဲ့အခါမှာ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိတယ်။ လောလောဆယ် ဖြစ်တာကတော့ ဖြစ်ရိုးဖြစ်စဉ်သဘောပါပဲ” ဟု ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို လေ့လာမှု အထူးပြုဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့သူ မြန်မာငြိမ်းချမ်းရေးစင်တာမှ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။ ယခုကဲ့သို့ လူမျိုးရေး၊ ဘာသာရေးအခြေခံပြဿနာများသည် နောက်ကြောင်းပြန်လှည့်ရန် ဦးတည်သည် မဟုတ်ဘဲ အစိုးရမှ ပဋိပက္ခများကို သေချာစွာ ထိန်းကွပ်နိုင်မှုမရှိ၍သာဖြစ်ကြောင်း၊ သို့သော် ပြဿနာများသည် ဆက်လက်ဖြစ်ပွားမည်ဆိုပါက ယခုအနေအထားထက် ပိုမိုကြီးထွားလာနိုင်ပြီး တိုင်းပြည်၏ရှေ့ခရီးကို ခြိမ်းခြောက်သည့် အခြေအနေများ ရှိလာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ပြောကြားသည်။ “အာဏာရှင်စနစ်အသစ်ကို ဖန်တီးဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါမျိုးလုပ်ဖို့ အစိုးရမှာ ဆန္ဒမရှိနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလိုဖြစ်အောင် ဖန်တီးတဲ့ ဘေးပယောဂတွေတော့ အများကြီးရှိပါတယ်။ အဲဒါကို သတိကြီးစွာထားရမယ်” ဟု ၀ါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။ နောက်ကြောင်းပြန်လှည့်မှု မဖြစ်ပေါ်စေရန် အစိုးရနှင့် နိုင်ငံသားများအပေါ်တွင် မူတည်နေပြီးမဖြစ်သင့်သည်များ မဖြစ်ပေါ်စေရန် အားလုံးပူးပေါင်းပါဝင် ထိန်းသိမ်းကြရန်လိုကြောင်း ဦးသုဝေကဆိုသည်။ 7Day News Journal
Posted on: Wed, 26 Jun 2013 04:36:33 +0000

Trending Topics



Recently Viewed Topics




© 2015