#emg_opinions စောင့်ထိန်းရမည့် - TopicsExpress



          

#emg_opinions စောင့်ထိန်းရမည့် ကျင့်ဝတ်၊ ညီညွတ်ရမည့် သဘောတရား (Written by: ကေဇ) ဘယ်လိုခေတ်လဲ ကျွန်တော်နှင့် ရင်းနှီးခင်မင်သော လူမှုရေး တက်ကြွလှုပ်ရှားသူ ညီငယ်တော်တော် များများက ပြောလာကြသည်။ “ဒီခေတ်ကို ဘယ်လိုနားလည် ရမယ်ဆိုတာ ကျွန်တော်တို့မှာ အဖြေမရှိဘူး အစ်ကို”တဲ့။ မှန်ပါသည်။ “ပွင့်လင်းမြင်သာ”ဆိုသည့် ဝေါဟာရတစ်ခု တွင်တွင်ကျယ်ကျယ် ဖြစ်လာချိန်မှာပင် လူငယ်လူရွယ် တို့အတွက် ခေတ်က အာရုံမူးနောက်စရာ၊ အမြင်ဝေဝါးစရာ အနေအထားသို့ ဦးတည်လာပါသည်။ ဥပမာဆိုရလျှင် ယခင်အခါက အာဏာနှင့်ငွေကြေး လက်ကိုင်ထားနိုင် သူများသည် ယင်းတို့လုပ်ချင်/ဖြစ်ချင်သမျှကို ပေါ်ပေါ်ထင်ထင် ပလွှားလုပ်ကိုင် ခဲ့ကြသည်။ ယခု အပြောင်းအလဲ ကာလတွေမှာတော့ ယခင်ကအတိုင်း ပြုမူ၍ မရတော့မှန်း သူတို့အပါးဝစွာ နားလည်ကြသည်။ သို့အတွက် သူတို့က အကာအကွယ် တစ်ခု၏ အောက်ခြေ၊ ကန့်လန့်ကာ တစ်ခု၏ နောက်ကွယ်သို့“တစ်လှမ်းဆုတ်”သွားကြပါတော့သည်။ လူငယ်လူရွယ်များ အာရုံထွေပြား ကြရသည်မှာ ယင်းအခြေအနေတွင် ဖြစ်သည်။ နိုင်ငံရေး၊ လူမှုရေး စသည့်အဖွဲ့အစည်းများ၌ အခန့်ထည်နှင့် နေရာယူလာကြသော “တစ်လှမ်းဆုတ်သမား”များနှင့်ချည်းသူတို့ အတွေ့အထိများ ကြရရှာသည် ထင်ပါ၏။ ညီငယ်တစ်ဦးကဆို“ပရဟိတစိတ်နဲ့ ကုသိုလ်ရမလားလို့ ကျွန်တော်တို့ လုပ်ပါတယ် အစ်ကိုရာ။ ကျွန်တော်တို့ အပေါ်မှာက ဖွတ်ထွက်တဲ့ တောင်ပို့တွေပဲ များနေတယ်။ ရေရေလည်လည် ဂွမ်းတယ်”တဲ့။ ကျွန်တော်ကတော့ မိတ်ဆွေ ကဗျာဆရာတစ်ဦး၏ စကားလုံးကိုပဲ ငှားရမ်းပြီး ထိုညီလေးတွေကို ပြောပြနှစ်သိမ့် ပေးလိုက်ပါသည်။“ခေတ်ပြောင်း ခေတ်လွှဲ၊ အညိုအမည်း စွဲနေတဲ့ခေတ်”ဟုပင်။ ဟုတ်သည်။ အပြောင်းအလဲ အချို့ရှိနေ၍ ခေတ်ပြောင်း ခေတ်လွှဲဟု ဆိုနိုင်သော်ငြား ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးရိုက်ချိုး ခံထားခဲ့ရသော လူ့အဆောက်အအုံ၏ ကျင့်ဝတ်သွေဖည်မှု အနာများက