စိတ်ဓာတ်ကျလို့ - TopicsExpress



          

စိတ်ဓာတ်ကျလို့ မဖြစ်ဘူး အင်္ဂလိပ်စာကို လေ့လာတုန်းက စိတ်ဝင်စားမိတဲ့ စကားနှစ်ခွန်းက ဒီလိုပါ။ Do not lose heart. စိတ်ဓာတ်မကျပါနဲ့။ Be strong hearted. စိတ်အားတင်းထားပါ။ ဟုတ်ကဲ့၊ ဘ၀မှာ စိတ်ဓာတ်ကျစရာတွေနဲ့ တွေ့နိုင်ကြုံနိုင်ပါတယ်၊ လောကဓံတရားပေကိုး၊ အဲ့ဒီအခါမှာ အဲဒီစကားနှစ်ခွန်းကို ပြန်ပြီးအမှတ်ရအောင် ကြိုးစားခဲ့ပါတယ်။ မှတ်မိသေးရဲ့၊ ကျောင်းစပြီးနေကတည်းက စာမေးပွဲတစ်ခါမှ မကျခဲ့ဖူးဘူး။ စာမေးပွဲမကျတဲ့အပြင် အတန်းထဲမှာ စာတော်တဲ့သူတွေအထဲ ကိုယ်ပါအပါအ၀င်ဖြစ်ခဲ့တယ်။ အဲဒီလိုအခြေအနေကနေ တက္ကသိုလ်နောက်ဆုံးနှစ်မှာ စာမေးပွဲကျတော့ နေမထိ ထိုင်မသာ ဖြစ်ခဲ့တယ်။ စာမေးပွဲအောင်သွားတဲ့သူတွေက အလုပ်လျှောက်ဖို့အတွက် ယာယီဘွဲ့လက်မှတ်တွေ လာထုတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားငယ်မိခဲ့တယ်။ သူတို့ထက် အဆင့်နိမ့်သွားပြီလို့တောင် ကိုယ့်ကိုယ်ကိုယ် ထင်မိရဲ့။ နောက်တော့မှ ကိုယ့်လိုစာမေးပွဲကျတဲ့သူတွေကိုတွေ့တော့ သူတို့လည်း ငါလိုပါလား၊ ငါတစ်ယောက်ထဲ စာမေးပွဲကျတာ မဟုတ်ဘူး၊ ဒီနှစ်စာမေးပွဲအောင်အောင် စာတွေကျက်ပြီး စာမေးပွဲပြန်ဖြေခဲ့ရပါတယ်။ တောင်တွေကို တက်တဲ့လမ်းရှိသလို တောင်တွေကို ဆင်းတဲ့လမ်းလည်း ရှိပါတယ်။ အဲဒီလိုပါပဲ၊ ဘ၀ဆိုတာ အတက်အဆင်းရှိတဲ့ လမ်းတစ်ခုပါ၊ ကြမ်းတမ်းမှုတွေလည်း ရှိနိုင်ပါတယ်။ အဲဒီတော့ မကြာခဏအားတင်းပြီး ခရီးဆက်ရမှာပါပဲ။ အရာအားလုံး ပြောင်းလဲနေပါတယ်၊ ဘယ်အရာမှ ရပ်တန့်နေတာ မရှိပါဘူး၊ အဲဒါကြောင့် ၀မ်းနည်းပူဆွေးမှုဆိုတာလည်း ရပ်တန့်နေတဲ့အရာမဟုတ်ပါဘူး၊ ပြောင်းလဲမှုနဲ့အတူ လွင့်ပါးသွားနိုင်ပါတယ်။ လူတိုင်းလူတိုင်း ဘယ်သူမဆို ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ ဘယ်သူပဲဖြစ်စေဖြစ်စေ အဲဒီဒုက္ခတွေကို စိတ်ညစ်ခြင်း၊ စိတ်အားငယ်ခြင်းတို့နဲ့ ဖြေဖျောက်ပစ်လို့မရပါဘူး၊ ဒုက္ခဆိုတာ ရှိလာခဲ့ရင် စိတ်ညစ်တယ်ဆိုတာမျိုးကလည်း ဖြစ်လာတတ်ပါတယ်၊ စိတ်ညစ်တဲ့အခါမှာ ကိုယ်ရင်ဆိုင်နေရတဲ့ ဒုက္ခကို ကြီးမားလွန်းတယ်လို့ ခံစားမိတတ်တယ်။ အဓိကက စိတ်ပါပဲ၊ ကိုယ့်ရဲ့စိတ်ကို ထိန်းချုပ်နိုင်ရပါမယ်၊ ငြိမ်းချမ်းအောင် စွမ်းဆောင်နိုင်ရပါမယ်၊ အဲဒီလိုစိတ်ကို ထိန်းချုပ်ပြီး ငြိမ်းချမ်းမှုရမှပဲ ဘာလုပ်ရမယ်၊ ဘာကိုင်ရမယ်ဆိုတဲ့ အကြံဥာဏ်တွေ ထွက်ပေါ်လာတတ်တယ်။ စိတ်ညစ်နေရင်၊ စိတ်အားလျော့နေရင်၊ စိတ်အားငယ်နေရင် အကြံဥာဏ်ကောင်းထွက်ပေါ်ဖို့ ခဲယဉ်းပါတယ်။ စိတ်ညစ်တယ်ဆိုတာ အမှောင်နဲ့အလားသဏ္ဍာန် တူပါတယ်။ စိတ်ညစ်တဲ့အချိန်မှာ ၀ီရိယတွေ၊ စိတ်ဓာတ်ခွန်အားတွေ၊ ဥာဏ်မျက်စိတွေ အမှောင်ကွယ်သွားတတ်ပါတယ်။ လူ့လောကမှာ ပျာယာခတ်လွန်းတာ၊ လှုပ်ရှားလွန်းတာ၊ ထိတ်လန့်တကြားပြုတာတွေဟာ မိမိမှာ ကြုံတွေ့နေရတဲ့ ဘေးအန္တရာယ်တွေကို မပေါ့ပါး၊ မသေးငယ်စေဘဲ ကြီးမားလာပြီး ပိုမိုဆိုးရွားမှု ဖြစ်စေတယ်လို့ ဆိုပါတယ်။ တချို့က ညည်းညူပူပင်တာကို လူပျော့လူညံ့တွေရဲ့အလုပ်လို့တောင် ဆိုကြပါသေးတယ်။ ၀ီရိယနဲ့ အသိဥာဏ်ထက်သန်ရင့်ကျက်ပြီး စိတ်ဓာတ်ခွန်အားရှိတဲ့သူတွေပဲ အခွင့်အလမ်းရှာဖွေနိုင်စွမ်း ရှိကြတယ်။ ဆန္ဒရှိရင် နည်းလမ်းဆိုတာ ရှာဖွေတွေ့ရှိမှာပါပဲ၊ စိတ်ဓာတ်ကျနေသူတွေအတွက်တော့ နည်းလမ်းရှိပေမဲ့လည်း ဘာလုပ်ပြီး ဘာကိုင်ရမှန်း ဝေခွဲနိုင်မှာ မဟုတ်ပါဘူး၊ အခွင့်အလမ်းဆိုတာကလည်း အများအားဖြင့် အခက်အခဲတွေ ဆူးငြောင့်ခလုတ်တွေနဲ့ ရောက်လာတတ်ပါတယ်၊ အဲဒီအခါမှာ မကြောက်မရွံ့ပြုလုပ်ဖို့ဆိုရင် စိတ်ဓာတ်ကျနေလို့ မဖြစ်ပါဘူး။ လွန်ပြီးခဲ့တဲ့အရာတွေ၊ ကိစ္စရပ်တွေဟာ မရှိတော့တဲ့အရာကိစ္စတွေပါ၊ မဖြစ်လာသေးတာတွေကလည်း မရှိသေးတာတွေပါပဲ၊ အဲဒါကြောင့် အနာဂတ်ကို အားကိုးပြီး မျှော်တော်ယောင်မဖြစ်သင့်သလို အတိတ်ကို ပြန်လည်အောက်မေ့သတိရပြီး လွမ်းဆွတ်ကြေကွဲကာ စိတ်ဓာတ်ကျနေလို့မဖြစ်ပါဘူး။ အောင်မြင်ကြီးပွားတဲ့သူတွေကို ကြည့်ပြီး စိတ်အားငယ်တာ၊ ၀မ်းနည်းတာ၊ စိတ်ပျက်တာ၊ မနာလိုတာ၊ မုန်းတီးတာ၊ အကောင်းမမြင်ဘဲ အပြစ်မြင်တာ၊ ငြိုငြင်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို စိတ်ထားမျိုးဟာ အောင်မြင်ကြီးပွားမှုကို ဝေးကွာစေပြီး ဆုံးရှုံးပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့အတွက် အဲဒီစိတ်ထားမျိုးကို ရှောင်ရှားသင့်ပါတယ်။ စိတ်ဓာတ်ကျတတ်တဲ့သူတွေအနေနဲ့ သူများပြောတဲ့အခါ နာလွယ်တတ်ပါတယ်၊ သူတစ်ပါးမုန်းတဲ့အခါလည်း ပြန်မုန်းတတ်ပါတယ်။ ကိုယ့်အကြောင်းကို မဟုတ်မဟတ်ပြောရင်လည်း ဂရုစိုက်တတ်ပါတယ်။ အဓိက ကိုယ့်ရဲ့စိတ်ပါပဲ၊ ကျောက်ဆောင်လို မားမားမတ်မတ်နေနိုင်ရမယ်။ အမေရိကန်အဆိုတော်မလေး မိုင်လေးဆိုင်းရပ်စ်က “The Climb” ဆိုတဲ့ သီချင်းမှာ အခုလို သီဆိုထားခဲ့တယ်။ I can almost see it. That dream I’m dreaming, but There’s a voice inside my head saying You’ll never reach it Every step I’m takin’ Every move I make Feels lost with no direction, My faith is shakin’ But I gotta keep tryin’ Gotta keep my head held high ဆီလျော်အောင် ဘာသာပြန်ရင် အခုလို ဖြစ်ပါလိမ့်မယ်။ ကျွန်မ မြင်ရလုပြီ ကျွန်မမက်နေတဲ့ အိပ်မက် ဒါပေမဲ့ နားထဲကို အသံတစ်ခု ၀င်ရောက်လာ “မင်းဘယ်တော့မှ မရောက်နိုင်ဘူး”တဲ့ ကျွန်မရဲ့ခြေလှမ်းတွေ ကျွန်မရဲ့လှုပ်ရှားမှုတွေ ရည်မှန်းချက်ပျောက်သလိုခံစားရ ယုံကြည်ချက်တွေလှုပ်ခါ ဒါပေမဲ့ ကျွန်မဆက်လုပ်ရမယ် ခေါင်းကိုမော့ပြီးထားလိုက်တယ်။ ဟုတ်ပါတယ်၊ ရည်မှန်းချက်တွေ ပြည့်စုံဖို့အတွက် စိတ်ဓာတ်ကျလို့ မဖြစ်ပါဘူး။ သူရထိုက် ( The Opportunity Journal)
Posted on: Wed, 07 Aug 2013 14:40:57 +0000

Trending Topics



Recently Viewed Topics




© 2015