ကျွန်တော်နဲ့နာဂစ် - TopicsExpress



          

ကျွန်တော်နဲ့နာဂစ် အပိုင်း(၇) ဆူနာမီကြောင့် ပေါ်လာတဲ့ ဒေသဆိုင်ရာ RIMES အဖွဲ့ မပြောချင်လို့ ကြည့်နေတာကြာပြီ။ ၉-၂-၂၀၁၄ နံနက် (၉း၅၆)နာရီ။ စောစောက စထားခဲ့တဲ့စကားကို ပြန်ဆက်ရရင် ၂၀၀၅ ခုနှစ်ဆန်းကတည်းက ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့ အိန္ဒိယသမုဒ္ဒယာဆူနာမီဖြစ်ရပ် ကြီးကြောင့် အခြား အိန္ဒိယသမုဒ္ဒယာနိုင်ငံများနည်းတူ တာဝန်ကျလာခဲ့တာ ကတော မြန်မာနိုင်ငံ မှာ ဆူနာမီကြိုတင် သတိပေးစံနစ်ထူထောင်ဖို့ တာဝန်ဘဲဖြစ် ပါတယ်။ ဒီတော့ ဒီစံနစ်ထူထောင်ဖို့အတွက် လုပ်ငန်းလိုအပ်ချက်တွေကဘာတွေလည်း။ လိုအပ်တာတွေကတော့ (၁) ပင်လယ်ရေလှိုင်းတိုင်းကွန်ယက် စံနစ် (Tide Gauge Network)၊ (၂) မြေငလျင်တိုင်းတာရေးကွန်ယက် (Seismological Observatory Network) (၃) ပြည်တွင်း/ပြည်ပ အ၀င်အထွက် (၂၄)နာရီ ဂြိုဟ်တု ဆက်သွယ်ရေးစံနစ် (24 Hour Satellite Communication Network (၄) ပြည်တွင်းရှိဒေသခံများသို့ အချိန်နဲကတပြေးညီ အချိန်မရွေးသတိပေးနိုင် သည့်သတိပေးစံနစ် (Public 24 Hour End-to End Tusnami Warning System) စတာတွေဘဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီစံနစ်တွေတစ်ခုမှ တပ်ဆင်ထားနှိုင်ခြင်း မရှိသေးပါဘူး။ ဘာဘဲပြောပြော ကျွန်တော့ အနေနဲ့တော့ တတ်နှိုင်သမျှ စလုပ်ရတော့တာပါဘဲ။ ပထမတော့ နည်းပညာပိုင်းတွေ လေ့လာရပါတယ်။ နောက် လိုအပ်တဲ့ကိရိယာတွေနဲ့ ပတ်သက်ပြီး ဘာတွေလိုတယ်၊ ဘယ်မှာဝယ်ရမယ်၊ ဘယ်လောက်ကုန်ကျ မယ်၊ ငွေကြေး အကူ ဘယ်က ရနှိုင်မယ် စတာတွေကို ကျွန်တော့ရှေ့က ညွှန်ကြားရေးမှူးချုပ်လုပ်သွားတဲ့ ဒေါက်တာ စံလှသော်လက်ထက်ကစပြီး စာရင်းတွေ လုပ်ရပါတယ်။ အဆိုပြုလွှာတွေ (proposals) တွေ ပြုစု ရပါတယ်။ အားလုံး အမေရိကန်ဒေါ်လာ (၁)သန်းနီးပါး လိုအပ်ပါတယ်လို့ တွက်ချက်ရ ပါတယ်။ ၂၀၀၅ ခုနှစ်စလောက်ကတည်းက Proposal တွေ ကို UNDP, UNESCAP, JICA စတာတွေ ကို တင်သွင်းခဲ့ပေမယ့် ဘာအထောက်အပံ့မှ မရခဲ့သေးပါဘူး။ အဲဒီိအချိန်အတွင်းမှာဘဲ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အခြေစိုက်တဲ့ UNESCO/IOC အဖွဲ့ကြီး ကနေပြီး အိန္ဒိယသမုဒ္ဒယာအတွင်း ဆူနာမီကြိုတင် သတိပေးစံနစ် ထူထောင်ရေးနဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံများအစည်းအဝေး ကျင်းပပါတယ်။ ၂၀၀၅ ခုနှစ် ဧပြီလထဲမှာပါ။ ကျွန်တော် ပထမဆုံး ဌာနအကြီးအကဲအနေနဲ့ တက်ခွင့်ရတဲ့ ပြည်ပ အစည်းအဝေးဖြစ်ပါတယ်။ တစ်ယောက်တည်းပါဘဲ။ အဲဒီအစည်းအေ၀းကြီးက အပြန်မှာ တစ်စုံတစ်ခု အကျိုးရှိတာ ထူးခြားတာ အကူအညီ တစ်ခုခုတော့ပါသွားရမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ အစည်းအဝေးက (၅)ရက်ကျင်းပ ပါတယ်။ တတိယမြောက်နေ့မှာ UNESCO/IOC က Director-General က သဘာပတိလုပ်တဲ့ Plenary အစည်းအဝေးနေ့မှာ ကျွန်တော်က စကားပြောခွင့် တောင်းပြီး ပွဲဦးထွက် တင်ပြလိုက်ပါတယ်။ ကျွန်တော်ပြောခဲ့တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဘင်္ဂလားပင်လယ်အော် ကြီး တစ်ခုလုံးရဲ့ အရှေ့ဖက် ကမ်းခြေတစ်ခုလုံးကို ပိုင်ဆိုင် ထားပါကြောင်း၊ စုစုပေါင်းအရှည် ကိလိုမီတာ (၂၄၀၀)ခန့် ရှိပါကြောင်း၊ ဒါပေမယ့် ဒီရေတိုင်း ကိရိယာ တစ်ခုမျှ တပ်ဆင်ထားပြီး မရှိသေးပါကြောင်း၊ ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ဆူနာမီဖြစ်တုံး ကလည်း 3.3 metres ခန့်အမြင့်ရှိတဲ့ လှိုင်းလုံးတွေ မြေငလျင်လှုပ်အပြီး (၃)နာရီကျော်ကျော်ခန့် အကြာမှာ စတင်ပြီး (၃)ကြိမ်ခန့်ရောက် ရှိလာ ခဲ့ကြောင်း၊ နိုင်ငံတော် အစိုးရစစ်တမ်းအရ လူ(၆၁)ဦး သေဆုံးခဲ့ ပါကြောင်း၊ ယခုအခါ အိန္ဒိယသမုဒ္ဒယာတွင်းတွင် ဆုနာမီကြိုတင်သတိပေးစံနစ် တပ်ဆင်ရန် စီစဉ်လျက်ရှိရာ မြန်မာနိုင်ငံဟာလည်း အပါအ၀င်ဖြစ်သော်လည်း မြန်မာနိုင်ငံ အနေဖြင်ပူပေါင်း ပါဝင်ရန် အဆင်သင့်မဖြစ်သေးပါသဖြင့် အကူအညီများ လိုအပ်နေပါသောကြောင့် ဦးစားပေးစဉ်းစား ပေးနှိုင်ရန် တင်ပြလို ပါကြောင်း ပြောကြားလိုက်ပါတယ်။ ပြောအပြီး ကျွန်တော်လေ။ လူက တုန်တုန်ရင်ရင် ဖြစ်နေခဲ့ပါတယ်။ စိတ်တွေလည်း အရမ်းလှုပ်ရှား နေခဲ့ပါတယ်။ အဲဒီပွဲမှာ မြန်မာနိုင်ငံကြက်ခြေနီက လာတက်တဲ့ ဦးမောင်မောင်ခင် လည်း ရှိနေတယ် ထင်ပါတယ်။ Plenary ရဲ့ အပိတ်မိန့်ခွန်းမှာ Chairman က ကျွန်တော့ တင်ပြချက်ကို Quote လုပ်ပြန်ပြော ပြသွားလို့ ကျွန်တော့်တင်ပြချက်ဟာ မှတ်တမ်းဝင်သွားလို့ ကျွန်တော် ၀မ်းသာသွား ရပါတယ်။ အဲဒီမှာ မမျှော်လင့်တဲ့ ကမ်းလှမ်းမှုတစ်ခုကို ရလိုက်ပါတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံ၊ AIT(Asian Institute of Technology) မှာ ဖွင့်လှစ်ထားတဲ့ ADPC (Asian Disaster Preparedness Centre) က မြန်မာနိုင်ငံကဲ့သို့ အကူအညီလိုနေတဲ့ နိုင်ငံတွေ (Needy countries) တွေအတွက် အကူအညီပေးနှိုင်တဲ့ ဒေသတွင်းအဖွဲ့အစည်းတစ်ခုကို ADPC ရဲ့ ဦးဆောင်မှုနဲ့ ထူထောင်ရန် အဆိုတင်သွင်းဖို့ ဖြစ်ပြီး အဲဒီမှာ မြန်မာနိုင်ငံ က ထောက်ခံပေးဖို့ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်ကလည်း ခပ်ပြတ်ပြတ်ဘဲ ပြန်မေး လိုက်ပါတယ်။ ထောက်ခံပေးရင် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲလို့။ သူတို့ကပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ဆူနာမီကြိုတင် သတိပေး စံနစ် ထူထောင်ရေးမှာ သူတို့ကူညီမယ်တဲ့။ ကြိုက်သွားပြီ။ ကျွန်တော်တို့ နိုင်ငံအတွက် ထွက်ပေါက်ရပြီ။ အစည်းအဝေးလာတက်တာကိုက ဒါမျိုး လာရှာတာလေ။ ကျွန်တော် ရင်တွေ အလွန်ခုန် သွားခဲ့ပါတယ်။ ဒီနေရာမှာ စဉ်းစားမိတယ်။ ငါတို့အရင်ခါတွေတုံးက အခုလို နိုင်ငံတကာ အစည်းအဝေးတွေ တက်ခဲ့ကြတာဘဲ။ ဘာလို့လမ်းစတွေ မရှာနှိုင်ခဲ့ကြတာလည်း။ ကြာကြာ မစဉ်းစားရပါဘူးဗျာ။ အဖြေက ထင်းကနဲပါဘဲ။ ကျွန်တော်တို့က ပါဝင်မှ မဆွေးနွေးခဲ့ကြတာဘဲ။ မဆွေးနွေးတာ ကလည်း အကြောင်း (၂)ချက်ရှိပါတယ်။ ပထမအကြောင်းကတော့ အမှားဖြစ်မှာကြောက်တာပါ ဘဲ။ ကြိုတင်ခွင့်ပြုချက် မယူခဲ့မိရင် မပြောကြတော့ပါဘူး။ နောက်တစ်ချက်က ရီတော့ရီရတယ်။ ဘာလည်း ဆိုတော့ language barrier ပါဘဲ။ အင်္ဂလိပ်စကားအပြော အားနည်းကြ တာကြောင့် ပါ။ ကျွန်တော်တို့ နိုင်ငံခြားသွားကြတဲ့သူတွေ အင်္ဂလိပ်စကား အပြောအားနည်းကြပုံများနဲ့ ပတ်သက်လို့ ပြောစမှတ် တစ်ခုရှိပါတယ်။ မြန်မာလည်း တစ်ယောက်မှမရှိ မြန်မာ စကားပြော တတ်တဲ့သူလည်း လုံးဝမရှိတဲ့နိုင်ငံတစ်ခုကို (၃)လ(၄)လလောက် သင်တန်းသွားတက်လာ တဲ့ မြန်မာပြည် က ပညာသင်သွားတဲ့ လူတစ်ယောက်ဟာ အပြန်ကြတော့ မြန်မာစကားပါ မပြောတတ်တော့ဘူးတဲ့။ အတောင်သွာတယ်ဆိုဘဲ။ စကားတစ်လုံးမှ မပြောဘဲ (၃)(၄)လနေ ခဲ့ရတာကို နောက်ပြောတာဖြစ်မှာပါဗျာ။ ဒါပေမယ့် ဒါမျိုးဆန်ဆန်တွေကတော့ တကယ်ရှိ ခဲ့တာဗျ။ နောက်တော့ အဲဒီကအပြန် ၂၀၀၅ ခုနှစ် ဇူလိုင်လမှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ ကျွန်တော် တို့ ဆွေးနွေးးခဲ့တဲ့အတိုင်း ADPC ရဲ့ ဦးဆောင်မှု နဲ့ အိန္ဒိယ၊ တရုတ် နဲ့ ဖိလစ်ပိုင်နိုင်ငံတွေ အပါအ၀င် အာရှ(၁၁)နိုင်ငံအဖွဲ့ဝင်တွေအဖြစ် သဘောတူ ပါဝင် လက်မှတ်ရေးထိုးခဲတဲ့ RIMES (Regional Integarted Multi-hazard Early warning System)ကို ထူထောင်နိုင်ခဲ့ကြပါတယ်။ အဲဒီ ဒေသဆိုင်ရာအဖွဲ့ဟာ ဒေသတွင်းမှာ သဘာဝဘေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပထမဦးဆုံး ပေါ်ထွက်လာတဲ့ ဒေသ ဆိုင်ရာ အဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်ကလည်း ၂၀၀၅ ခုနှစ်၊ ဇူလိုင်လမှာ ဖွဲ့စည်းခဲ့တဲ့ အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင် ကိုယ်စားလှယ် များရဲ့ ရွေးကောက်တင်မြှောက်မှုအရ ဖြစ်လာတဲ့ ပထမဆုံး Chairman ဖြစ်လာခဲ့ပါတယ်။ Leading Role တော့ ရပြီ။ ဒေါက်တာထွန်းလွင် ဆက်လက်ဖေါ်ပြပါမည်။
Posted on: Sun, 09 Feb 2014 06:39:05 +0000

Trending Topics



Recently Viewed Topics




© 2015