Ashin Visarada တက္ကစီဆရာ။ ။ - TopicsExpress



          

Ashin Visarada တက္ကစီဆရာ။ ။ အရှင်ဘုရားတို့ ရဟန်းသံဃာတွေက ပြည်ပမှာပါ သာသနာပြန့်ပွါးအောင် ဆောင်ရွက်သင့်ကြပါတယ် ဘုရား။ အရှင်။ ။ သာသနာပြန့်ပွါးလာရင် ဘာဖြစ်လာမှာတုန်း ဒကာတော်။ တက္ကစီဆရာ။ ။ သာသနာ ပြန့်ပွါးတော့ ဗုဒ္ဓဘာသာဦးရေ တိုးလာမှာပေါ့ဘုရား။ အရှင်။ ။ ဗုဒ္ဓဘာသာဝင်ဦးရေ တိုးလာတော့ ဘာဖြစ်လာမှာတုန်း။ တက္ကစီဆရာ။ ။ အာ.. အရှင်ဘုရားကလဲ စကားကပ်နေပြန်ပါပြီ၊ ဗုဒ္ဓဘာသာဦးရေတိုးလာတော့ ကောင်းတာပေါ့ဘုရား။ အရှင်။ ။ စကားကပ်တာ မဟုတ်ပါဘူး ဒကာတော်။ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓဘာသာဦးရေ တိုးလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သာသနာပြန့်ပွါးအောင် ဆောင်ရွက်မယ်၊ အခြားဘာသာတွေကလည်း သူတို့ဘာသာဝင်တွေတိုးလာအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူတို့ဘာသာပြန့်ပွါးအောင် ဆောင်ရွက်မယ်ဆိုရင် ဘာဖြစ်လာမယ်ထင်သလဲ။ တက္ကစီဆရာ။ ။ အပြိုင်အဆိုင် သာသနာပြုမှုတွေ ဖြစ်လာမှာပေါ့ဘုရား။ ကိုယ့်ဘက်က မညံ့အောင်တော့ ကြိုးစားကြရမှာပေါ့။ အရှင်။ ။ ဟုတ်တယ်။ အဲဒီလို ဘာသာဝင်ဦးရေများလာအောင် သာသနာပြုတာကို မစ်ရှင်နရီ (missionary) လို့ ခေါ်တယ်။ အဲဒီ missionary နောက်မှာ ပြိုင်ဆိုင်မှုဆိုတာ ရှိလာတော့ တစ်ဖက်ကိုတစ်ဖက် တိုက်ခိုက်ချေမှုန်းမယ့် စစ်တပ် (military) ဆိုတာ ရှိလာတယ်။ ဒီနေ့ခေတ် ဘာသာရေးအစွန်းရောက် လက်နက်ကိုင် အဖွဲ့တွေဆိုတာ အဲဒီလို ဖြစ်ပေါ်လာကြတာတွေပဲ။ တက္ကစီဆရာ။ ။ မှန်ပါဘုရား။ အရှင်။ ။ ဆိုတော့ ဘာသာဝင်ဦးရေ များလာအောင် သာသနာပြုတယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေကပဲပြုပြု အခြားဘာသာဝင်တွေကပဲ ပြုပြု ကောင်းတဲ့လက္ခဏာလို့ ဦးဇင်းတို့ မမြင်ဘူး။ တက္ကစီဆရာ။ ။ အဲဒါဆိုရင် ဘယ်လိုလဲဘုရား။ အရှင်။ ။ ကောင်းပြီ၊ သေချာမှတ်ပါ။ သာသနာပြုတယ် ဆိုတာ ဘာသာဝင်ဦးရေများလာအောင် ပြုဖို့ထက် ငြိမ်းချမ်းရေးတရားထွန်းကားလာအောင်သာ ပြုသင့်ကြတယ်လို့ ဦးဇင်းတို့မြင်တယ်။ တက္ကစီဆရာ။ ။ တင်ပါ့ဘုရား။ အရှင်။ ။ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေ သာသနာပြုတယ်ဆိုတာ ဘာသာဝင်ဦးရေတိုးပွါးလာအောင် ပြုကြတာမဟုတ်ပါဘူး။ တစ်ဦးချင်းစီအတွက် ပစ္စုပ္ပန် ဘဝမှာလည်း ငြိမ်းချမ်းအောင်၊ သံသရာဘဝခရီးမှာလည်း ငြိမ်းချမ်းအောင်၊ နောက်ဆုံးအဆင့် သံသရာကလွတ်ပြီး တကယ်ကြီး ငြိမ်းချမ်းအောင်သာ သာသနာပြုကြတာဖြစ်ပါတယ်။ အဲသလို ငြိမ်းချမ်းတာကို သန္တိသုခ- ငြိမ်းအေးတဲ့ချမ်းသာလို့ ဆိုလိုတယ်။ တက္ကစီဆရာ။ ။ မှန်ပါ့ဘုရား။ အရှင်။ ။ အဲဒီတော့ သာသနာပြုရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ငြိမ်းအေးတဲ့ချမ်းသာ- သန္တိသုခကို မျှဝေဖို့ ဆိုတာမျိုးပဲဖြစ်သင့်ပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့သာ သာသနာပြုကြမယ်ဆိုရင် ဘယ်ဘာသာကပဲပြုပြု ငြိမ်းချမ်းမှုကို ဦးတည်သွားမှာပါပဲ။ တက္ကစီဆရာ။ ။ မှန်ပါ့ဘုရား။ အရှင်။ ။ ငြိမ်းချမ်းမှုကို ဦးမတည်ဘဲ၊ ဘာသာဝင် ဦးရေများအောင်သာ သာသနာပြုကြမယ်ဆိုရင်ဖြင့် ကိုယ်နဲ့ ကိုးကွယ်ရာ မတူသူတွေကို တိုက်ခိုက်မှုတွေ၊ ပြန်လည်တွန်းလှန်ကာကွယ်ကြမှုတွေ ဆိုတာတွေဟာ ရှိနေကြဦးမှာပါပဲ။ တက္ကစီဆရာ။ ။ မှန်ပါ့ဘုရား။ အရှင်။ ။ အဲဒီတော့ ဘာသာဝင်ဦးရေတိုးတက်မှုထက် ငြိမ်းချမ်းမှုတွေ တိုးတက်လာအောင်သာ သာသနာပြုကြရမှာပါ ဒကာတော်။ တက္ကစီဆရာ။ ။ မှန်ပါ့။ တပည့်တော် ပြောချင်တာလည်း အဲဒီအဓိပ္ပါယ်ပါဘုရား။ အရှင်။ ။ အော်.. အေး..အေး..၊ အဲဒါဆိုရင် ကောင်းပါတယ် ဒကာတော်။ မေတ္တာဖြင့် အရှင်ဝိသာရဒ (ရမ္မာဝတီ) 04/03/2014
Posted on: Wed, 05 Mar 2014 07:33:34 +0000

Trending Topics



Recently Viewed Topics




© 2015