၂၅ ရာခိုင်နှုန်းနှင့် - TopicsExpress



          

၂၅ ရာခိုင်နှုန်းနှင့် မြန်မာ့နွေဦး ( မှူးဇော် ) ပုံရိပ်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ ဂျပ်ဆင်တွင် သမ္မတ အိုဘားမား ပြောကြားခဲ့သော မိန့်ခွန်းပါ မှိန်ပျပျ အလင်းရောင်ကလေးသည် ပို၍ပို၍ ထွန်းလင်း တောက်ပလာသည်ကို ပြီးခဲ့သည့် လအတွင်းက နိုင်ငံတော် သမ္မတကြီး၏ အိမ်ဖြူတော်သို့ ခြေတစ်လှမ်း၊ ရှင်ဇိုအာဘေး၏ မြန်မာခရီး စသည့် ပုံရိပ်များက ပြဆိုနေသည်။ မြန်မာ့နွေဦးဟု နိုင်ငံတကာ အကဲခတ်တို့က ပညတ်ပြုခဲ့ရသော မြန်မာ့ ဒီမိုကရေစီသည် နိုင်ငံတကာ အသိုင်းအဝိုင်း၌ နောက်ကြောင်း ပြန်မလှည့်တော့ ဟူ၍ ကောက်ချက်ချ ခဲ့ကြသည်ကိုလည်း နေပြည်တော် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် တွေ့ရှိခဲ့ရသည်။ ဒီမိုကရေစီ ပင်ပေါက် အမြစ်တွယ်ပြီလား ဟူသော မေးခွန်းအတွက် အဖြေမှာ အခြေခံ ပြည်သူများ ပြုပြင်ပြောင်းလဲမှု အကျိုးကို မည်မျှများများ နှင့် မည်မျှမြန်မြန် ရရှိ ခံစားနိုင်မည်နည်း ဟူသော အချက်ပေါ်တွင် မူတည်နေသည်။ နိုင်ငံနှင့် နိုင်ငံသားတို့၏ ပုံရိပ်သည် နိုင်ငံတကာအလယ်တွင် Gold Rush ဟု ခေါ်တွင်လောက်အောင် New Normal သို့ ရောက်ရှိလာနေကြောင်း တွေ့ရှိရသည်မှာ ဒီမိုကရေစီ ဖွံ့ဖြိုးရေး သက်သက်တော့ မဟုတ်နိုင်ပေ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် တောင်အာဖရိက၏ နမူနာသည်ပင်လျှင် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုလောက် ဘက်စုံ၊ အင်စတီကျူးရှင်းစုံ ပါဝင်ခြင်းမရှိဟု အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ လစ်ဘရယ် စံနှုန်းများ လမ်းပွင့်လာခြင်းသည် လုံးဝ ထင်မှတ်မထားခဲ့သော ပြောင်းလဲမှုဟုလည်း ဆိုသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုက တောင်အာဖရိကထက် ပိုမို၍ Comprehensive သဘော ဆောင်သည် ဟုလည်း မှတ်ချက်ပြုသည်။ ဤသည်မှာ မြန်မာ့နွေဦး မည်သည့်အတွက်ကြောင့် စိတ်ဝင်စားစရာ ဖြစ်နေသည်ဟူသော မေးခွန်း အတွက် အဖြေ ဖြစ်တန်ရာရှိသလို ဒေါ်အောင်ဆန်းစုကြည် ဟူသော ဒီမိုကရေစီ သင်္ကေတ၊ နိုင်ငံတော် သမ္မတကြီး ဟူသော ပြုပြင်ပြောင်းလဲရေး အမှတ်တံဆိပ် စသည်တို့၏ သက်ရောက်မှုများ လည်း ပါဝင်နိုင်ဖွယ်ရာ ရှိသည်။ ပုံရိပ်အသစ်၊ အခွင့်အလမ်း အသစ်များနှင့် မြန်မာနိုင်ငံသစ် New Myanmar အတွက် မြင်တွေ့ရသော စိန်ခေါ်မှုမှာ ရေရှည် တည်တံ့ခိုင်မာမှု Substainability ပင် ဖြစ်နေသည်။ ယင်းရေရှည် တည်တံ့မှု တွင်လည်း (၁) ပြည်သူများ၏ လူမှုစီးပွား တိုးတက်ရေး၊ (၂) မျှော်လင့်ချက်များကို စီမံ ခန့်ခွဲနိုင်မှု၊ (၃) ရှေ့သို့ တက်လှမ်းလိုက်သော