7Day News Journal 44 minutes - TopicsExpress



          

7Day News Journal 44 minutes ago “တစ်ဦးနှင့်တစ်ဦး သံသယကင်းအောင် ယုံကြည်မှုခိုင်မာအောင်တည်ဆောက်ဖို့ လက်တွေ့မှာအလွန်ခက်ခဲပါတယ်” -------------------- သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်နှင့် တွေ့ဆုံမေးမြန်းခြင်း ------------- တွေ့ဆုံမေးမြန်းသူ- မင်းဟိန်းကျော် ၂၀၁၃ ခုနှစ်၏ ထူးခြားမှုများတွင် ဘာသာရေးအဓိကရုဏ်းဖြစ်ပွားမှု များခဲ့ခြင်းလည်းပါဝင်သည်။ မိတ္ထီလာ၊ ဥက္ကံ၊ ပဲခူးအနောက်ခြမ်း၊ လားရှိုး၊ ထန်းကုန်း စသည့်ဒေသများတွင် ဘာသာရေး၊ လူမျိုးရေးအသွင် အဓိကရုဏ်းများဖြစ်ပွားခဲ့ပြီး အစိုးရနှင့် အရပ်အဖွဲ့အစည်းများက အလားတူအဓိကရုဏ်းမျိုး မဖြစ်ပွားရန် ကြိုးပမ်းနေရဆဲဖြစ်သည်။ ထိုကဲ့သို့ပဋိပက္ခများ ဖြစ်ပွားမှုကြောင့် ကျန်အချိန်များထက် သာသနာရေးဝန်ကြီးဌာနကို လူထု၏အာရုံစူးစိုက်မှု ယခင်ကထက်ပိုများလာသည်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ သာသနာရေးပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးထားသော ဦးဆန်းဆင့်ကို ပဋိပက္ခများနှင့်ပတ်သက်၍ မေးမြန်းထားသည်များကို စာဖတ်သူများအတွက် ကောက်နုတ်ဖော်ပြလိုက်ရပါသည်။ မေးခွန်းများမေးမြန်းရာတွင် စာပို့မေးမြန်းခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးကလည်း စာဖြင့်ပြန်လည်ရေးသား ဖြေကြားပေးခဲ့ခြင်းဖြစ်ပါသည်။ မေး- သာသနာရေးဝန်ကြီးအဖြစ် တာဝန်ယူပြီး မကြာခင်မှာပဲ မိတ္ထီလာ၊ ဥက္ကံ၊ ပဲခူးအနောက်ခြမ်း၊ လားရှိုး၊ ထန်းကုန်းတို့မှာ ဘာသာရေးအဓိကရုဏ်းတွေ ဆက်တိုက်ဖြစ်ပေါ်လာခြင်းအပေါ် ဘယ်လိုသုံးသပ်ပါသလဲ။ ဖြေ- မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုးကဲ့သို့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေ ဆက်တိုက်ဖြစ်ပေါ်လာတာဟာ သာမန်လူမှုပဋိပက္ခ၊ မကျေနပ်ချက်တွေကို အခြေခံပြီး ဘာသာရေးကို Political Platform အဖြစ် အသုံးချလိုသူတွေ၊ ဘာသာရေးနဲ့ လူမျိုးရေးအသွင်ဖြစ်အောင် ဖန်တီးပြီး ပဋိပက္ခဖြစ်အောင် လုပ်လိုသူတွေက လုပ်ဆောင်တာဖြစ်တယ်လို့ ယူဆပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေရဲ့အရှိန် တည်ငြိမ်အောင် ဆောင်ရွက်နေဆဲကာလမှာ သာမန်ပဋိပက္ခကိစ္စတွေကို မကြာခဏဖန်တီးလာတာကြောင့်၊ အရင်အရှိန်မသေသေးခင် ထပ်မံဆွပေးလိုက်သလိုဖြစ်ပြီး ဘာသာရေးအဓိကရုဏ်းတွေ ဆက်တိုက်ဖြစ်ပေါ်နေရတာ ဖြစ်ပါတယ်။ ပူပြင်းနေတဲ့အချိန်၊ မီးလောင်လွယ်တဲ့အချိန်မှာ လောင်စာပေါ်ကို မီးပွားလေးချပေးလိုက်တာနဲ့၊ ပွတ်တိုက်မှုတွေ ဖြစ်စေလိုက်တာနဲ့ မီးလောင်စေတာ ဖြစ်ပါတယ်။ ဖြစ်ပျက်တဲ့ကိစ္စတွေဟာ အသေးအဖွဲပဋိပက္ခတွေကစတင်ပြီး တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုနည်းပါးမှု၊ လူမျိုးရေးကွဲပြားမှုတို့ကြောင့် ခုလိုဆက်တိုက်ဖြစ်ပွားရတယ်လို့ သုံးသပ်မိပါတယ်။ မေး- သာသနာရေးဝန်ကြီးဌာနက အရင်လူထုစိတ်ဝင်စားမှုနည်းပါးတဲ့ ဌာနဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်း ဘာသာရေးနဲ့ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် လူထုအာရုံစိုက်တဲ့ ၀န်ကြီးဌာနတစ်ခုဖြစ်လာပါတယ်။ အခုလိုအထိခိုက်မခံဘဲ အလွန်အရေးကြီးတဲ့အခြေအနေမှာ လူကြီးမင်းအနေနဲ့ တာဝန်တွေကိုထမ်းဆောင်တဲ့အခါ အဓိကကြုံတွေ့ရတဲ့စိန်ခေါ်မှုက ဘာတွေပါလဲ။ ဖြေ- သာသနာရေးဝန်ကြီးဌာနဟာ နိုင်ငံတော်အတွင်း ကိုးကွယ်ယုံကြည်မှုဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနဲ့ တခြားနတ်ကိုးကွယ်တဲ့ ဘာသာအားလုံးတို့ရဲ့ အရေးအရာတွေကို ဆောင်ရွက်ပေးရတဲ့ ဌာနဖြစ်ပါတယ်။ မိမိတို့ယုံကြည်ရာ ဆည်းကပ်ကိုးကွယ်ရာ၊ ဘာသာတရား အဆုံးအမအတိုင်း လိုက်နာကျင့်သုံးခြင်းက လူပုဂ္ဂိုလ်တိုင်းရဲ့ ပုဂ္ဂလိကလွတ်လပ်ခွင့်ဆိုတာ မှန်သော်လည်း ဘာသာတရားယုံကြည်ကိုးကွယ်မှုကိစ္စက ထိလွယ်၊ ရှလွယ်တဲ့ အရေးအရာဖြစ်ပြီး မတူကွဲပြားတဲ့ ဘာသာသာရေး ယုံကြည်သူတွေဖြစ်လို့ စိတ်ဓာတ်၊ အယူအဆပြင်းထန်သူတွေက အကြမ်းဖက်မှုတွေ၊ အရေးအခင်းတွေဖြစ်လာအောင် ဖန်တီးလှုံ့ဆော်ခဲ့တဲ့အခါ လူစိတ်ဝင်စားမှုဖြစ်လာပါတယ်။ အဓိကကြုံတွေ့ရတဲ့စိန်ခေါ်မှု ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ဒေါသရှေ့ထားပြီး အသင့်ပြင်နေချိန်၊ အပြန်အလှန် ယုံကြည်မှုအားနည်းနေချိန်မှာ နှစ်ဖက်မျက်နှာချင်းဆိုင်ခိုင်းဖို့ အတင်းအကျပ်လုပ်ဖို့ မသင့်လျော်ဘူးလို့ ယူဆမိပါတယ်။ မတူကွဲပြားတဲ့ ယုံကြည်မှုတွေက ထိခိုက်ရှလွယ်တဲ့ကိစ္စတွေဖြစ်လို့ တစ်ဦးနဲ့တစ်ဦး သံသယကင်းအောင်၊ ယုံကြည်မှုခိုင်မာအောင် တည်ဆောက်ရမှာဖြစ်သော်လည်း တကယ်လက်တွေ့လုပ်ဆောင်ရာမှာ လွန်စွာခက်ခဲတာတွေ့ရပါတယ်။ ပဋိပက္ခတွေဖြစ်ပေါ်လာရတာဟာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်သူ (သို့မဟုတ်) အပြောင်းအလဲကို မလိုလားတဲ့ လူတစ်ဦး၊ လူတစ်စုရဲ့ ဖန်တီးမှုကြောင့် ဖြစ်ပွားတယ်လို့ ပြောဆိုသုံးသပ်မှုတွေ ရှိနေပါတယ်။ မေး- ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။ ဖြေ- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးနေချိန်ဖြစ်လို့ နောက်ကြောင်းပြန်လိုသူ၊ အပြောင်းအလဲမလိုလားသူ၊ နိုင်ငံရေး၊ လူမျိုးရေး အစွန်းရောက်သူတွေအပြင် လူမျိုးရေးနဲ့ လူမျိုးစုကိစ္စတွေကို ရှေ့တန်းတင် တရားဝင်ဖြစ်လိုသူတွေက နိုင်ငံတွင်းကိစ္စကို ဒေသကြီးအသွင်၊ အိမ်နီးချင်းနိုင်ငံချင်းကိစ္စအသွင်ဖြစ်အောင် ဖန်တီးလိုမှုတွေကြောင့် ဖြစ်တယ်လို့ ဆက်စပ်ယူဆနိုင်ပါတယ်။ သာဓကအနေနဲ့ တိုင်းမ်မဂ္ဂဇင်းလို မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေးယုံကြည်မှုနဲ့ ဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုမသိရှိဘဲ ဗုဒ္ဓဘာသာကို ကမ္ဘာက အထင်အမြင်လွဲစေတဲ့ ချဲ့ကားဖော်ပြမှုဖြစ်သလို ပဋိပက္ခဖြစ်အောင် ဖန်တီးလှုံ့ဆော်မှုနဲ့ မသက်ဆိုင်လို့ ပြောဆိုဖို့ခက်ခဲပါတယ်။ မေး- ၀န်ကြီးဌာနမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရချိန်ကစပြီး ဖြေလျှော့မှု၊ ပြောင်းလဲမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဆက်လက်ပြီး ဘယ်လိုအချက်တွေကို ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ်ရှိပါသလဲ။ ဖြေ- ၀န်ကြီးဌာနက ဖြေလျှော့ပေးထားတာတွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီများ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအပေါ် သာသနာရေးဝန်ကြီးဌာနသို့ အဆင့်ဆင့်ထောက်ခံချက် တောင်းရန်မလိုဟု ဖြေလျှော့ပေးတာ။ (၂) ဘာသာရေး အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ မူလပုံစံမပျက် ဆောက်လုပ်ခြင်း၊ အသစ်ဆောက်လုပ်ခြင်းတို့နဲ့ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက် အဆင့်ဆင့်ရယူရန်မလိုဘဲ (သဘောထားသာပေးခြင်း)။ (၃) ရှင်ပြု၊ ပဉ္စင်းခံ၊ တရား၊ ဓမ္မ ပွဲလမ်းသဘင်များစသည့် ဘာသာရေးပွဲမိန့်များကို သာသနာရေးဝန်ကြီးဌာနသို့ ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တို့၏ ခွင့်ပြုမိန့်ဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း ဖြေလျှော့တာ။ (၄) တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ ဆရာတော်ကြီးများရဲ့ သာသနာပြုလုပ်ငန်းများ အဆင်ပြေစေရေး မော်တော်ယာဉ်တင်သွင်းရန် မေတ္တာရပ်ခံလာပါက ကုန်ပို့လွှာတင်ပြရန်မလိုဘဲ သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ တင်သွင်းခွင့်ရရှိရေးထောက်ခံပေးတာ။ ဒါ့အပြင် ဘာသာကြီးလေးခုအနက် လူအများစုဆည်းကပ်ကိုးကွယ်သည့် ဗုဒ္ဓဘာသာအဆုံးအမတရားတော်များသည် လေ့လာစရာကျယ်ပြန့်ပါတယ်။ ဗုဒ္ဓဘာသာရဟန်းသံဃာ ငါးသိန်းကျော်ရှိသည့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဆောင်ရွက်ဖွယ်ရာများကလည်း များပြားပါသည်။ အခြားဘာသာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းရမှုများ၊ ဖြေရှင်းရမှုများလည်း ရှိပါတယ်။ ထပ်ပြီးပြင်ဆင်ပြောင်းလဲ ဖြေလျှော့ရန် လျာထားမှုတွေကတော့ (၁) ဘုရား၊ စေတီ(ဂေါပကအဖွဲ့) စည်းမျဉ်းဥပဒေများကို ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီအောင်၊ တရားဓမ္မ၊ ကျမ်းဂန်၊ အစဉ်အလာများနှင့်လည်း ကိုက်ညီအောင် အသစ်ပြင်ဆင်ရေးဆွဲဖို့။ (၂) ဘာသာအသီးသီး၏ ဘာသာရေးဆောင်ရွက်ချက်များကို သက်ဆိုင်ရာ စာပေကျမ်းဂန်နှင့်ကိုက်ညီအောင် ဆောင်ရွက်စေဖို့၊ ဘာသာရေး၊ ဗုဒ္ဓယဉ်ကျေးမှုအခမ်းအနားပွဲများ၌ အခါတော်ပေးများနှင့် ဝေဒ၊ နက္ခတ်၊ ရိုးရာအစွဲအလမ်းကြီးသူများ၊ ဘာသာရေးခေါင်းဆောင်အချို့တို့၏ အယူအဆအသီးသီးတို့၏ ဒေသအလိုက် အယူအဆကွဲပြားမှုကို ဓမ္မစာပေ၊ ကျမ်းဂန်နှင့်အညီ၊ ဆရာတော်ကြီးများ၏ သြ၀ါဒ၊ အစဉ်အလာများနှင့်အညီ ဆောင်ရွက်စေဖို့။ (၃) ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ်များ ရွေးချယ်မှုတွင် အချိန်မီမှန်မှန်ကန်ကန်ရွေးချယ်ရေး၊ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီသည့် ဘွဲ့တံဆိပ်များဖြစ်ရေးနဲ့ ထိုက်တန်သည့် ဘွဲ့တံဆိပ်များ ရွေးချယ်နိုင်ရေးတို့ကို စိစစ်ကြီးကြပ်ဆောင်ရွက်ဖို့။ (၄) အရင်က ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်ခြင်းကို သာသနာရေးဝန်ကြီးဌာန၏ ကြပ်မတ်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး ဘုရားဖူးအဖွဲ့ငါးဖွဲ့ကို သာသနာရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပါတယ်။ အခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂဟအသင်းမှ ဘုရားဖူးစေလွှတ်ရေးကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းစေပြီး ၎င်းကော်မတီ၏ကြပ်မတ်မှုဖြင့် ဘုရားဖူးစေလွှတ်ရေးကုမ္ပဏီများမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များပါဝင်သော ဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းကာ ၀န်ကြီးဌာနက ဆောင်ရွက်ခြင်းမပြုဘဲ ဗုဒ္ဓဂယာဘုရားဖူးစေလွှတ်မှုကို လွတ်လပ်စွာဆောင်ရွက်စေဖို့။ (၅) ဟာ့ဂ်ျဘုရားဖူးစေလွှတ်ရေးကိုလည်း ယခင်က သာသနာရေးဝန်ကြီးဌာန၏ ကြပ်မတ်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး မက္ကာမြို့ အခမဲ့တည်းခိုနေထိုင်ခွင့် ဗီဇာ ၃၅၀ ကို သာသနာရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကိုင်တွယ်ဆောင်ရွက်ခဲ့ပါတယ်။ အခုအခါ အစ္စလာမ်ဘာသာရေးအဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဟာ့ဂ်ျဘုရားဖူးစေလွှတ်ရေး ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ၎င်းကော်မတီရဲ့ ကြပ်မတ်မှုဖြင့် ဟာ့ဂ်ျဘုရားဖူးခရီးသွားကုမ္ပဏီများမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်များပါဝင်သော ဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းကာ ဟာ့ဂ်ျဘုရားဖူးစေလွှတ်မှုကို ဆောင်ရွက်စေပါတယ်။ ဒါ့အပြင် အရင်က သာသနာရေးဝန်ကြီးဌာနမှ ကိုင်တွယ်ဆောင်ရွက်တဲ့ မက္ကာမြို့ အခမဲ့တည်းခိုနေထိုင်ခွင့် ဗီဇာ ၃၅၀ ကိုလည်း ဘုရားဖူးစေလွှတ်ရေး ကြီးကြပ်မှုကော်မတီနဲ့ လုပ်ငန်းကော်မတီသို့ လွှဲအပ်ပေးခဲ့ပြီး ဟာ့ဂ်ျဘုရားဖူးစေလွှတ်မှုကို လွတ်လပ်စွာဆောင်ရွက်စေခြင်း။ (၆) အရင်က ထင်မြင်ယူဆနေကြသော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်သည် သာသနာရေးဝန်ကြီးဌာန၏ သဘောဆန္ဒအတိုင်းသာ ဦးစားပေးဆောင်ရွက်မှုများ ရှိနေသည်ဆိုသည်မှာ မဟုတ်ဘဲ သာသနာရေးဝန်ကြီးဌာနအနေဖြင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ရှိ ဆရာတော်ကြီးများ၏သြ၀ါဒကိုခံယူပြီး သာသနာ့တာဝန်နှင့် နိုင်ငံ့တာဝန်နှစ်ရပ်ကို အလေးထားဆောင်ရွက်နေခြင်း။ (၇) သာသနာရေးဝန်ကြီးဌာနသည် ဘာသာသာသနာလုပ်ငန်း ဆောင်ရွက်မှုများကိုလည်း အစိုးရတစ်ခုတည်း၊ ၀န်ကြီးဌာနတစ်ခုတည်းအနေဖြင့် ဆောင်ရွက်နေခြင်းမဟုတ်ဘဲ အများဆန္ဒသဘောထားနဲ့အညီ ဆောင်ရွက်လျက်ရှိခြင်း။ (၈) သာသနာရေးဆိုင်ရာ၊ အဆောက်အအုံများ၊ စေတီပုထိုး၊ ကျောင်း၊ ဇရပ်ကိစ္စများ၊ တက္ကသိုလ်၊ ဓမ္မာရုံများနှင့် လုပ်ငန်းကြီး၊ သာမန်လုပ်ငန်းများ အားလုံးပွင့်လင်းမြင်သာသည့် တင်ဒါစနစ်ဖြင့် အားလုံးယှဉ်ပြိုင်ခွင့်ပေးသည့်စနစ်ဖြင့် စနစ်တကျဆောင်ရွက်စေခြင်းတို့ပဲဖြစ်ပါတယ်။ မေး- အရင်က ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာက အခု ပြည်ထောင်စုအစိုးရအဖွဲ့မှာ ၀န်ကြီးတစ်ဦးအနေနဲ့ တာဝန်ထမ်းဆောင်နေရတာ ဘယ်လိုကွာခြားမှုတွေ ရှိပါသလဲ။ ဘယ်တာဝန်ကို ပိုသဘောကျပါသလဲ။ ဖြေ- နိုင်ငံ့ဝန်ထမ်းဘ၀ ကျင်လည်ခဲ့တာ နှစ်ပေါင်း ၄၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။ မိမိဝါသနာနဲ့ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ မိမိနဲ့အပ်စပ်သည်ဖြစ်စေ၊ မအပ်စပ်သည်ဖြစ်စေ အမိန့်၊ ညွှန်ကြားချက်အတိုင်း လိုက်နာပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်က ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းပေးနိုင်ခဲ့သလို ပြည်သူ့ဘ၀လုံခြုံမှုရှိဖို့ Rule of Law ဥပဒေစိုးမိုးရေးကို အဓိကမဏ္ဍိုင်ပြုပြီး ပြည်သူ့အသံနားထောင်ပြီး ပြည်သူ့အကျိုးသယ်ပိုးကာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြည်သူ့အကျိုးငှာ ဥပဒေသစ်တွေ ပြဋ္ဌာန်းပေးနိုင်သလို ဥပဒေအသစ်တွေ အသက်ဝင်အောင်၊ ဥပဒေစိုးမိုးအောင် ကြိုးစားခဲ့ပါတယ်။ တာဝန်ရှိသူအကြီးအကဲများနဲ့ ပြည်သူအားလုံး ဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ အများကောင်းအောင်လုပ်တာပဲဆိုပြီး ဥပဒေနဲ့မညီလည်းဘဲလုပ်ရမှာပဲဟုဆိုပြီး ဆောင်ရွက်လို့ မရပါဘူး။ ဥပဒေနဲ့အညီသာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အရင် အစိုးရလက်ထက်မှာရော အခုအစိုးရလက်ထက်မှာပါ ဥပဒေကို အလေးထားလိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အများအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးနဲ့ တည်ငြိမ်အောင်၊ ကောင်းအောင် လုပ်ဆောင်ရာမှာလည်း ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရမှာ ဖြစ်ပါတယ်။ ငါကောင်းအောင်လုပ်တာပဲလို့ ဆင်ခြေပေးပြီး ဥပဒေကိုကျောခိုင်းခြင်း၊ ပစ်ပယ်ခြင်းဟာ ပြည်သူအားလုံးဘက်က ဦးဆောင်ဦးရွက်ပြုတဲ့ အကြီးအကဲကောင်းရဲ့လုပ်ဆောင်ချက်မျိုးမဟုတ်ပါ။ အကြီးအကဲသည် ဥပဒေမူဝါဒကို ထာဝစဉ်ဆုပ်ကိုင်ထားရမှာ ဖြစ်ပါတယ်။ လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု၊ အချိန်ကာလတစ်ရပ်အတွက်သာ ကြည့်ရမှာမဟုတ်ပါ။ ရေရှည်အကျိုးသာ ကြည့်ရပါမယ်။ မျက်နှာလိုက်၊ ဘက်လိုက်၍ မရပါ။ ထိုနည်းတူ ဥပဒေရဲ့အဆိုအမိန့်တစ်ရပ်ဖြစ်တဲ့ Justic is Blind, He knows nobody “တရားမျှတမှု (ဥပဒေသည် မျက်စိမမြင်၊ ၎င်းသည်မည်သူ့ကိုမျှမသိ”ဆိုတာ ကျင့်သုံးသွားဖို့ လိုပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်၊ အကြီးအကဲအနေနဲ့ “မူဝါဒ”ကို