တစ်ရွာလျှင် ကျပ်သိန်း - TopicsExpress



          

တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ရင်းနှီးငွေအဖြစ် ချထားပေးမည့် ဒေသဖွံ့ဖြိုးရေး “မြစိမ်းရောင်စီမံကိန်း” လာမည့်ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်မည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ရင်းနှီးငွေအဖြစ် ချထားပေးမည့် ဒေသဖွံ့ဖြိုးရေး မစိမ်းရောင်စီမံကိန်း အား လာမည့်ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။ ဇန်န၀ါရီ ၇ ရက်က ရန်ကုန်မြို့ Myanmar Peace Centre (MPC ) တွင်ပြုလုပ်သည့် အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး ဖိုရမ်နှင့်ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်း ရွေးချယ်မှု အစည်းအဝေးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးခန့်ဇော်က တစ်ရွာကို သိန်း ၃၀၀ ကျွန်တော်တို့ အရင်ရင်းနှီးမယ်။ နောက်ရွာတွေမှာ ကော်မတီကိုဖွဲ့မယ်။ ဒီကော်မတီမှာ ကော်မတီဝင် ၁၁ ယောက်လောက်ပါမယ်။ နောက်ဒီငွေတွေကို village fund project လို့ခေါ်တဲ့ သူတို့ရွာကော်မတီကို ချပေးမယ်။ အဲဒီဟာကို ဒီရွာကပဲကိုင် ဒီရွာကပဲလုပ်။ နောက်ဒီငွေတွေက ပျောက်လို့မရဘူး။ မွေးမြူရေးလုပ်ချင်တဲ့သူက ဒီငွေတွေကိုယူပြီး ရင်းနှီးလို့ရတယ်။ ရေလုပ်ချင်လုပ်၊ စိုက်ပျိုးရေး လုပ်ချင်ရင်လုပ်၊ ငွေချေးချင်ရင် ချေးရတယ်။ နောက်ပြန်ဆပ်ပေါ့။ ငွေမပျောက်ရဘူး။ ဒီလိုပုံစံမျိုးနဲ့ သွားမှာပါ။ ရင်းနှီးငွေ သဘောမျိုးပေါ့။ တစ်နည်းအားဖြင့်တော့ ဒေသဖွံ့ဖြိုးရေး အတွက်ပေါ့ ဟု ဆိုသည်။ ယခုအခါ အဆိုပါစီမံကိန်းအား စတင်ရေးဆွဲနေပြီဖြစ်ပြီး လာမည့် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ရန် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အခုကတော့ ဆရာတို့ ဒီ Fund ပေါ့၊ ဒီ့အတွက် နိုင်ငံတော်ကပဲ ချပေးမလား။ ပြည်ထောင်စု အစိုးရကပဲ ချပေးမလား။ ချပေးတာနဲ့ ဆရာတို့ စတင်အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်။ ကျွန်တော်တို့ ကျေးရွာထောင်ချီကို Fund ရတာနဲ့ စလုပ်မယ်။ ဒီစီမံကိန်းကို စလုပ်တဲ့နေရာမှာ တခြားနိုင်ငံက ကောင်းတဲ့နည်းတွေ၊ ကောင်းတဲ့အချက်တွေ၊ ကောင်းတဲ့လုပ်ငန်းစဉ်တွေကို ယူထားပြီးဖြစ်တဲ့အတွက် စမ်းနေစရာ မလိုတော့ဘဲ အောင်မြင်ပြီးသား Project ရဲ့ ပုံစံကိုယူပြီး လုပ်တဲ့အတွက် မြန်မြန်အကောင်အထည် ဖော်နိုင်မှာဖြစ်တယ် ဟု ဦးခန့်ဇော်က ပြောကြားသည်။ လက်ရှိတွင် အဆိုပါစနစ်အား မြန်မာနိုင်ငံကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်နှင့် CP Company တို့မှ ဒေသတွင်းကျေးရွာ အနည်းငယ်တွင် စတင်လုပ်ဆောင်လျက်ရှိပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် ကျေးရွာ ၁၀၀၀ တွင် အကောင်အထည်ဖော် သွားရန်ရှိကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ငွေကျပ်ဘီလျံ ၁၀၀ ခန့်အား ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုခဲ့ပြီး ယခုကျေးရွာ ၁၀၀၀ တွင် အကောင်အထည်ဖော်မည့် မြစိမ်းရောင် စီမံကိန်း အတွက် ကျပ်ဘီလျံ ၃၀ ခန့် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
Posted on: Thu, 09 Jan 2014 03:32:45 +0000

Recently Viewed Topics




© 2015