ခြေလှမ်းများ ခိုင်မာရေး (တစ်နည်းအားဖြင့် နိုင်ငံရေးခေါင်းဆောင်များ ၏ စိတ်စေတနာ၊ သန္နိဋ္ဌာန်ဖြင့် တက်လှမ်းပြီးသော အဆင့်များကို ခိုင်မာသော အင်စတီကျူးရှင်းများ အဖြစ်သို့ ပြောင်းလဲရေး) ဟူသော အချက်များ အရေးကြီးသည်။ ဤသည်ပင် လက်ရှိ မျက်မှောက် ကြုံတွေ့နေရသော စိန်ခေါ်မှုများပင် ဖြစ်သည်။ သာဓက ဆောင်ရလျှင် လက်ရှိ နေ့စဉ် သတင်းစာများ၊ မီဒီယာများ၏ လွတ်လပ်ခွင့် ချက်ချင်း လက်ငင်း လမ်းပွင့်လာခြင်းသည် အုပ်ချုပ်သူတို့၏ စေတနာက ပြဋ္ဌာန်းပေးလိုက်သော ပွင့်လင်းမှုသာဖြစ်ပြီး ယင်းပွင့်လင်းမှု အစဉ်အဆက် တည်တံ့ နေစေရေး အတွက် ဥပဒေ၊ နည်းဥပဒေ အစရှိသော ခိုင်မာသည့် အင်စတီကျူးရှင်းများဖြင့် တည်ဆောက်ရမည် ဖြစ်သည်။ ဥပဒေနှင့် အညီ ရရှိ ခံစားနေသော စာနယ်ဇင်း လွတ်လပ်ခွင့်၊ ဥပဒေက အကာအကွယ် ပေးထားသော လွတ်လပ်စွာ ရေးသား ဖော်ပြခွင့်ဟူသည်သာ ရေရှည် သဘောဆောင်သော ပြုပြင် ပြောင်းလဲမှု မည်ပေလိမ့်မည်။ ဒုတိယပင်လုံ သို့မဟုတ် နေပြည်တော် သဘောတူညီချက် မကြာသေးခင်က SSA/RCSS ခေါင်းဆောင် ဦးရွက်ဆစ်နှင့် နေပြည်တော်၌ တွေ့ဆုံရာတွင် မကြာတော့သည့် ကာလတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် တွေ့ဆုံ၍ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို နေပြည်တော် သို့မဟုတ် သင့်လျော်ရာ နေရာ ဌာနတွင် ဆောင်ရွက်သွားမည်ဟူ၍ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ထုတ်ဖော် ပြောကြားခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးနောက် တစ်နိုင်ငံလုံး သေနတ်သံ ချုပ်ငြိမ်းတော့မည့် အိပ်မက်သည် သက်ဆိုင်ရာ ခေါင်းဆောင်များ၏ နိုင်ငံနှင့် ပြည်သူ အကျိုးအပေါ် မျက်မှောက်ပြုနိုင်မှု၊ အချင်းချင်းအကြား အပြန်အလှန် ယုံကြည်မှုတို့ အပေါ်တွင် မူတည်နေပြီ ဖြစ်ရာ မဝေးတော့ဟု မှတ်ယူနိုင်သည်။ "ဒီမိုကရေစီ ပင်ပေါက် အမြစ်တွယ်ပြီလား ဟူသော မေးခွန်းအတွက် အဖြေမှာ အခြေခံ ပြည်သူများ ပြုပြင်ပြောင်းလဲမှု အကျိုးကို မည်မျှများများ နှင့် မည်မျှမြန်မြန် ရရှိ ခံစားနိုင်မည်နည်း ဟူသော အချက်ပေါ်တွင် မူတည်..." အမျိုးသားပြန်လည် ပေါင်းစည်း ညီညွတ်ရေးတွင် အနိုင်-အရှုံး ခံစားမှုများ၊ အနိုင် အရှုံး သတ်မှတ်ချက် များ ပပျောက်သွားပြီး နိုင်ငံဖွံ့ဖြိုးရေး ဆုံမှတ်တွင် စုဆုံကြလျှင် မအောင်မြင်စရာ မရှိဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ တန်းတူရည်တူ သာတူညီမျှ အခွင့်အရေးများ ဝေမျှနိုင်မည်ဆိုလျှင် နိုင်ငံရေး ကွဲလွဲမှု များ ပပျောက်စေမည်ဖြစ်သည်။ နိုင်ငံတော် သမ္မတကြီးကလည်း ဒီနိုင်ငံကို မိမိတို့ ပိုင်သလို ဦးရွက်ဆစ်တို့လည်း ပိုင်ကြောင်း