ထိန်းကျောင်းရမယ့်တာဝန် ရှိပါတယ်။ မိမိအနေနဲ့ တာဝန်ပေးခန့်အပ်သော (Appointed Person) ခန့်အပ်ခံရသူထက် ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ခွင့်ရတဲ့ ပြည်သူ့ခေါင်းဆောင် (ရွေးချယ်ခံခေါင်းဆောင်) (Elected Leader)ကို သဘောကျနှစ်သက်ပါတယ်။ မေး- ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် အောက်ခြေရှိဝန်ထမ်းတွေ လိုက်ပါပြောင်းလဲခြင်းမရှိတဲ့အပေါ် ဘယ်လိုမှတ်ချက်ပြုလိုပါသလဲ။ ဖြေ- ပြည်ထောင်စုအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အောက်ခြေ၀န်ထမ်းတွေအားလုံး(အားလုံး) လိုက်ပါပြောင်းလဲခြင်းမရှိ(မရှိ)လို့ မယူဆပါဘူး။ မပြောင်းလဲသူအများစု အောက်ခြေမှာရှိနေပါသေးတယ်။ အချို့လည်း အဆင့်တိုင်းမှာ မပြောင်းလဲလိုသူအချို့ ကျန်ရှိနေပါသေးတယ်။ မပြောင်းလဲသူအချို့ဟာ ယခင်ကရရှိခဲ့တဲ့ လုပ်ပိုင်ခွင့်၊ အာဏာ၊အခွင့်အရေးတွေကို အလွန်အကျွံသုံးခဲ့သူတွေက မပြောင်းလဲနိုင်သေးတာ၊ ယခင်က ဥပဒေထက် အမိန့်နဲ့ ညွှန်ကြားချက်တွေက အုပ်ချုပ်ရေးပိုင်းမှာ စိုးမိုးထားတဲ့အတွက် အုပ်ချုပ်ရေးအာဏာ လက်ကိုင်ထားလိုသူတွေ၊ လုပ်ပိုင်ခွင့်အာဏာနဲ့ အခွင့်အရေးကို ယစ်မူးနေသူတို့ မပြောင်းလဲနိုင်တာ တွေ့ရပါတယ်။ အရင်ကရရှိခဲ့တဲ့ ကြီးမားတဲ့စည်းစိမ်ချမ်းသာကို အတင်းဖက်တွယ် ကာကွယ်ထားလိုသူ များပြားနေသေးတာ၊ မီဒီယာတွေက မီးထိုးပြသော်လည်း မမြင်ယောင်ဆောင်၊ မသိချင်ယောင်ဆောင်သူတွေ ရှိနေပါသေးတယ်။ မပြောင်းလဲသူများဟာ ပြည်သူ့အပေါ်ကို ဟန့်တားအနိုင်ကျင့်လိုသူတွေ ဖြစ်ပါတယ်။ ပြည်သူ့ဘ၀တိုးတက်မှုနဲ့ အခြေခံလူထုကို ဟန့်တားသူတွေဖြစ်တဲ့အတွက် ထိထိရောက်ရောက် အရေးယူသွားဖို့လိုပါတယ်။ အများပြည်သူအကျိုးအတွက် အမှန်တရားကို ရှေ့တန်းတင်သူ၊ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူတွေကို ရှေ့တန်းတင်ပြီး မပြောင်းလဲသေးတဲ့သူတွေကို ပြင်ဆင်ပြောင်းလဲသွားအောင် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေက မီးမောင်းထိုးပြ ပြင်ဆင်ပေးသင့်ပါတယ်။ လူ့ဘောင်အဖွဲ့အစည်းတစ်ခုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုမှာ သဟဇာတအချိုးညီစွာ စနစ်တကျပြောင်းလဲဖြစ်ပေါ်ခြင်းမျိုးသည်သာ သမိုင်းကြောင်းချောမွေ့ပြီး အနှစ်သာရပြည့်စုံမယ်လို့ ယုံကြည်ပါတယ်။ ဓာတ်ပုံ- မင်းဟိန်းကျော်
Posted on: Wed, 18 Sep 2013 07:11:41 +0000

Trending Topics



Recently Viewed Topics




© 2015