ဒေါ်အောင်ဆန်းစုကြည် - TopicsExpress



          

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကို စွန့် ခွာသင့်ပြီ အပိုင်း (၂) Monday, 05 August 2013 14:03 Written by ဦးအောင်ထူး(ရှေ့နေ) ဒေါ်အောင်ဆန်းစုကြည်သည် အသက် ခုနှစ်ဆယ်ပိုင်း အတွင်း ၀င်ရောက် အရွယ်ထောက်လာခဲ့ပြီ ဖြစ်သည်။ ဇရာ၏ သဘောအရ ကွေးသောလက် မဆန့် ခင်၊ ဆန့် သော လက်မကွေးခင် ဖြစ်သည်။ မိမိအသက် ထင်ရှားရှိ နေစဉ် အတွင်း နိုင်ငံရေး ရပ်တည်ချက်ကို ပြန်လည် သုံးသပ်သင့်ပါပြီ။ စစ်အာဏာရှင် စနစ်၏ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ သံကွန်ချာ အတွင်းသို့  ပြည်သူလူထုကို ခေါ်သွင်းသွားပြီး ရုန်းထွက်ရ လွန်စွာခက်ခဲသည့် အနေအထားမျိုးဖြင့် မထား ခဲ့သင့်ပါ။ ဒေါ်အောင်ဆန်းစုကြည်မှာ ဘယ်သူ ဘာပြောပြော ကိုယ်မှန်သည်ထင်ရာ လုပ်တတ်သည့် ခေါင်းဆောင် တဦး ဖြစ်သည်ကို သတိပြုမိသည်။ မှန်သည့် လမ်းကို လျှောက်မိသည့် အချိန်၌ ဤဥာဉ်မျိုးမှာ ကောင်းကျိုးပြု တတ်သော်လည်း မှားသည့်လမ်းကို လျှောက်မိသွားလျှင် ဆိုးကျိုးကိုသာ ပေးစွမ်းနိုင်ပါမည်။ လမ်းကြောင်းမှားကို လျှောက်လှမ်း နေသော ဒေါ်အောင်ဆန်းစုကြည် စစ်အာဏာရှင် စနစ်ကို အသက်သွင်းထား သည့် ၂၀၀၈ ဖွဲ့ စည်းပုံ လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေခြင်း မှာ မှားနေပြီဟု စာရေးသူ အနေဖြင့် အတိအကျ သုံးသပ်သည်။ အောက်ပါ အကြောင်း အချက်များကြောင့် ဖြစ်သည်။ (၁) ၂၀၀၈ ဖွဲ့ စည်းပုံကို လက်ခံပြီး ရွေးကောက်ပွဲဝင်၊ ၄င်းအရ တည်ဆောက်ထားသော တိုင်းပြည် အဆောက် အအုံများတွင် ပါဝင် ထမ်းဆောင်သည့် နည်းမျှဖြင့်၂၀၀၈ ဖွဲ့ စည်းပုံ၏ အခြေခံ ကျသော ကျောရိုးများကို ပြင်နိုင်မည် မဟုတ်။ (အခြေခံ ကျသော ကျာရိုးများဆိုသည်မှာ သာဓက အားဖြင့် ပြည်ထောင်စု ဖွဲ့ စည်းရာတွင် တိုင်းရင်းသားများ လိုလားသည့် အတိုင်း တိုင်းများ၊ တိုင်းဒေသကြီးများကို ဖြုတ်၍ ပြည်ထောင်စုအား အမျိုးသားပြည်နယ် များ ဖြင့်သာ ဖွဲ့ စည်းစေခြင်း၊ အတုအယောင် သမ္မတ စနစ်ကို ကျင့်သုံး ခြင်း မှနေ ၍ ၀န်ကြီးချုပ် ဦးဆောင်သည့် ပါလီမန် စနစ်သို့ ပြောင်းလဲကျင့်သုံး ခြင်း၊ အမျိုးသား ကာကွယ်ရေး ကောင်စီ တည်ရှိမှုနှင့် စစ်ဘက် ဆိုင်ရာ တရားရုံး သီးခြား တည်ရှိမှုတို့ ကိုဖြုတ်ခြင်း၊ပြည်ထောင်စု တရား လွှတ်တော် တရားသူကြီးချုပ်များ နှင့်ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး တရားသူကြီးများအား လွတ်လပ်သည့် တရားရေး ကော်မရှင်သို့ မဟုတ် တရား စီရင်ရေး ပိုင်းဆိုင်ရာ တာဝန် ထမ်းဆောင်မှု ကော်မရှင်က ခန့်  အပ်သည့် စနစ်ကို ကျင့်သုံးခြင်းဖြင့် တရားစီရင် ရေး လွတ်လပ်မှုကို တည်ဆောက်ခြင်း၊ န၀တ နှင့် နအဖ စစ်အစိုး၇များ က ကိုယ့်ကိုယ်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးထားသည့် ပုဒ်မ ၄၄၅ ကိုဖြုတ်ခြင်း၊ ဥပဒေပြု လွှတ်တော်များ၌ စစ်ဗိုလ် တမတ်သား ပါဝင်မှုကို ဖြုတ်ခြင်း) ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အတွင်း ရောက်သွားသည်မှာ တနှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း အခြေခံကျ သော ကျောရိုး တခုတလေကိုမျှ ပြင်နိုင်မည့် အ လားအလာ မတွေ့ရ။ အဆိုပါ အခြေခံ ကျသော ကျောရိုးများအား ပြင် သွားမည်ဟူ၍ပင် သူမထံမှ တိတိကျကျ စကားထွက်သံ မကြားရ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ သာမကနောင်လာမည့် မည်သည့် ရွေးကောက်ပွဲတွင် မျှ၎င်း အခြေခံ ကျောရိုးများကို ပြင်ဆင်ပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်နိုင်မည် မဟုတ်။ (၂) ဆန္ဒရှိလျှင် ၂၀၀၈ ဖွဲ့ စည်းပုံကိုတလအတွင်းပြင်နိုင်သည် ဟု ဒေါ်အောင်ဆန်းစုကြည် ကြွေးကြော်နေခြင်း မှာ သင်္ကြန် အမြှောက်သာဖြစ်သည်။သူမ အိမ်အချုပ်မှ လွတ်မြောက် ခါစတွင် ပင်လုံကဲ့သို့ အလားတူသော ညီလာခံ ကြီး တခုကျင်းပ သွား မည် ဟူ၍ တိုင်းသိပြည်သိ ကြေငြာခဲ့ ဘူးသည်။ စာရေးသူနှင့် သိကျွမ်းရင်းနှီးခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအင်န်ပီပီ) ၏ ဥက္ကဌကြီး ဖြစ်ခဲ့သော ဦးထဲဘူးဖဲ က ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင် ခေါ်ယူမည့် ပင်လုံကဲ့သို့ သော ညီလာခံကြီးကို တက်လို ကြောင်း လူသိရှင်ကြား ရေဒီယိုမှ ပြောကြားခဲ့သည်။ ယခု ဥက္ကဌ ကြီး မှာ ကွယ်လွန် သွားရှာပါပြီ။ ဒေါ်အောင်ဆန်း စုကြည်၏ ပင်လုံ ညီလာခံမှာ လေထဲတွင် ပျောက်ကွယ် နေသည်မှာ ကြာပါပြီ။ ဥက္ကဌကြီးသည် မည်သည့် အခါတွင်မျှ တက်ခွင့် ရလိမ့်မည်မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ရွေးကောက်ပွဲ ၀င်ခွင့် မရစေရန် ကန့်သတ် ထားချက်မှာ ဖွဲ့ စည်းပုံ၏ အခြေခံ ကျောရိုး မဟုတ် သည်မှာ ရာနုန်း ပြည့်သေချာသည်။ မည်သည့် အခြေခံ ကျောရိုးကိုမျှ ပြင်မပေးဘဲ ဥပဒေမျက်လှည့်ပြ သည့်အနေဖြင့် အဆိုပါ ကန့်သတ် ထားချက်အား ပြင်ဆင်ပေးခြင်းမျိုး လုပ်ကောင်း လုပ်လာနိုင်သည်။ ဤသည်မှာ လူထု တရပ်လုံးအတွက် ဆင်ထားသည့် စစ်အာဏာရှင် စနစ်၏ ထောင်ခြောက်ပင် ဖြစ်သည်။ ယင်းမှလွဲ၍ ၂၀၀၈ ဖွဲ့ စည်းပုံ၏ အခြေခံကျောရိုးများ အနက် တခု တလေမျှကိုပင် တလ အတွင်း ပြင်ဆင်ရန် မည်သို့မျှ မဖြစ်နိုင်။ ဒေါ်အောင်ဆန်းစုကြည် သည်တာဝန်မဲ့ စကားများကိုအ ဘယ်ကြောင့် ပြောဆိုနေသနည်း။ မိမိကိုယ် ကိုမိမိ စိတ်ကူးယဉ် အိပ်မက် အတွင်း အတင်း သွင်းနေသော အဖြစ်မှ နိုးထသင့်ပါပြီ။ (၃) ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အတွင်း ၀င်သွား