မြန်မာ့ - TopicsExpress



          

မြန်မာ့ အိမ်ခြံမြေဈေးကွက် ဈေးကစားရန် ကိုင်ထားသည့် ပုဂ္ဂလိကလက်ထဲတွင်သာ ရှိနေပြီး မြေဈေး အလွန်ကြီးမြင့်နေခြင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုများကို အတားအဆီးဖြစ်နေ Eleven Media Group 3 hours ago မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အချို့ကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာချိန်တွင် အိမ်ခြံမြေဈေးနှုန်းများ အဆမတန်ကြီးမြင့်မှုမှာ ကြီးမားသည့် အတားအဆီး တစ်ခုဖြစ်နေကြောင်းနှင့် ယင်းပြဿနာကို အစိုးရအနေနှင့် ကိုင်တွယ် ဖြေရှင်းရန်လည်း နိုင်ငံပိုင်မြေများ အစိုးရလက်ထဲတွင် မရှိတော့ကြောင်းနှင့် ဈေးကစားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ လက်ထဲတွင်သာရှိနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 'မြေနဲ့ပတ်သက်ရင် allocate လုပ်ပြီးသွားပြီလို့ ပြောလို့ရတယ်။ Development လုပ်ပြီဆိုတာနဲ့ ဒီ Development လုပ်တဲ့ စရိတ်ကို ကာမိအောင်ဆိုပြီး မြေကို တခါတည်း ရောင်းရပါတယ်။ အိုးအိမ်က ဖော်တယ်။ ပြီးတော့ တစ်ခါတည်း ရောင်းသွားတာ။ အဲဒီတုန်းက တချို့မြေကွက်တွေဆိုလို့ရှိရင် နှစ်သိန်း၊ သုံးသိန်းနဲ့ ရောင်းလိုက်တာတွေရှိတာပေါ့။ ဥပမာ ကုန်ခဲ့တဲ့ နှစ်နှစ်ဆယ် လောက်ကတည်းက လေးငါးသိန်းနဲ့ အကွက်ဖော်ပြီး ရောင်းခဲ့တာတွေရှိခဲ့တယ်။အားလုံးနီးပါး ရောင်းလိုက်တယ်။ ကိုယ့်လက်ထဲမှာ ကျန်ခဲ့တာဆိုရင် future deve-lopment အတွက် အနည်းအကျဉ်းပဲ ချန်ထားတယ်။ ဒါကြောင့် အစိုးရ လက်ထဲမှာရှိတဲ့ မြေကြီးရဲ့ အများစုက မရှိတော့ဘူး၊ တဖြည်းဖြည်းနဲ့ ရှားသွားတယ်။ ဒါပေမဲ့ private sector ထဲမှာကျတော့ ငွေပေါတဲ့သူတွေက land tax ကိုမပေးရတဲ့အခါ မြေကြီးကို ဆုပ်ကိုင်ထားကြတယ်။ အဲဒီလို ဆုပ်ကိုင်ထားတဲ့ အခါကျတော့ တကယ်လည်း မြေကို အသုံးမချဘူး။ အဲဒီအသုံးမချတဲ့ မြေတွေကိုပြန်ပြီး review လုပ်ပြီးတော့ ma-nagement လုပ်ပေးရမှာပေါ့။ ပြန်သိမ်းရမယ်လို့တော့ ပြောတာမဟုတ်ဘူး။ ရှိထားတဲ့မြေတွေကိုအကျိုးရှိရှိ သုံးလို့ရအောင် organize လုပ်ပေးရမှာပေါ့။ ဥပမာ တချို့ဆို ဈေးကစားရုံလောက် ၀င်ထိန်းထားတာ။ တချို့ဆို ဒီမှာတောင်မရှိဘူး၊ နိုင်ငံခြားရောက်နေတယ်။ ဟိုကနေလှမ်းပြီး ၀ယ်ထားတယ်။တကယ်တမ်းမသုံးဘူး။ အဲလို လူမျိုးတွေ လည်းအများကြီးရှိပါတယ်'ဟု