တောင်ကိုရီးယား - TopicsExpress



          

တောင်ကိုရီးယား အခြေစိုက် POSCO အုပ်စုမှ မြန်မာနိုင်ငံတွင် ရောင်စုံအမိုးပြား တန်ချိန်ငါးသောင်း ထွက်ရှိမည့်စက်ရုံ တည်ဆောက်မည် တောင်ကိုရီးယား အခြေစိုက် ထိပ်တန်းကော်ပိုရေးရှင်း တစ်ခုဖြစ်သော POSCO (Pohang Iron and Steel Company) အုပ်စုဝင် လုပ်ငန်းတစ်ခုဖြစ်သော POSCO C&C (POSCO Coated & Color Steel Co.,Ltd) မှ မြန်မာနိုင်ငံတွင် ရောင်စုံအမိုးပြား (Colored Steel Sheet) တစ်နှစ်လျှင် တန်ချိန်ငါးသောင်း ထွက်ရှိမည့် စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယား အခြေစိုက် Yonhap သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ မြန်မာနိုင်ငံမှ Myanmar POSCO C&C ရုံးကလည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာ ၁ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။ ယခုစက်ရုံ တည်ထောင်ပြီးပါက သွပ်ပြားစက်ရုံ နှစ်ရုံအထိ ရှိလာမည် ဖြစ်သည်။ POSCO C&C သည် ရောင်စုံအမိုးပြားစက်ရုံ တည်ဆောက်ရန်အတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (UMEHL) နှင့် အကျိုးတူ ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ ပျဉ်းမပင် စက်မှုဇုန်တွင် စက်ရုံတည်ထောင်မည် ဖြစ်သည်။ အဆိုပါ စက်ရုံ၏ အစုရှယ်ယာ ရာခိုင်နှုန်း ၇၀ ကို POSCO C&C မှ ပိုင်ဆိုင်ပြီး UMEHL မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည် ဖြစ်သည်။ ထို့အတူ အခြား POSCO အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်သော POSCO E&C လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းမှတ်ပုံ တင်ပြီးဖြစ်ကာ ဆောက်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ၁၉၆၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Pohang မြို့ အခြေစိုက် POSCO သည် သံနှင့်သံမဏိ ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အိမ်သုံး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး၊ ၀ိုင်ယာနှင့် သံပြား၊ သံချောင်းများကို အဓိက ထုတ်လုပ်သည်။ ၂၀၁၁ ခုနှစ် စာရင်းများအရ သံစိမ်းတန်ချိန် ၃၉ ဒသမ ၁ သန်း အသုံးပြုပြီး သံနှင့်သံမဏိ ထွက်ကုန်များ ထုတ်လုပ်ခဲ့ကာ ကမ္ဘာ့စတုတ္ထအကြီးဆုံး သံနှင့်သံမဏိ ထုတ်လုပ်သူဖြစ်သည်။ ၎င်းကုမ္ပဏီ၏ သံနှင့်သံမဏိ ထွက်ကုန်များကို တောင်ကိုရီးယားနိုင်ငံတွင် အဓိက ထုတ်လုပ်ပြီး Pohang နှင့် Gwangyang တွင် စက်ရုံတည်ထောင်ထားသည်။ ထို့ပြင် POSCO သည် အမေရိကန် U.S Steel နှင့် အကျိုးတူ ဖက်စပ်လုပ်ငန်းအဖြစ် USS- POSCO နှင့် ဂျပန် Nippon Steel နှင့် အကျိုးတူ ဖက်စပ်လုပ်ငန်းအဖြစ် POSCO -Nippon Steel တို့ကိုလည်း တည်ထောင်ထားသည်။ POSCO အုပ်စုဝင် POSCO C&C ကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ POSCO အုပ်စုအောက်တွင် DAEWOO International၊ POSCO E&C၊ POSCO Energy၊ POSCO ICT၊ POSCO Chem-tech၊ POSCO Terminal၊ POSCO P&S စသည့် ကုမ္ပဏီများ အပါအ၀င် လုပ်ငန်း ၃၅ ခုဖြင့် ဖွဲ့စည်းထားသည်။
Posted on: Mon, 30 Sep 2013 07:17:56 +0000

Recently Viewed Topics




© 2015