ခဲ့သည်မှာ တနှစ်ကျော်ခဲ့ပြီဖြစ်သော်လည်း မည်သည့် မတရား သည့် ဥပဒေ တခုတလေကို မျှဖျက်သိမ်းနိုင်ခဲ့ခြင်း မရှိသေး။ ပြောင်းပြန်ပင် မတရားသည့် ဥပဒေ အသစ်များ ဆက် လက်ပြဌာန်းနေ သည်ကို ကန့်ကွက်ဖေါ်ပင် မရဘဲ ထိုင်ပြီး လက်ခုပ်တီးပေးနေသည့် အဆင့် ဖြစ်နေသည်။၂၀၁၃ ခုနှစ် ဇူလိုင်လ (၄)ရက်နေ့ တွင်ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် ပြည်သူ့ လွှတ်တော်က ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို အတည်ပြု ခဲ့သည်။ ယင်း၏ အခန်း (၃) ပုဒ်မ (၇) အရ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းကို တား မြစ်သည့် စည်းကမ်း (၅) ရပ် အနက် တရပ်မှာ အောက်ပါ ပြဌာန်းချက် ဖြစ်သည်။ (င) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ နှင့် အခြားတည်ဆဲ ဥပဒေများအ ရပြဌာန်းချက်များကို ဆန့် ကျင်ဖေါက်ဖျက်ရာ ရောက်သည့် အရေး အသားများ၊ စာများ ထုတ်ဝေခြင်း။ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုလျှင် ယင်းအပေါ်တွင် ဘက်စုံ ဒေါင့်စုံမှ သုံးသပ်ချက် ပေါင်းများစွာ ရေးသား ပြုစုပြီး အများပြည်သူ လေ့လာခွင့် ရစေရန် စာအုပ် စာတမ်းများ ထုတ်ဝေ ရ ပါမည်။ အထက်ပါ ပြဌာန်းချက်အရ ရှင်းနေသည်မှာ ဤဥပဒေသာ အတည်ဖြစ်သွားပါက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဆန့် ကျင်ဝေဖန် ရေးသား ထားသည့် စာအုပ်များ၊ စာစောင်များအား ထုတ်ဝေရဲမည့် သူရှိတော့မည် မဟုတ်ခြင်းပင်။ အရဲစွန့် ထုတ်ဝေမည့်သူ ရှိဦးတော့။ စိုးတထိတ်ထိတ် ရှိနေပါမည်။ ဒီမိုကရေစီ၏ အသက်သွေးကြောဖြစ်သည့် လွတ် လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်အား အကြီးအကျယ် ထိပါးလိုက်ခြင်းဖြစ်သည်။ ဤမျှဆိုးဝါးသည့် ဥပဒေကို ဒေါ်အောင် ဆန်းစု ကြည်သည် အဘယ်ကြောင့်ပြင်းပြင်း ထန်ထန် မကန့် ကွက်ဘဲ အတည်ပြု ပေးလိုက်ပါသနည်း။ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် ပြည်ထောင်စု လွှတ်တော်က၂၀၁၃ခုနှစ် ဇူလိုင်လ(၂၉) ရက်နေ့  တွင် ပြဌာန်း လိုက်သည့် တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေ သည်လည်း အိန္ဒိယနိုင်ငံတွင် ၁၉၇၁ ခုနှစ်က ပြဌာန်း ထား သည့် အလားတူ ဥပဒေမှ တိုက်ရိုက်ပုံတူကူး ချထားကြောင်းတွေ့ ရ သည်။ဒေါ်အောင်ဆန်းစုကြည် အဘယ် ကြောင့် မကန့် ကွက်ခဲ့သနည်း။ အားလုံး နီးပါးကို ကူးချ ထားသော်လည်း အိန္ဒိယ ဥပဒေတွင်မပါဘဲ မြန်မာနိုင်ငံ ဥပဒေ တွင် ထည့်သွင်းဖေါ်ပြထားသည့်အောက်ပါ တားမြစ် ကန့် သတ် ချက်မှာ သတင်း မီဒီယာများ၏ လွတ်လပ်ခွင့်ကို တိုက်ရိုက် ထိပါး လိုက်ခြင်းဖြစ်သည်။ တရားရုံးက ဆုံးဖြတ်ရန် ရှိသော အချက်များကို တစုံတရာ အဆုံးအဖြတ် မပေးရသေးမီ ကြိုတင်ဝေဖန် ပြောဆိုခြင်း၊ရေး