အိုးအိမ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အလားတူ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား မြေပိုင်ခွင့်မရခြင်းနှင့် တစ်ဆင့်ခံငှားရမ်းခွင့် မရှိခြင်းမှာလည်း ရင်းနှီးမြှုပ်နှံသူတို့အတွက် အတားအဆီးဖြစ်နေကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပသော real estate ဆွေးနွေးပွဲတွင် နိုင်ငံခြားသားလုပ်ငန်းရှင်များက ဆွေးနွေးခဲ့ကြသည်။ ယင်းအကြောင်းအရာများနှင့် ပတ်သက်၍ ဒဂုံအင်တာ နေရှင်နယ်လီမိတက်၏ ဒါရိုက်တာ ကိုသူရအောင်က တစ်ဆင့်ခံ ပြန်လည်ငှားရမ်းခြင်းကို ခွင့်မပြုခြင်းမှာ အဆင့်ဆင့်လက်ပြောင်းပြီး ပြန်လည်ဈေးကစားမှာ စိုးသောကြောင့် ခွင့်မပြုပေးခြင်းဟု မြင်ကြောင်း သုံးသပ်ပြောကြားသည်။ သို့သော်လည်း ပြီးခဲ့သည့် ၂၀၀၇ ခု နှစ်လောက်မှစ၍ အိမ်ခြံမြေ ဈေးကွက်အတွင်း ကြီးမားသည့် ဈေးကစားမှုများရှိလာပြီး ယင်းအနေအထားသည် မြန်မာနိုင်ငံ ပွင့်လင်းလာတော့မည့် အလားအလာရှိသည့် ၂၀၁၀ ပြည့်နှစ်လောက်မှစ၍ အနေအထားသည် ပို၍ဆိုးရွားလာခဲ့သည်။ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ၀င်ငွေဖော်ပြစရာ မလိုသောကြောင့် ငွေမည်းများလည်း အိမ်ခြံမြေ ဈေးကွက်အတွင်းသို့ များစွာဝင်လာခဲ့ကြောင်း သိရသည်။ 'အမှန်တော့ မြန်မာနိုင်ငံမှာ ၁၉၇၄ ခု နှစ်လောက်ကစပြီး ၅၀ ရာခိုင်နှုန်း ကောက်ခဲ့တာရှိတယ်။ ဒီအနေအထားကနေ ၂၀၀၇ ခုနှစ်ရောက်မှ ၀င်ငွေရလမ်း မဖော်ပြနိုင်တဲ့သူတွေ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ရင် ၀ယ်ခွင့်ပေးလိုက်တယ်။ မနှစ်ကမှ ၃၇ ရာခိုင်နှုန်း ပြောင်းလိုက်တာကိုး။ ဒီကြားထဲမှာ ၀ယ်ထားတဲ့ သူတွေအများကြီးပဲ။ အခုတော့ ၃၇ ရာခိုင်နှုန်း အခွန်ဆောင်ခိုင်းလိုက် စောစောက ပြောသလို အိမ်ခြံမြေကိုင်ထားပြီး ဈေးကစားချင်တဲ့ သူတွေအတွက်တော့ နည်းနည်း အခက်အခဲ ဖြစ်သွားတာပေါ့။ ဒါကြောင့်လည်း နောက်ပိုင်းတော့ အေးလာပါတယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ လူတွေကလည်း ၂၀၁၅ နောက်ပိုင်း ပွင့်လင်းလာမယ့် အလားအလာကို မျှော်ထားတော့ အိမ်ခြံမြေ ကိုင်ထားတဲ့ သူတွေကလည်း လွှတ်မပေးဘူး။ ၀ယ်တဲ့လူတွေကလည်း ချင့်ချိန်ပြီးတော့ ၀ယ်လာတယ်'ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။
Posted on: Thu, 03 Oct 2013 07:51:09 +0000

Trending Topics



Recently Viewed Topics




© 2015