မပျောက်ကင်းသေး။ အရှိုးရာတွေက အထင်းသား၊ အရှင်းသား။ ယင်းကို မြင်နိုင်ဖို့မှာ တစ်ခုပဲသတိပြုမိရန် လိုအပ်ပါသည်။“တစ်လှမ်းမဆုတ်မီက အနေအထားများ”ကို ကြည့်တတ်ရန်သာ။ တစ်လှမ်းဆုတ် သမားတို့၏ နံရံများ အထက်က ညွှန်းခဲ့သော မိတ်ဆွေကဗျာ ဆရာကလည်း ညည်းချင်းထုတ်ဖူးပါသည်။ ရန်ကုန်ကို ယုံကြည်ချက် တစ်ခုတည်းဖြင့် ရွက်လွှင့်လာသော ထိုကဗျာဆရာ၏ ဘဝတွက်တာ ရည်ရွယ်ရာ ချစ်သူမိန်းကလေးက ပြည်နယ်မြို့တော် တစ်ခုမှာ နေထိုင်ပါသည်။ ထိုမိန်းကလေးနှင့် အိမ်နီးချင်းလည်းဖြစ်၊ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုမှာ ထဲထဲဝင်ဝင် လှုပ်ရှားသူလည်းဖြစ်၊ ယင်းဒေသက လက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် ပလဲနံပသင့်အောင် ပေါင်းကပ်ထား သူလည်းဖြစ်သော အိမ်ထောင်ရှင် ခေတ်ပျက်သူဌေး တစ်ယောက်က ထိုမိန်းကလေးကို စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက် ပေးနေခြင်းဖြစ်သည်။ Message တို့၊ ဖုန်းတို့နဲ့ဆိုတာ မပြောနှင့်၊ ထိုမိန်းကလေး၏ ညီမဖြစ်သူရှေ့မှာပင်“နင့်ကို အချိန်မရွေး ကားပေါ်ခေါ်တင်သွားဖို့ ငါဝန်မလေးဘူး”ဟုပြောရဲ၊ ပြောဝံ့၊ ပြောနိုင်နေပါ သတဲ့လေ။ “ခင်ဗျားမိန်းကလေးကိုပဲ အဲဒီပုဂ္ဂိုလ်နဲ့ ကင်းကင်းအနေခိုင်းပေါ့ဗျာ”ဟု ကျွန်တော်ကပြောတော့ အဲဒီနယ်မြေဒေသရဲ့ ဥပဒေစိုးမိုးမှု အခြေအနေ၊ အမျိုးသမီးလေးရဲ့ မိသားစုနဲ့ ဆက်နွှယ်နေသည့် အခြေအနေ စသည်တို့က မိန်းမသူ တစ်ယောက်အတွက် ဘာကိုမှ အာမခံချက် မရှိပါကြောင်း၊ ငွေကြေးမပြည့်စုံသေးသည့် သူ့အနေနဲ့လည်း သူ့ချစ်သူကို ဘာအကာအကွယ်မှ မပေးနိုင်သေးတဲ့အကြောင်း စသည်တို့ကို နာကျင်ထိခိုက်စွာ ပြောဆိုရှာပါသည်။ ကျွန်တော်မြင်လိုက် သည်ကတော့“တစ်လှမ်းဆုတ်သမားတို့၏ နံရံများ”ကိုပဲဖြစ်သည်။ ဟိုအရင်ခေတ် စိမ်းစိမ်းမှာတုန်းကတော့ သူတို့၏ အကွယ်အကာ နံရံသည် အာဏာရ အဖွဲ့အစည်း တစ်ခုတည်းသာ။ အဖြူရောင် မဟုတ်သေးသည့် နယ်မြေများမှာဆိုလျှင်တော့ ဆိုင်ရာလက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ပါလိမ့်မည်။ ယခုတော့ နောက်ထပ် နံရံတစ်ခု တိုးလာပါပြီ။ နေရာတိုင်းကို မဆိုလိုသော်ငြား အချို့သော ဒေသဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်း အချို့မှာတော့ အထက်က ကျွန်တော်သိရှိ ခဲ့သည့်အတိုင်း “တစ်လှမ်းဆုတ် သမားတို့၏ ခံကတုတ်ရွှေနန်း”ဖြစ်နေသည်မှာ ဝမ်းနည်းစရာပင် ဖြစ်ပါသည်။ အသားမကျသေးတဲ့ စိတ်နေစိတ်ထားနှင့် မင်းကြီး တာ နိုင်ငံရေး အဖွဲ့အစည်းတိုင်းသည် ပြည်သူနှင့် ကင်းကွာ၍ မရစကောင်းတော့ ပြည်သူများထဲမှ“ခေါင်”ဖြစ်မည့် ပုဂ္ဂိုလ်တို့ကို ရွေးချယ်စည်းရုံး နေရာပေးရလေ့ ရှိပါသည်။ ထို့အပြင် အဖွဲ့အစည်း လုပ်ငန်းတိုင်းအတွက် အိတ်စိုက်ဆောင်ရွက် ပေးနိုင်သော ငွေကြေးအရင်းအမြစ် ရှိသူတို့ကိုလည်း စည်းရုံးလက်ခံရသည်မှာ ဓမ္မတာဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ကြီးငယ်တို့သည် ဒီမိုကရေစီထက် သူတို့၏ အညစ်အကြေးများကို လျှော်ဖွပ်ရေး၊ နည်းမျိုးစုံဖြင့် ရှာဖွေရရှိထားသော သူတို့ငွေကြေးစည်းစိမ်တို့ လုံခြုံရေး၊ နောက်ထပ်ရလတံ္တ့သော လူမှုဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ အခွင့်အရေးတို့ကိုသာ ယုံကြည်ကြသည်ကို သိရှိပင် သိရှိသော်ငြား ကျွန်တော်တို့နိုင်ငံ၏ ပစ္စက္ခအခြေအနေအရ မချစ်သော်လည်း အောင့်ကာနမ်း နေကြရသလားဟုသာ ကျွန်တော် ဖြေတွေး တွေးမိပါသည်။ လောကီလူသားတိုင်းအဖို့ ခြောက်ပြစ်ကင်း သဲလဲစင် မဖြစ်နိုင်ကြသော်လည်း လူထုလုပ်ငန်း တစ်ခုခုကို ဦးဆောင်နေကြသူ များမှာတော့ အမှားများများ၊ အပြစ်ထူထူ ကျူးလွန်ခွင့် မရှိသည်မှာ တရားနည်းလမ်း ကျပါလိမ့်မည်။ ပို၍သတိပြု သင့်သည်မှာ ကျွန်တော်တို့နိုင်ငံ၏ ဖြတ်သန်းလာရသော အနေအထား ဖြစ်ပါသည်။ လွတ်လပ်ရေး ရပြီးစမှသည် ယခုအချိန်အထိ“ခေတ်ကောင်း ခေတ်မွန်”ဆိုသည်ကို ၁ဝ စုနှစ် တစ်ခုကျော်မျှသာ တွေ့ကြုံခဲ့ဖူးပြီး ကျန်ကာလတွေမှာက ငတေများ၊ စားဖားများ၊ ဖိနှိပ်သူများနှင့် ယင်းတို့နှင့် တစ်နည်းတစ်ဖုံ ပတ်သက်သူများချည်း အများစုကောင်းစား သွားကြသည်ကို ပြည်သူလူထုက ငုတ်တုတ်ထိုင်ကြည့်နေခဲ့ ကြရပါသည်။ လူငယ်လူရွယ် တစ်ယောက်၏ သက်တမ်းတစ်ခုစာမက ယင်းအခြေအနေအတိုင်း ဖြတ်သန်းထိပါး ခံခဲ့ရသည်မှာ ကောင်းမွန်သော စံပြုဖွယ်ရာ အနေအထား မဟုတ်သည်ကတော့ သေချာပါသည်။ တောရိုင်းဥပဒေနှင့် ဆုတ်ကပ်၊ တက်ကပ် အင်အားကြီးသူက အနိုင်ယူစတမ်း အလေ့အလာသည် ကျွန်တော်တို့ လူသားများ မတ်မတ်မရပ်နိုင်မီ၊ တောတောင် ကျောက်ဂူများထဲမှ ထွက်ရကောင်းမှန်းမသိမီ၊ မယဉ်ကျေးမီ၊ (ရက်ရက်စက်စက် ပြောရလျှင်) တိရစ္ဆာန်ဘဝမှ မလွတ်မြောက်မီ ကာလများက အလေ့အလာ ဖြစ်ပါသည်။ ယခုလိုကလိ ယုဂ်ဆုတ်ကပ်ခေတ်မျိုးမှာ ကြီးစိုးအားသာလေ့ ရှိသည်ကလည်း ဆိုခဲ့ပြီးသော တိရစ္ဆာန်တို့၏ တောရိုင်းဥပဒေကို မွမ်းမံထားသည့် “မြို့ပြတောရိုင်းဥပဒေ”သာ ဖြစ်ပါသည်။ အသက်တမ်း၊ လူ့တန်ဖိုးစံနှုန်းနှင့် ဂုဏ်သိက္ခာ၊ လူ့ကျင့်ဝတ်...အရာရာ အဆုံးအစွန်ထိ ပျက်စီးချိန်မှာ ပြန်လည်ပြင်ဆင်နိုင်သူ လူတစ်စု ထွက်ပေါ်လာရမည်ဟု ဆိုပါသည်။ ယင်းလူတစ်စုသည် တစ်ဦးချင်း တစ်စုချင်းမှ စတင်ကာ လူစဉ်မီ လူပီသသော ကျင့်ဝတ်တရားများကို စောင့်ထိန်းလိုက်နာပြီး ပျက်စီးခြင်းကြီးစွာ ပျက်စီးနေသော တစ်ခေတ်လုံးကြီးကို အန်တုတောင့်ခံ လိမ့်မည်တဲ့။ ယင်းလူတစ်စု၏ တောင့်ခံဖောက်ထွက်မှုမှသည် တဖြည်းဖြည်း မှန်ကန်သည့် လူ့စံနှုန်းများ၊ လူ့ဂုဏ်သိက္ခာများ၊ လူ့ကျင့်ဝတ်တရားများ ပြန်လည်စည်ပင်လာပြီး ဆုတ်ကပ်ခေတ်ကို လွန်မြောက်နိုင်ကြခြင်း ဖြစ်ပါသည်တဲ့။ လူ့ကျင့်ဝတ်မှာ ညီညွတ်စွာ စောင့်ထိန်း ရပ်တည်ကြ ၁၉ ရာစု၏ ဂျာမန်ဒဿန ပညာရှင်ကြီး “အီမန်နျူရယ်ကန့် (Immanuel Kant) ညွှန်ပြခဲ့သော လမ်းနှစ်သွယ်ကို ကျွန်တော်တို့ သတိပြုကြမည် ထင်ပါသည်။ ပထမလမ်းက by human foresight = လူသား၏ အရှည်သဖြင့် မြော်မြင်တွေးခေါ် နိုင်စွမ်းကို အားပြုဖောက်ထွက်ခြင်း”ဖြစ်သည်။ သတိနှင့်ပညာ၊ စိတ်ပိုင်းဆိုင်ရာ ကိုယ်ခံအားကို အခြေတည်ရသော လမ်းဖြစ်လိမ့်မည်။ ဒုတိယလမ်းက “by series of catastrophes that leave no other choice = ဆုတ်ကပ်၏ ပျက်စီးဆုံးရှုံးမှုများကို အဆုံးအစွန်ထိ လက်ခံရင်ဆိုင်ရပြီးနောက် ရွေးချယ်စရာ မရှိတော့မှ (နောက်ထပ်မှားစရာ၊ ပျက်စီးစရာ မကျန်တော့မှ) သမ္မာတရားဆီ ပြန်လာနိုင်ခြင်း”ဖြစ်သည်။ ကျွန်တော်ကတော့ “ကန့်”၏ ဒုတိယလမ်းအတိုင်း ရေစုန်မျှောဖို့ လောက်အထိ ကျွန်တော်တို့နိုင်ငံ၏ လူအဖွဲ့အစည်းမှာ ဂုဏ်အင်္ဂါအရည်အချင်းတွေ မပျက်စီးသေးဟု ရဲဝံ့စွာ ယုံကြည်ပါသည်။ ထိုယုံကြည်ချက် အတိုင်းပင် လူ့ကျင့်ဝတ် (သမမျှတသော လူသားဆန်မှု) အခြေ၌ ရပ်တည်နိုင်ဖို့ရာ ကိုယ်တိုင်လည်း ကြိုးစားနေချင်သည်။ ကျွန်တော့်ဘေးမှ ညီငယ်များကိုလည်း ထိုယုံကြည်ချက် အတိုင်းပင် တိုက်တွန်းနေမိသည်။ ကျွန်တော်တို့၌ ကောင်းမြတ်သော ဘာသာတရား၏ အဆုံးအမများ ရှိသည်။ အစဉ်အလာအားဖြင့် လက်ဆင့်ကမ်း နိုင်ခဲ့ကြသော လူမှုကျင့်ဝတ် စံနှုန်းများရှိသည်။ မြန်မာ့လူ့အဖွဲ့အစည်း၌ ဟိရီနှင့်ဩတပ္ပသည် အနှစ်သာရအားဖြင့် အခြေတည်နေဆဲ ဖြစ်ပါသည်။ ကျွန်တော်တို့ တစ်ဦးချင်းစီက ထိုအင်္ဂါရပ်များအပေါ် ရဲဝံ့ခိုင်မာစွာ ရပ်တည်ကြပြီး“တစ်လှမ်းဆုတ် သမားများနှင့် ယင်းတို့၏ သွေဖည် စံနှုန်းများ”ကိုတောင့်ခံဖောက်ထွက် ကြရမည်ဟုလည်း သိမှတ်ယုံကြည်ပါသည်။ တစ်ဦးချင်း စီမှသည် အစုအဖွဲ့လိုက် ညီညွတ်စွာ တည့် မတ်နိုင်ကြလျှင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် မလိုလားအပ်သော သွေဖည်စံနှုန်းများကို ကျွန်တော်တို့ ဖယ်ရှားနိုင်ကြ ပါလိမ့်မည်။ တစ်လှမ်းဆုတ် သမားတို့၏ တောရိုင်း ဥပဒေမှ ကင်းဝေးသော၊ ဒီမိုကရေစီနှင့် အသားကျ ပြေပြစ်သော၊ သမ္မာသည့် စံမီတန်ဖိုးများ ကြီးစိုး၍ သာယာညီညွတ်ဝပြောသော မြန်မာ့လူ့အဖွဲ့အစည်းကို သွားရောက်နိုင်ဖို့ ၌ ကျွန်တော်တို့ တစ်ဦးချင်းစီကနေ ယခုချက်ချင်း စတင်လိုက်ကြဖွယ်ရာသာ ဝန်တာရှိပါ တော့သည်။
Posted on: Fri, 24 Jan 2014 06:24:07 +0000

Trending Topics



Recently Viewed Topics




© 2015