သားဖေါ်ပြခြင်း၊ ပုံနှိပ် ထုတ်ဝေခြင်း၊ ဖြန့် ချီခြင်း။ အဆိုပါ ပြဌာန်းချက်အပေါ် ဥပဒေ အထောက်အကူပြု ကွန်ရက် Legal Aid Network (L.A.N) ၏ ကန့် ကွက် ဝေဘန်ချက်အား လွတ်လပ်သော အာရှအသံ ရေဒီယိုက ဇူလိုင်လ သုံးဆယ် ရက်နေ့ တွင် အသံလွှင့်ခဲ့သည်။ ဤလင့်ခ်တွင်ပြန်လည် နားဆင် နိုင်ပါသည်။ https://docs.google/file/d/0B75-mXONmTooTDZMVDJXbXBHMXc/edit?pli=1 အခြားအချက်များ အပြင် ယင်းကန့် ကွက်ချက်ကိုလည်း ရည်ညွှန်း၍ ဘီဘီစီ သတင်းဌာနက သြဂုတ်လ (၂ ) ရက်နေ့  တွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် ဥပဒေ စိုမိုးရေး ကော်မတီဝင် အမတ် တဦးလဲဖြစ်၊ ရှေ့နေကြီး တဦးလည်း ဖြစ်သူ ဦးသိန်းညွန့် အား မေးမြန်းခဲ့ရာ ၄င်းက ဤဥပဒေတွင် ဖေါ်ပြထားသည့်  ကင်းလွတ်ချက်များသည် လိုသလိုဆွဲ ၍ရသဖြင့် သတင်း မီဒီယာများ၏ လွတ်လပ်ခွင့်ကို ထိခိုက်နိုင်ကြောင်း ဖြင့်ဝန်ခံဖြေဆို သွားခဲ့ရသည်။ ဦးသိန်းညွန့်၏ အင်တာဗျူးကို ဤလင့်ခ်တွင် နားဆင်ပါ။ https://docs.google/file/d/0B75-mXONmTooZV9yNnZEemdwTEU/edit?usp=sharing ဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဌ တာဝန်ယူ ထားသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမီဒီယာများ၏ လွတ်လပ်ခွင့် အပါအ၀င် လူထု၏ အခြေခံ လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ အခွင့်အရေးများအား ပိတ်ဆို့သည့် ဖေါက်ပြန်သည့် ဥပဒေများ၊ မတရားသည့် ဥပဒေများအား အဘယ်ကြောင့် ဟောတခု၊ ဟောတခုထိုင်ပြီး အတည်ပြုပေးနေသနည်း။ လွှတ်တော် တွင် မိမိပါတီက လူများစုနေရာ မရသော်လည်း အမတ်တဦးချင်းအနေ အ ထား အရပင် ပြင်းပြင်းထန်ထန် ကန့်ကွက်ရန်၊ မတရား ဥပဒေ မှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန် တာဝန် ရှိသည်။ လွှတ်တော်ပြင်ပမှ လူထု အားကို ရယူ၍ မတရားပြဌာန်းချက် မှန်သမျှကို တိုက်ဖျက်ဘို့ ကြိုးစားသင့်သည်။ အဘယ်ကြောင့် ငြိမ်ထိုင်နေသနည်း။ လွှတ်တော် တက်ရောက်နေသည့် လူထုခေါင်းဆောင်၏ တာဝန်ခံမှု သည်အဘယ် နည်း။ ချုပ်ချယ် ကန့်သတ် ပိတ်ပင် ထားသည့် မတရား ဥပဒေများ အောက်တွင် ဒီမိုကရေစီ ရရှိမည်ဟူ၍များ စိတ်ကူး ယဉ် နေပါ သလား။ အခြားနိုင်ငံမှ ဥပဒေကို ပုံတူကူးချ၊ စစ်အာဏာရှင်ဟောင်းသစ်များ လိုခြင်သည့် ဖိနှိပ်သော ပြဌာန်းချက် များ ထည့်သွင်း ပေါင်းစပ်ခြင်းဖြင့် ဥပဒေပြုသည်ဟု ကြွေးကြော် လုပ်ဆောင်နေသော လွှတ်တော်တွင် မိမိကိုယ်တိုင် လည်း ဘာမျှ မလုပ်နိုင်ပါ ဘဲလျှက် ဆက်ထိုင်နေခြင်းသည် လူထုအတွက် အကျိုးရှိပါမည်လား။ ရွေင်္ဟသာသတင်းဌာန
Posted on: Mon, 05 Aug 2013 16:15:55 +0000

Trending Topics



Recently Viewed Topics




© 2015