SEP 6 အငြိမ်းစားသံအမတ်ကြီး - TopicsExpress



          

SEP 6 အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်နှင့် အာဏာပိုင်အဖွဲ့အစည်းများ၊ အများပြည်သူများသို့ အိတ်ဖွင့်ပေးစာ/ရင်ဖွင့်လွှာ လေးစားအပ်ပါသော သံအမတ်ကြီးရှင့် ကျွန်မအမည်မှာခင်ခင်ထွေးဖြစ်ပြီးမိတ္ထီလာမြို့မှာနေထိုင်သူတစ်ဦးဖြစ်ပါသည်။ ယခုသတင်းစာနှင့်မီဒီယာတွေမှာ သံအမတ်ကြီးအကြောင်းတွေ့ရပြီး မွတ်စလင်မ် ကိုယ် စားလှယ် တစ်ဦးအနေနှင့်နိုင်ငံတော်ကဆက်ဆံနေတာတွေ့ရသောအခါကျွန်မ၏အကြောင်း ကို အနည်းငယ် တင်ပြပါရစေရှင့်။ကျွန်မသည် မိတ္ထီလာမြို့မှာမွေးပြီး မိတ္ထီလာမြို့မှာကြီးပြင်းခဲ့ရပြီး မိတ္ထီလာသားနှင့် အိမ်ထောင်ကျပြီး ကလေး၃ယောက်၏ မိခင်ဖြစ်ပါသည်။ ကျွန်မဘဝ ကံဆိုးမိုးမှောင်ကျခဲ့သည့်နေ့မှာ ၂၀၁၃ခု၊မတ်လ(၂၂)ရက်နေ့ ဖြစ်ပါသည်။ကျွန်မ၏အသက် ၄၀တောင်မပြည့်သေးဘဲ မုဆိုးမဘဝ ရောက်ခဲ့ရသည့်နေ့ ဖြစ်ပါသည်။ ထိုနေ့သည် ကျွန်မဘဝ တုန်လှုပ် ခြောက်ခြား ခဲ့ရသော နေ့လည်း ဖြစ်ပါသည်။ အသေးစိတ်ကတော့ ဒီလိုပါ။ မိတ္ထီလာမွတ်စလင်တွေကိုသတ်၊ အိမ်တွေကို မီးရှို့သည့် နေ့ ညနေပိုင်းမှာ စဖြစ်တာပါ။ တဖြည်းဖြည်းနှင့် ကြောက်ဒူးတုန်ပြီး အိမ်ထဲမှာမနေရဲတာနဲ့ ကျွန်မတို့ ရပ်ကွက်နဲ့နီးတဲ့ ရေကန်အစပ်လေးမှာ ပုန်းအောင်းဖို့ အိမ်ကနေ ထွက်ခဲ့ရပါသည်။ သံအမတ်ကြီးရယ် စဉ်းစားကြည့်ပါဦး။ ကျွန်မရဲ့ ၂၉ ရက်အရွယ် သမီးလေးရယ် ၊(၇) နှစ်အရွယ် သမီးလေးရယ်၊ (၉) နှစ် အရွယ်သားလေးရယ်၊ကျွန်မယောက္ခမအထီး ၇၂နှစ်အရွယ်အဘိုးကြီးတယောက်က ကျွန်မယောကျာ်း ကိုအားကိုးပြီး အိမ်ထဲမှာဆက်နေလို့မဖြစ်တော့သည့်အခြေအနေမို့ကြောင့် ထွက်ခဲ့ရတာပါရှင့်။ဆက်ပြီး ပေကပ်နေရင်လည်း ပတ်ဝန်းကျင် အိမ်တွေလိုပဲ အရှင်လတ်လတ် မီးလောင်တိုက် အသွင်းခံရမှာ ကြောက်ပြီး ကျွန်မယောကျာ်းက ကလေး ၂ယောက်လက်ကို တဖက်စီဆွဲပြီးရှေ့ကသွား၊ ကျွန်မက ရင်ခွင်ပိုက်ကလေးကိုချီ၊ ယောက္ခမအထီးကမောမောနဲ့တဖြည်းဖြည်းလျှောက်ပြီး ကျွန်မတို့ရဲ့ အသက် ဘေးကို လွတ်ရာလွတ်ကြောင်း ကန်ရေစပ်ကိုပုန်းဖို့ထွက်လာခဲ့ပါသည်။ သိပ်မကြာပါဘူးရှင် လမ်းဖြတ် ကူးမှာပဲ ကျွန်မယောက္ခမအထီးရဲ့ အော်သံကိုကြားလိုက်ရတာပါပဲရှင်။ လူနှစ်ယောက်က ဒါးနဲ့ခုတ်နေ တာ ကျွန်မတို့ မြင်လိုက်ရပါသည်။ ဒါနဲ့ ကျွန်မယောကျာ်းက သူ့အဖေဆီ နောက်ပြန် အလှည့်မှာပဲ ကျွန်မ (၇)နှစ်အရွယ်သမီး (၉)နှစ်အရွယ်သားလေးနှစ်ယောက်ကို သင်္ဃန်းဝတ်တစ်ယောက်က ဒရွတ် တိုက်ဆွဲပြီး ကျွန်မယောက္ခမ အထီးကို ဓားနဲ့ခုတ်နေတဲ့ လူတွေဆီကို ခေါ်သွားတော့တာပါပဲ အဲ့ဒီ အချိန်မှာ ကျွန်မယောကျာ်းလည်း ပုခုံးနဲ့ လည်ပင်းအစပ်မှာ ဓားဒဏ်ရာရပြီး လဲကျသွားပါသည်။ သံအမတ်ကြီးရယ် ရှင်စဉ်းစားကြည့်ပါဦး။ (၇)နှစ်အရွယ်သမီးလေးနဲ့ (၉)နှစ်အရွယ်သားလေးရဲ့ အဖြစ်ဆိုးကို တွေးကြည့်ပါဦး။ ငယ်သံပါအောင်အော်ရင်းနဲ့ ဓားနဲ့ အခုတ်ခံနေတဲ့ လူမမယ် ကလေး နှစ်ယောက်ကို ထားပြီး “ကယ်ပါဦး” ဆိုပြီး ငယ်သံပါအောင်အော်ငိုနေတဲ့ ကိုယ့်ရဲ့ကလေး နှစ်ယောက် အသံကိုလျစ်လျူရှု့ပြီး ကိုယ့်အသက်ကိုအလွတ်ရုန်းပြီး ထွက်ပြေးခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက် တွေနဲ့ ကျွန်မဘဝမှာ အိမ်မက်ဆိုးတွေမက်ခဲ့ရတဲ့နေ့ကတော့ အဲ့ဒီအချိန်က စတာဘဲ။ကျွန်မအခုအချိန် ထိလန့်လန့်နိုးနေတတ်သည်။ ကလေးနှစ်ယောက်ကို ဒရွတ်တိုက်ဆွဲသွားတဲ့မြင်ကွင်းရယ် ယောကျာ်း ပုခုံး ဓားထိပြီး လဲကျသွားတဲ့မြင်ကွင်းရယ်၊ တကယ်ဆို ကျွန်မထွက်ပြေးလာတာ မှားတာပဲလို့လည်း အထပ်ထပ်အခါခါ စဉ်းစားမိပါသည်။ ကျွန်မကိုယ် ကျွန်မလည်း အံ့သြမိပါသည်။ ဘာလို့များ ထွက်ပြေး လိုက်ရတာလဲ။နောက်တော့မှစဉ်းစားမိပါသည်။ကျွန်မရင်ခွင်ထဲက (၂၉)ရက်အရွယ် သမီးလေးကြောင့် အလ္လာရှင်မြတ်က ကျွန်မကိုအသက်ရှင်ခွင့် ပေးလိုက်တာဲ့လို့ ကျွန်မ ထင်ပါသည်။ကျွန်မဟာ ကမ္ဘာပေါ် မှာတစ်ဦးတည်းသော ကံဆိုးတဲ့ အကြင်နာတရား ကင်းမဲ့တဲ့။ကိုယ့်အသက်ကိုယ် လွတ်ဖို့အတ္တကြီးခဲ့တဲ့ ကလေးရဲ့ ငယ်သံပါတဲ့ ကြောက်လန့်အော်ဟစ်မှုကို လစ်လျူရှု့နိုင်တဲ့မိခင်တစ်ယောက် ဖြစ်မည်ဟု ထင်ပါသည်။ဒီရက်သားအရွယ်သမီးလေးသာမရှိခဲ့ရင် ကျွန်မလည်းဒီနေ့အထိ အသက်ရှင်ဖို့အကြောင်း မရှိတော့ပါဘူး။ ဒါနဲ့ပဲ ကျွန်မလည်း ခြေဦးတည့်ရာပြေးရင်း ကယ်ဆယ်တဲ့သူနဲ့တွေ့ပြီး ဒုက္ခသည်စခန်း ဖြစ်သည့်အမှတ်(၃)အ.ထ.ကကျောင်းထဲကိုရောက်ခဲ့ရပါသည်။ဒီမတိုင်မီ ရဲစခန်း ကယ်ဆယ်ရေးစခန်း မှာလည်း တည်းနေခဲ့ရပါသည်။ သံအမတ်ကြီးရယ် ကျွန်မကို တစ်ခုလောက်အဖြေပေးပါလားရှင် ?ကျွန်မတို့ မိသားစု မှာ ဘာများအပြစ်ရှိလဲ ? ကျွန်မရဲ့(၇)နှစ် နှင့်(၉)နှစ်အရွယ် ကလေးတွေက ဘာများလုပ်မိလို့လဲ ? ပြီး တော့ကျွန်မယောကျာ်းနဲ့ ယောက္ခမအထီးကရောဟင် ? သေချာတာတစ်ခုကတော့ ကျွန်မတို့ကို မွတ်စလင်ဆိုပြီး တခါတည်း ကိစ္စတုံးစီရင်လိုက်ကြ တာပါပဲ။နောက်တော့ ခဏနေတဲ့ ရဲစခန်းမှာ ကြား လိုက်ရတာတော့ ကျွန်မသမီးလေးနဲ့ သားလေးတွေနဲ့ ဘဝတူ လူမမယ်ကလေး အယောက်(၂၀)ကျော် ကိုလည်း ရက်ရက်စက်စက်ဓားနဲ့ခုတ်ပြီး အရှင်လတ်လတ် မီးရှို့ပြီး အသတ်ခံရတဲ့ သတင်းတွေပါပဲ။သံ အမတ်ကြီးရယ်-ကျေးဇူးပြုပြီးတော့ ကျွန်မကို တစ်ခုလောက် ဖြေပေးပါလားရှင် ? ကျွန်မစဉ်းစားကြည့် ပါသည်။ဓါးဓါးခြင်း၊ လှံလှံချင်း ခုတ်ကြထစ်ကြနဲ့ သေပွဲဝင်သွားတယ်ဆိုရင် ကျွန်မဖြေသာပါသည်။ အခု တော့လည်းရှင်၊ မိခင်အရင်းရဲ့လက်ထဲက ကလေးနှစ်ယောက်ကို ဒရွတ်တိုက်ဆွဲပြီး သတ္တိခဲလုပ်ပြီး သတ်တဲ့လူရယ် ခေါင်းပေါ်လက်ကလေးတင်ပြီးထွက်လာတဲ့လူမမယ်ကလေးတွေကိုရက်ရက်စက်စက် သတ်တဲ့လူရယ် ကျွန်မဘယ်လို ဖြေသိမ့်ရမလဲရှင်။ ကျွန်မကို တခါလောက် နှစ်သိမ့်ပေးပါလားရှင်။ ကျွန်မရဲ့ခံစားချက်တွေကို နားထောင်ပြီး ကိုယ်ချင်းစာတရားလေးပဲဖြစ်ဖြစ် ပြောပေးပါလားရှင်။ (အ ကယ်၍များ အဲ့ဒီကလေးနှစ်ယောက်က သံအမတ်ကြီးရဲ့မြေးလေးတွေဖြစ်ခဲ့ရင်ရော ဘယ်လိုခံစားရ မလဲရှင်) တကယ်တော့ ကျွန်မ ဒီစာရေးဖို့ကို အစီအစဉ် မရှိပါ၊ ရေးလည်းမရေးချင်ပါ။ ကျွန်မလေ ဒီ အကြောင်းတွေကို တွေးတောင်မတွေးချင်ပါဘူး။ဒီအကြောင်းတွေကို စဉ်းစားလိုက်ရင် ကျွန်မလောက ကြီးထဲကနေ အမြန်ဆုံးထွက်သွားချင်ပါသည်။ အခုဒီစာရေးရင်းနဲ့ ကျွန်မ အကြိမ်ကြိမ်ငိုခဲ့ရပါသည်။ ရပ်လိုက်ငိုလိုက်ရေးလိုက်နဲ့ဘဲ အင်အားတွေသုံးပြီးနေရတာပါရှင်။ ကျွန်မ နှလုံးသားတွေက ကျောက်ခဲ တွေမှ မဟုတ်တာလေ။ ကျွန်မနေရာကနေ တစ်နာရီလောက် ခံစားပေးပါလားဟင်။ဘာဘဲဖြစ်ဖြစ်စိတ် ထွက်ပေါက်ပေါ့နော်။ ကျွန်မဒီအကြောင်းကို ဘယ်သူ့ကိုမှလဲမပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြားပြီးသနားမဲ့သူတွေကျွန်မနဲ့ထပ်တူခံစားရမဲ့သူတွေကို ဒီလောက်ပြင်းထန်အားကြီးတဲ့ ဝေဒနာမျိုးကို မပေးရက်လို့ပါ။ ဒါပေမဲ့အခု ကျွန်မ သံအမတ်ကြီးကို ပြောပြဖြစ်သွားပါပြီ။ဒါကလည်း သံအမတ်ကြီးကို နိုင်ငံတော်က မွတ်စလင်ထုကိုယ်စား ပြောဆိုလုပ်ကိုင်တာတွေ တွေ့ရလို့ပါ။ကျွန်မ ဘာအခွင့်အရေးမှ မလိုချင်ပါ။ကျွန်မဘဝမှာ ဘာမှလည်း တန်ဖိုးမရှိတော့ပါ။ တစ်ခုပဲတောင်းဆိုချင်ပါသည်။အကယ်၍များ သံအမတ်ကြီးအနေနဲ့ပြောခွင့်ကြုံခဲ့မယ်ဆိုလျှင်ကျွန်မမိသားစုနစ်နာခဲ့ရသည့်ရက်ရက်စက်စက်သတ်တဲ့ လူသတ်သမားတွေကို ဥပဒေ၏ ရှေ့မှောက်ကိုပို့ပြီး ထိုက်တန်တယ်ထင်သည့် ပြစ်ဒဏ် စီရင်ပေးရန် ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် ကျွန်မအသေဖြောင့်မည်ဖြစ်ပါသည်။ကျွန်မထင်ပါသည် ဒါသူတို့အတွက် သိပ်ခက်ခဲသည့် ကိစ္စတော့ မဟုတ်ပါ။ ဘာလို့လဲဆိုတော့ တောထဲတောင်ထဲမှာ ဖြစ်ခဲ့သည့်မုဒိန်းမှုတို့ မိတ္ထီလာဖြစ်ခဲ့တုန်းကပြန်ခုခံတဲ့လူကို မှတ်တမ်းနဲ့ လိုက်ဖမ်းနိုင်ခဲ့ပါသည်။ ဖမ်းချင်သူများအတွက်တော့ ဒါသေးဖွဲတဲ့ကိစ္စပါ။ သံအမတ်ကြီးများ စွမ်းဆောင်နိုင်လို့ ပြောခွင့်သာခဲ့ရင် ပြောရအောင် အကူအညီ တောင်းတာဖြစ်ပါသည်။ ဒီလိုကိစ္စတွေဖြစ်ပြီး ကျွန်မ မုဆိုးမ အသစ်စက်စက်လေးလည်း ဒုက္ခသည်စခန်း-ဒုက္ခသည်စခန်း ခေါ်မလား ကယ်ဆယ်ရေးစခန်းခေါ်မလားတော့ မသိပါဘူးရှင်၊ နေခဲ့ရတာတော့ (၃) လ နီးပါးပါဘဲ။ ကျွန်မသမီးလေး (၄)လအရွယ်ကိုရောက်တဲ့အထိပါပဲ။ တကယ်ဆို ကျွန်မလည်း အဲ့ဒီ ဒုက္ခသည်စခန်းရဲ့ အကျယ်ချုပ်ပုံစံမျိုးနဲ့ တကယ်ကို ဒုက္ခလှလှကြီးကို ကျွန်မရဲ့သွေးနုသားနု အချိန် တွေကို ကုန်ဆုံးတဲ့အထိ စိတ်ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းခဲ့ရပါတယ်။ ပြီးတော့ အိမ်ပြန်ခွင့်ရတဲ့ လူ တွေလည်းဘာမှမထူးပါဘူးရှင်။ ဘာလို့လဲဆိုတော့ ရပ်ကွက်ထဲကိုပြန်နေရင် ရပ်မိရပ်ဖကကြည်ဖြူမှ ကျွန်မတို့က ကိုယ့်အိမ်ကိုယ်နေလို့ရမယ့် အခြေအနေပါ။ ဒါအိမ်မီးမလောင်ပဲ သာမန် ဖျက်ဆီးခံရသူ တွေကိုပြောတာပါ။ အဲ့ဒီတော ဒီရပ်မိရပ်ဖဆိုသူတွေက ကိုယ်နဲ့တသက်လုံးအတူတူနေလာပြီး အကြီး အကျယ် ပါဝါတွေ အာဏာတွေ ပြတော့တာပါပဲ။ရပ်ကွက်တိုင်းမဟုတ်ပါ။အဆိုးဆုံးက ဈေးအရှေ့ပြင် ရပ်ကွက်ဖြစ်ပါသည်။ ဘာတဲ့ သူတို့မသိပဲ အိမ်မှာ လူဝင် လူထွက်လုပ်လို့မရ၊ ပြီးတော့ ကိုယ့်ဂိုဒေါင် ပစ္စည်းကိုယ် မထုတ်ရ၊ မသွင်းရ၊ အို စုံလို့ပါပဲရှင့်။ ဒါနဲ့ပဲ အရပ်ထဲက လူတွေကလည်း အဲ့ဒီလူတွေကို လက်ဆောင်ပဏာတွေ ဆက်သတော့မှ နည်းနည်းလေး အနေချောင်သွားရပါသည်။ ဒါတွေကလည်း မတိုင်ရဲပါဘူး၊ အရာရာကိုကြောက်နေရတဲ့ ဘဝမို့ပါ။ မကြောက်လို့လဲမဖြစ်ဘူးလေ၊ ကိုယ့်ရှေ့မှာတင် မြင်နေ ကြားနေရတာတွေ စုံနေတာပဲ။ ကိုယ့်ဆိုင်ထဲကို ဈေးသည်ဝင်လာပြီးတော့ ပြသနာရှာ၊ စိတ်မ ထိန်းနိုင်တော့ စကားများ ရန်ဖြစ်တော့ ဆိုင်ရှင်က ထောင်(၁၄)နှစ်ကျ၊ ပြသနာရှာတဲ့သူက ဘာမှမဖြစ် ဘူး။ ထောင်(၁၄)နှစ်ကျတာ အမျိုးသမီးဖြစ်နေလည်း ညှာတာမှုမရှိ၊ တခါ ကိုယ့်ဘက်ကိုလာ အိမ်မီးရှို့ လူသတ်တဲ့လူကျတော့ ထောင်ဒဏ်အများဆုံး(၇)နှစ်၊ ပစ္စည်း ဗျောင်ကျကျလုယူ၊ တချို့ဆို သုံးဘီး ဆိုက်ကားတွေနဲ့ တင်ပြီးတောင်ယူသွားသေး၊ သူတို့ကျတော့ ထောင်ဒဏ်(၃)လတဲ့၊ ပြီးတော့ သူတို့ကြည့်မရတဲ့လူဆို အမှုထဲ ထည့်လိုက်ယုံပဲ။ မွတ်စလင်ဆို သွားပေတော့ နှစ်ရှည်။ မလုပ်ပါဘူးလို့ ကျိန်ဆိုပြောပြော သွေးနဲ့ပဲသစ္စာဆိုဆို ညှာတာမှာ မဟုတ်ဘူး။ပြီးတော့ အထင်အမြင်သေးတဲ့ မျက်လုံး တွေနဲ့ လည်း နေ့တိုင်းရင်ဆိုင်နေရတာ၊ ကျွန်မတို့အတွက်တော့ တကယ်ကို ငရဲခန်းပါပဲရှင်။ တော်ကြာ ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီးမတရားခေါင်းစဉ်တွေတပ်ပြီးအချုပ်ပို့ ဖြေရှင်းခွင့်မရဘဲနဲ့ထောင်နန်းစံ ရမှာတော့ ကြောက်ပါသည်။ ကျွန်မတို့လဲ ကြောက်လိုက်ရတဲ့ ခေါင်းစဉ်က စုံနေတာပါပဲ။ သြော် ဒါနဲ့စကားမစပ် ပြောရဦးမည် ကျွန်မတို့ ဒုက္ခသည်စခန်းမှာ နေတုန်းက မန္တလေး တိုင်းကလူကြီးတွေ ခဏခဏလာပါသည်။ အဓိကကတော့ ကျွန်မတို့၏ မီးလောင်မြေအားလုံးကို သိမ်း ပြီး အလွန်တရာမှခန်းနားလှသည့် မြို့ပြစီမံကိန်းကြီးတည်ဆောက်မလို့ လာပြောပါသည်။ တခါတလေ တော့လည်းစည်းရုံးသည့်ပုံစံ၊ တခါတလေတော့လည်း အမိန့်ပေးသည့်ပုံစံဖြစ်ပါသည်။ ဘာတတ်နိုင်မှာ လည်းရှင်။ ကျွန်မတို့လို မျက်နှာမွဲတွေမပြောပါနဲ့ ကျွန်မတို့ခေါင်းဆောင်ဆိုလား တရားဝင်အဖွဲ့အစည်း ကလူဆိုလား အဲ့ဒီလူတွေတောင် တိုင်းရုံးကိုခေါ်ပြီး ဆူပူကြိမ်းမောင်းလိုက်တာ ရစရာမရှိအောင်ဆိုပဲ။ အင်တာနက်သတင်းတွေမှာလည်း ဖတ်ရပါတယ်။ ပြီးတော့ ကြားလိုက်ရသေးတယ် “ရှေ့လျှောက် မင်းတို့ကို ဘယ်လိုအုပ်ချုပ်မလဲ ဆိုတာ စောင့်ကြည့်” တဲ့။ ကျွန်မမှာဖြင့် ကြက်သိမ်းမွှေးများထောင်ပါ တယ်ရှင်။ အခုတော့လဲ မရေမရာ××××××××××××× ပါပဲရှင်။ ဘာလို့လဲဆိုတော့ လူကြီးတွေက ပြောသည် မီးလောင်မြေဆိုတာ အစိုးရပိုင်ဖြစ်သည်။ သူတို့ စီမံခန့်ခွဲမှုအောက်မှာရှိသည်။ ကျွန်မတစ်ခု လောက်မေးချင်ပါသည် မီးလောင်မြေဆိုသည်မှာ လာပြီးရှို့သည့်မီးနှင့် လောင်သွားသည့်မီး အတူတူ ပဲလားဆိုတာပါပဲ။ နောက်ပြီး ဗလီတွေလဲ အကုန်ပိတ်ထားလိုက်ပြန်ပြီ။ အခုတော့လည်း နဲနဲလေး