မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း နေအိမ်များ ဝင်ဆောက် ရန်ကုန်၊ သြဂုတ် ၆ ရှားပါး ရှေးဟောင်း အမွေအနှစ်များ ဒေသတစ်ခု ဖြစ်သည့် ရခိုင်ပြည်နယ် ၏ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်ဇုန် တွင် ဒေသအချို့ နေအိမ် အလုံး ၂၀ ခန့် ဝင်ရောက် ဆောက်လုပ်နေကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ဒေသခံများက ပြောကြား သည်။ တပ်မတော် အစိုးရ လက်ထက်က အမိန့် ကြော်ငြာစာ ထုတ်ပြန်ကာ နေအိမ် များကို ဖယ်ရှားပြီး ရှေးဟောင်း ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားသည့် ရှစ်သောင်း ပုထိုးတော်ကြီးနှင့် ၄၅ ပေခန့် အကွာ ရတနာပုံ ဘုရားကြီး အနီးတွင် အထက်က ခွင့်ပြုချက်ဖြင့်ဟု ဆိုကာ ယင်းသို့ နေအိမ်များ လွန်ခဲ့သည့် သီတင်း နှစ်ပတ်ခန့်က စတင် ဆောက် လုပ်နေခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင် ဦးကျော်ထွန်းအောင်က ပြောကြားသည်။ “ဒေသခံတွေက စောင့်ကြည့်နေကြတယ်။ သူတို့က ခွင့်ပြုချက်ရလို့ ဆောက် တာလို့ ပြောတယ်။ ဘယ်က ခွင့်ပြုချက်လဲတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။ အဆိုပါ ဆောက်လုပ်မှုများကို ရပ်တန့်ရန် ဒေသခံများက မြောက်ဦးမြို့ ရှိ ရှေးဟောင်းသုတေသန ဌာနသို့ တင်ပြ တောင်းဆိုထားကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။ အဆောက်အအုံများ ဆောက်လုပ်နေသည့် နေရာသည် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတ်မှတ်ထား သော အထိမ်းအမှတ် အဆောက်အအုံများ ရှိနေရာ (Monument Zone) ၊ ရှေးဟောင်းနယ်မြေ (Ancient Site Zone) များတွင် ပါဝင်ကြောင်း၊ ယင်းဇုန် နှစ်ခုလုံးနှင့် ပေ ၉၀ အကွာတွင် မည်သည့် အဆောက်အအုံမှ ဆောက်လုပ်ခွင့် မရှိကြောင်း ဦးကျော်ထွန်းအောင်က ထပ်မံ ပြောကြားသည်။ အိမ် ဆောက်လုပ်နေမှုများကြောင့် ရှေးဟောင်းနယ်မြေများ ထိခိုက်မည် ကို ဒေသခံများက စိုးရိမ် ပူပန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့ ယဉ်ကျေးမှုဌာနသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။ နေပြည်တော်ရှိ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ပြည်ထောင်စု ဝန်ကြီးရုံးကို ဆက်သွယ်ရန် ညွှန်ကြားခဲ့ပြီး အဆိုပါ ဝန်ကြီးရုံးကို သြဂုတ်လ ၆ ရက်နေ့ ညနေ ငါးနာရီ ခန့်က ဆက်သွယ်ခဲ့ရာ ဖုန်း ပြန်လည် ဖြေဆိုပေးမည့်သူ မရှိခဲ့ပေ။ ယင်းသို့ တည်ဆောက်ခြင်းအပြင် ရှစ်သောင်းဘုရား မျက်နှာစာတွင် ရှိသည့် မြေတွင် ဘုရားဂေါပက အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဒေသခံ အချို့က လယ်ထွန်နေကြသည့် ယင်းကိစ္စကို ရပ်တန့်ပေးရန် မြောက်ဦးမြို့ ရပ်မိရပ်ဖများ၊ လူမှု အဖွဲ့အစည်းများနှင့် ဘုရား ဂေါပကလူကြီးများ သြဂုတ်လ ၅ ရက်နေ့က တွေ့ဆုံကာ ဆွေးနွေးခဲ့ကြရာ လယ်ထွန်မှု ရပ်တန့်ရန် သဘော တူညီမှု ရရှိခဲ့ကြောင်း ရခိုင် လူမှုကွန်ရက်က ဥက္ကဋ္ဌ ဦးလင်းထွန်းတိုးက ပြောကြားသည်။ ၂၀၁၂ခုနှစ် မေလ ၄ရက်နေ့တွင် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် ရန်ပုံငွေ အဖွဲ့ (Global Heritage Fund) က ထုတ်ပြန်ခဲ့သော အာရှတိုက် ပျောက် ကွယ်ရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် နေရာ ၁၀ နေရာ တွင် မြောက်ဦးမြို့ ပါဝင်နေသည်။ ကမ္ဘာ့လှည့် ခရီးသွားများ စိတ်ဝင်စားရာ နေရာတစ်ခု ဖြစ်သော် လည်း မြောက်ဦးမြို့ကို ဖြတ်ဖောက်ထားသည့် မီးရထား အဝေးပြေးလမ်း တည်ဆောက်ရာတွင် မြောက်ဦးမြို့၏ ရှေးဟောင်း ဗိသုကာ လက်ရာ များဖြစ်သည့် ရှေးဘုရား၊ စေတီ၊ ပုထိုးများ၊ ခံတပ်၊ ရဲတပ်၊ ကျုံး၊ မြို့ရိုး စသည့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များစွာ ဆုံးရှုံးသွားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ LC၊ ကောင်းဆက်နိုင်
Posted on: Wed, 07 Aug 2013 05:34:22 +0000
Recently Viewed Topics
© 2015