အတိအလင်း ပြောကြားထားပြီး သယံဇာတ ခွဲဝေမှုအထိ ဖော်ဆောင် နေပြီဖြစ်ရာ မူအားဖြင့် အငြင်းပွားဖွယ်ရာ မရှိတော့ဘဲ လက်တွေ့ မည်သို့ အကောင်အထည် ဖော်မည်ကို ဆက်လက် ညှိနှိုင်းရန်သာ ကျန်တော့သည်။ ခေါင်းဆောင်များ၏ Social Contract ဒီမိုကရေစီ၏ တရားကိုယ်ထည်မှာ လုပ်ပိုင်ခွင့် အာဏာများကို တစ်နေရာတည်းတွင် စုစည်းထားခြင်း မရှိတော့ဘဲ အပြန်အလှန် ထိန်းကျောင်းမှုဖြင့် ပွင့်လင်းမြင်သာ သန့်ရှင်း စင်ကြယ်သော လုပ်ထုံး လုပ်နည်းများ ဖြစ်ပေါ်လာရေးပင် ဖြစ်သည်။ တရားမျှတမှုကို ထူထောင် တည်ဆောက်နိုင်ရန်အတွက် တရားမျှတသော ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွက်လာရန် အရေးကြီးသည်။ တစ်ဖန် ယင်းဥပဒေ၊ နည်းဥပဒေများကို ဆင်းရဲ ချမ်းသာ၊ ယုတ် လတ် မြတ် မရွေး တန်းတူရည်တူ ခံစားနိုင်ခြင်းသည်ပင် လျှင် တရားဥပဒေ စိုးမိုးခြင်း ဖြစ်သည်။ အာဏာကြီး သုံးရပ် စလုံးကို တစ်နေရာတည်းတွင် စုစည်း ရယူခဲ့သည့် ခေတ်စနစ်မှသည် အာဏာကြီး သုံးရပ်ကို တစ်နေရာစီ ဖြန့်ခွဲလိုက်ပြီဖြစ်သော မြန်မာ့နိုင်ငံရေးတွင် ယင်းမဏ္ဍိုင်ကြီး သုံးရပ်သာလျှင် အဓိက မဟုတ်တော့ဘဲ မီဒီယာ၊ Civil Society၊ Think Tank နှင့် ပြည်သူလူထု ဟူသော ထိန်းကျောင်းရေး အစိတ်အပိုင်းများ အားကောင်းမောင်းသန် ကြီးထွားလာရန် အရေးကြီးနေပြီ ဖြစ်သည်။ ပြည်သူများ၏ နိုင်ငံရေး ရေချိန်ကို အမြန်ဆုံး မြှင့်တင်ပေးနိုင်ရန်အတွက် ပြည်တွင်း ပြည်ပမှ ဝိုင်းဝန်း လုပ်ဆောင်နေကြသော်လည်း နိုင်ငံရေး အမြတ်ထုတ်မှုကို နိုင်ငံရေး အမြတ်ထုတ်မှုဟု မှန်ကန်စွာ သိမြင်နိုင်သော၊ နိုင်ငံပြုခေါင်းဆောင် Statesman နှင့် နိုင်ငံရေးသမား Politician၊ အစစ်အမှန် နိုင်ငံရေးနှင့် အသုံးချ နိုင်ငံရေးကို တိတိပပ ခွဲခြားနိုင်သော ပြည်သူ့ နိုင်ငံရေး ရေချိန်ကို အပြင်းအထန် လိုအပ်နေပြီ ဖြစ်သည်။မဏ္ဌိုင်ကြီး သုံးရပ်၏ အပြန်အလှန် ထိန်းကျောင်းမှုကို ပြန်လည် ထိန်းကျောင်း မည့် မီဒီယာနှင့် Civil Society တို့ မည်မျှ အားကောင်းနေပါပြီလဲ ဟူသော မေးခွန်းသည် မြန်မာ့ ဒီမိုကရေစီ မည်မျှ ပီပြင်နေပြီလဲ ဟူသော အဖြေကို ထုတ်ပေးနိုင်မည် ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ရှေ့သို့ ဆက်တိုက် လှမ်းတက် နေနိုင်ခြင်းသည် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည် အစရှိသည့် နိုင်ငံရေးခေါင်းဆောင်များ၏ နားလည်မှုနှင့် ယုံကြည်မှုကို အခြေခံသော Social Contract ကြောင့်သာ ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ စင်းလုံးချော မဟုတ်သေး၊ အငြင်းပွားဖွယ်ရာများ ရှိနေသေး သည်၊ ပိုမို ကောင်းမွန်အောင် ပြင်ဆင်သွားရမည် စသည့် ဘုံယုံကြည်ချက်များကြောင့် နိုင်ငံရေး