ပြန်ပြီးကံကောင်းတယ်ဆိုရမှာဖြစ်သည်။ရမ်မသွာလ်လမတိုင်မှီကပဲလူကြီးတစ်ယောက် အစည်းအဝေး မှာငိုလိုက်တာကို သနားပြီး (၂)လုံးအစား (၃)လုံးဖွင့်ပေးလိုက်တယ်လို့ သိရပါသည်။ ဒါဆို အဲ့ဒီလူကြီး နောက်ထပ်အခါခါ ငိုခိုင်းရင်ကောင်းမလားလို့ ကျွန်မတွေးမိပါသည်။ကျွန်မတို့မှာ ဘာအပြစ်ရှိလို့လဲရှင်။ ပြီးတော့ ဆုံးဖြတ်နိုင်သည့် စွမ်းအင်ရှိသည့် လူကြီးတွေ×××××××××××××××××××××××× လည်း ဗလီတွေ မြေကွက်တွေ ပြန်ရမှာဖြစ်ပါသည်။တခါတလေများ ကျွန်မ×××××××××××××× ×××××××××ကျွန်မတို့ကိုယ်တိုင် ထောက်ခံခဲ့သည့် အခြေခံဥပဒေနဲ့ ကျွန်မတို့ကို ×××××××× ××××××××××××××ရလျှင်လည်း သိပ်ကောင်းမှာဘဲလို့ ၊ကျွန်မ သိပ်ပြီးတော့ စိတ်ကူးယဉ်သွား မိသလားမသိဘူး။ ဘာပဲဖြစ်ဖြစ် သံအမတ်ကြီးကတော့ အသက်အရွယ်အရရော ဥာဏ်ပညာတင်မက အတွေ့အကြုံအရရော သိပ်ကြီးမားတဲ့သူဖြစ်လို့ နိုင်ငံတော်က အခွင့်အခါ ×××××××××××××× လိုအပ်သလိုပေါ့လေ -လူကြီးအရာထားပြောလို့ ကျွန်မလို မျက်နှာမွဲ မုဆိုးမတယောက်က ကိုယ့်အဘိုး လိုသဘောထားပြီးအကူအညီတောင်းကြည့်သည့် သဘောပင်ဖြစ်ပါသည်။အများကြီးမတောင်းဆို ပါဘူး။ တကယ်ကို တစ်ခုထဲပါရှင်-ကျွန်မ၏ (၇)နှစ်အရွယ် သမီးနှင့် (၉)နှစ်အရွယ်သားလေးတို့ကို ဒရွတ်တိုက်ဆွဲပြီး ဓါးနှင့်ခုတ်သတ်သည့်လူသတ်သမားရယ်-ကျွန်မ၏ (၃၂)နှစ်အရွယ်ယောကျာ်းနှင့် (၇၂) နှစ်အရွယ် ယောက္ခထီးကို ဓားနဲ့ခုတ်မီးရှို့သတ်သည့် လူသတ်သမားတွေအတွက် ဥပဒေနှင့် အညီ ထိုက်တန်သည့် ပြစ်ဒဏ်လေး စီရင်ခံရအောင် ကူညီပေးပါလားရှင်။ ကြုံကြိုက်တုန်းပါ။ သြော် သံအမတ်ကြီးနဲ့ လူ့အခွင့်အရေးကော်မရှင်ကို ×××××××တခု အကူအညီ တောင်းပါရစေဦး။သတင်းထုတ်ပြန်သည့်အခါ ပဋိပက္ခဆိုတာ မသုံးလို့ မရဘူးလားရှင်။ ဘာဖြစ်လို့ လဲဆိုတော့ ကိုယ့်အိမ် ကိုယ့်ဆိုင် ကိုယ့်သာသနာ အဆောက်အဦတွေကို လူစုလူဝေးနဲ့ အဖျက်ခံလိုက် ရတာ ချည်းပဲခံနေရပါသည်။ဘယ်အခါများကြားဘူးလဲ မွတ်စလင်တွေ စုပြီးတော့ အခြားဘာသာဝင် အိမ်တွေ ဘုရားကျောင်းကန်တွေကိုသွားပြီး တိုက်ခိုက်သလဲဆိုတာမျိုးပေါ့။ခုခံတာတော့ရှိမှာပေါ့ရှင်။ ဒါလဲ လက်နက်ကိုင်ပြီး တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်က ပွဲကြည့်နေကြတော့ မတတ်သာတဲ့အဆုံး ကာကွယ်ကြတာပါ။ ကျွန်မလဲ အးကိုးပါတယ် နိုင်ငံတော်အတွက်ပြောဆို×××××××××××ပြောဆိုပေး ပါရှင်။ကျွန်မတို့လည်း ကိုယ့်နိုင်ငံကို ကိုယ်ချစ်တာပါဘဲရှင်။ချစ်လွန်းလို့ ×××××××××××××××× အဆဲအဆိုခံ လူ့ဂုဏ်သိက္ခာ ထိခိုက်စေတဲ့မေးခွန်းမျိုး (လ.ဝ.က မေးသည့်ပုံစံ) အမေးခံနေရသည့်ဘဝ နှင့် ဒီမှာ ဆက်နေတာပါ။ကျွန်မကို (ဒီကိစ္စကြောင့် သနားလို့) နေထိုင်ခွင့်ပေးသည့် နိုင်ငံတွေကိုငြင်းဆို ခဲ့တာပါ။ ဘာလို့လဲဆို ကျွန်မ ဒီမြေမှာမွေးပြီး ဒီမှာသေချင်တာပါ။ အသေဖြောင့်အောင် သံအမတ်ကြီး ကို အကူအညီတောင်းတာပါ ပေးမှာလားရှင်………….?? ကျွန်မက ဒီစာကို တိုင်စာပုံစံမျိုးနဲ့ စနစ်တကျရေးပြီး တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌကို တိုင်ရန် စဉ်းစားမိပါတယ် ။ဒါပေမဲ့ သူတို့ခမျာ လုပ်ဖို့ ကိုင်ဖို့ အကြပ် အတည်း ဖြစ်နိုင်မလားကို တွေးပြီးမှ သူတို့ကို အသိပေးရုံ အကူအညီတောင်းခံရုံပဲ တောင်းခံစာလို့ သဘောထားပေးခြင်း ကျွန်မကို စာနာထောက်ထားခြင်းတို့ဖြင့် ကူညီပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ မခင်ခင်ထွေး (မုဆိုးမအသစ်စက်စက်) ၉/မထလ(နိုင်)၀၀၁၀၇၄ အမှတ်(၂၁) သာယာကုန်း မိတ္ထီလာ မိတ္တူကို -ဥက္ကဌနှင့်အဖွဲ့ဝင်အားလုံးတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ -အစ္စလာမ်ဘာသာရေးဆိုင်ရာအဖွဲ့များ -ဥက္ကဌနှင့်အဖွဲ့ဝင်အားလုံးလူ့အခွင့်အရေးကော်မတီ Posted Yesterday by anwarmobarak Labels: ရင်ဖွင့်လွှာ 1 View comments
Posted on: Sat, 07 Sep 2013 17:59:14 +0000

Recently Viewed Topics




© 2015