အပြောင်းအလဲများ ရှေ့တန်း ရောက်နေခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အပြုသဘော ဆောင်သော ထောက်ခံ အားပေးမှုများသည်လည်း ရှေ့တန်းရောက် နေသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပုံရိပ်များကြောင့်သာ ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များ၏ Social Contract ကို Institutionalization ပြုလုပ်ရေးသည် ယခု နောက်ဆုံး ဒီဘိတ် လုပ်နေ ကြသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပင် ဖြစ်နေကြောင်း တွေ့ရှိရသည်။ တပ်မတော်၏ အခန်းကဏ္ဍနှင့် Agree to Disagree ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အာရုံပြုထားကြရာ၌ ၂၅ ရာခိုင်နှုန်းသော ထိုင်ခုံ နေရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတကြီးက သမိုင်းကြောင်းနှင့် ယှဉ်ကာ ရှင်းလင်း ပြောကြားမှု အပေါ်တွင် လည်း ဝိဝါဒ အမျိုးမျိုး ကွဲပြား နေကြပေလိမ့်မည်။ ဤသည်ပင် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော Agree to Disagree ပင် ဖြစ်သည်။ နိုင်ငံရေးတွင် တပ်မတော် ပါဝင်နေခြင်းကို ပြန်လည် ဆန်းစစ် ကြည့်လျှင် နိုင်ငံရေးသမားများကြောင့်သာ ဖြစ်ကြောင်း တွေ့ရှိနိုင်သလို အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေး ပန်းတိုင်သို့ ရောက် မရောက် ဟူသော အချက်နှင့် တိုက်ရိုက် ဆက်စပ် နေကြောင်း တွေ့ရှိနိုင်သည်။ နိုင်ငံရေးသမားတို့ကြောင့် စစ်ဘောင် ဤမျှ ကျယ်ပြန့်နေခြင်းကို သိမြင်နိုင်လျှင် လွှတ်တော်အတွင်းမှ မည်သည့် အချိန်တွင် တပ်မတော် ထွက်ခွာသင့်သည်ဟူသော အဖြေကို အနီးစပ်ဆုံး ညှိနှိုင်းနိုင်မည်သာ ဖြစ်သည်။ တပ်မတော်သားများ လွှတ်တော်တွင်းမှ အပြီး တိုင် ထွက်ခွာရေးသည် လက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင် ချုပ်ငြိမ်းရေး၊ တစ်နည်းအားဖြင့် ရေရှည် တည်တံ့သော ထာဝရ ငြိမ်းချမ်းရေး ရ မရ ဟူသော အချက်ဖြင့် တိုက်ဆိုင် စစ်ဆေးနိုင်ပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် နိုင်ငံရေးနည်းဖြင့် စေ့စပ် ညှိနှိုင်း၍ မရခဲ့သောကြောင့် လက်နက်ကိုင် ခဲ့ရသော တိုင်းရင်းသားများကို လက်နက်ကိုင်စရာ မလိုတော့သည့် အနေအထားအထိ ရောက်ရှိ အောင် နိုင်ငံရေးသမားများက ညီညွတ်စေပြီလား ဟူသော မေးခွန်းသည် ၂၅ရာခိုင်နှုန်းအတွက် အနီးစပ်ဆုံး အဖြေပင် ဖြစ်ပါလိမ့်မည်။ တစ်ဖန် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၌ အခြေခံအဆင့်ဖြစ်သော ထိတွေ့ ဆက်ဆံမှု၊ ရင်းနှီးမှု၊ နားလည်မှုတို့ မည်မျှအထိ တည်ဆောက်နိုင်ပြီလဲ၊ ယင်းမှတစ်ဆင့် အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှု၊ ပရော်ဖက်ရှင်နယ် တပ်မတော် တည်ဆောက်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင် မှု စသည်တို့သည်လည်း ကျွဲကူးရေပါ တစ်ဆက် တစ်စပ်တည်း ရှိနေကြောင်း တွေ့ရှိနိုင်သည်။ ဤ ယူဆချက်သည်လည်း ဝိဝါဒ အမျိုးမျိုး ကွဲပြားနိုင်ဖွယ်ရာ ရှိသော်လည်း တောင်အာဖရိက အသွင် ကူးပြောင်းရေးတွင် မင်ဒဲလားနှင့် ဒီကလပ် တို့အကြား ထားရှိခဲ့သော Transformation Agreement မျိုးကို ထည့်သွင်း စဉ်းစားကြရန် လိုအပ်မည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် အမျိုးသား ညီညွတ်ရေးဟု ဆိုလိုက်လျှင် တိုင်းရင်းသား လူမျိုးများကိုသာ ထည့်သွင်း စဉ်းစားလေ့ ရှိသောကြောင့် တပ်မတော် သည်လည်း ယင်းလုပ်ငန်းစဉ်တွင် ထည့်သွင်းရမည့် Stakeholder တစ်ရပ် ဖြစ်နေကြောင်း သတိချပ်ရန် ဖြစ်သည်။ စစ်မှန်သော အမျိုးသား ညီညွတ်ရေး မရရှိလျှင် မည်သည့် ပြုပြင်ပြောင်းလဲမှုမျှ အောင်မြင်မည်မဟုတ် ဟူ၍ သမ္မတ အိုဘားမား ပေးသွားသည့် Message ကို မြန်မာ့နိုင်ငံရေး Stakeholder အားလုံး မမေ့မလျော့ နှလုံးသွင်းကြ ရန် ဖြစ်သည်။ ဤသည်မှာလည်း လက်ရှိ မြန်မာ့ နိုင်ငံရေးကို ပုံဖော်နေသော နိုင်ငံရေးခေါင်းဆောင်များက လက်တွေ့ကျကျ ဖော်ဆောင်ကြမည်ဟု အပြည့်အဝ ယုံကြည်မိသည်။ နိဂုံး မြန်မာ့နွေဦးဟု ကမ္ဘာက ခေါ်တွင်ကြသော မြန်မာ့ ဒီမိုကရေစီသည် ယခုမှနုသစ်စ၊ အသွင် ကူးပြောင်းစသာ ဖြစ်နေပြီး နွေဦး၏ အလှတရားများကို ပြည်သူများ မခံစားနိုင်၊ မထိတွေ့နိုင်သေးပါ။ ဒီမိုကရေစီခိုင်မာပြီး ရေရှည် တည်တံ့သည့်အဆင့် မဆိုထားနှင့်၊ ဖြေလျှော့သည့် အဆင့်ပင် မပြီးပြတ် သေးသော မြန်မာ့နွေဦးသည် ယခု လွှတ်တော် သက်တမ်းသာမက အနည်းဆုံး နောက်ထပ် လွှတ်တော် သက်တမ်း တစ်ခုအထိ အချိန်ယူရဦးမည့် သဘောရှိနေသည်။ လက်ရှိ နိုင်ငံရေး ခေါင်းဆောင်များသည် နောင်လာမည့် မျိုးဆက်သစ်များအတွက် ခိုင်မာသော အုတ်မြစ်များ ချမှတ်ပေး ခဲ့သည့် နိုင်ငံပြု ခေါင်းဆောင်များ ဖြစ်လာကြမည် ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးတွင် ပြုပြင် ပြောင်းလဲမှုများ၏ အကျိုးတရားများ ပြည်သူအားလုံး ယုတ် လတ် မြတ် မရွေး ခံစား ရရှိနိုင်ရေး သည်သာ ဘုံ ရည်မှန်းချက် ဖြစ်သင့်သလို ယင်းသို့ အကျိုးတရားများ မည်သို့ လက်တွေ့ အမြန်ဆုံး ဆောင်ကြဉ်းမည်နည်း ဟူသော အချက်သည်သာ Common Ground ဖြစ်သင့်ကြောင်း တင်ပြ လိုက်ရပေသည်။ Credit: The Voice Weekly thevoicemyanmar/index.php/perspective/item/3784-25y.html
Posted on: Fri, 21 Jun 2013 03:07:58 +0000

Trending Topics



Recently Viewed Topics




© 2015