ရှင့်ဆီမှာ Angry Bird အရုပ်တွေ အများကြီး ဆိုတာ ကျွန်မ သိတယ်။ ကျမ တစ်ယောက်တည်း ဟိုးအဝေးကြီးကို မျှော်ငေးကြည့်နေတာပေါ့။ ကန္တာရဆန်ဆန် ဒေသမှာ ကျွန်မတစ်ယောက်တည်း တံလျှပ်တွေ ကို ငေးကြည့်နေချိန်ပေါ့။ ဟုတ်တယ်။ ဒီဒေသမှာ မြက်ပင်တွေ ဆိုတာ ရှားရှားပါးပါး ပဲ။ ရှိကို ရှိမနေတော့ဘူး ထင်တယ်။ ဟုတ်တယ်။ ကျမရဲ့ ဆံပင်တွေလည်း ခြောက်သွေ့ ဖွာယောင်းနေပြီ။ ခုနေ ရှင့်ဆီမှာ ဘာသာခြားဘာသာစကားနဲ့ ရော မိခင် ဘာသာ စကားနဲ့ပါ ဖွဲ့နွဲ့ထားတဲ့ အရေးအသားတွေ ၊ ကျမ နာမည်အစား နာမ်စား သုံးထားတဲ့ နာမည် တွေ ရွှေရည်စိမ်ထားသေးရဲ့လား ။ အခုတော့ ကျမ လက်ကလေးက အရေတွန့်လက်ကလေး ဖြစ်ခဲ့ပြီ ရှင်လည်း သိမှာပါ။ ပျံသန်းလာတဲ့ ငှက်တွေ ထဲမှာ ရှင်မပါဘူးဆိုတာလေ။ ကျမ ကတော့ မရှိမဲ့ ရှိမဲ့ ကောက်ရိုးလေးတွေ ကိုတောင် ရှင့်အတွက် စုထားမိတာ အခုတော့ လည်း ဒါတွေ ဟာ လေထဲက သဲမှုန်တွေပါပဲ။ ဟုတ်တယ်လေ...လေတိုက်တိုင်း သဲမှုန်တွေ မျက်လုံးထဲထိ ၀င်တယ် အခု ကျမ ခြေရင်းမှာ သဲတွေ စုပုံ ကျမ ခြေသားလုံးသားတွေ ထိ မြုပ်နေခဲ့ပြီ။ ပျံသန်းလာကြတဲ့ ငှက်တွေ ထဲမှာ ရှင်မပါ ဘူးဆိုတာ သိခဲ့ပြီ။ ရှင်ဟာ တစ်နေရာရာမှာ အကိုင်းအခက်တစ်ခုခုမှာ စိမ်းစိမ်းစိုစို သစ်ပင်ကြီး တစ်ပင်မှာ ရော့ခ်သီချင်းတွေ ပွင့်လန်းနေမှာပေါ့။ ရှင်က စိတ်အလိုမကျတိုင်း အစားတွေ တစ်ဝကြီးစား အိပ်ကောင်းခြင်း အိပ် ၊ စားကောင်းခြင်းစား လူတွေ သဘောကျမဲ့ နံနက်ခင်းတေးသံသာတွေကို ရော့ခ်ဆန့်စ် တွေ ထည့်ထည့်ပြီး အော်ဟစ်သီကျူးနေကြမဟုတ်လား။ အခုတော့... ကျမ နှုတ်သီးနဲ့ ရေးခြစ်တဲ့ ရှင့်နာမည် ထဲမှာတောင် ရှင့်နာမည် မပါတော့ဘူး။ လူတွေကတော့ ငှက်တွေ အချင်းချင်း ဘယ်လို ဆက်သွယ် ငှက်တွေ ဟာ ဘယ်လို ထူးဆန်း ယုံတမ်းစကားတွေ ပြောနေကြတုန်းပေါ့။ ကျော်ညိုသွေး https://facebook/notes/kyaw-nyo-thway/%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%82%94%E1%80%86%E1%80%AE%E1%80%99%E1%80%BD%E1%80%AC-angry-bird-%E1%80%A1%E1%80%9B%E1%80%AF%E1%80%95%E1%80%B9%E1%80%B1%E1%80%90%E1%80%BC-%E1%80%A1%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%81%BE%E1%80%80%E1%80%AE%E1%80%B8-%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC-%E1%80%80%E1%81%BD%E1%80%BC%E1%80%94%E1%80%B9%E1%80%99-%E1%80%9E%E1%80%AD%E1%80%90%E1%80%9A%E1%80%B9/519256431455662
Posted on: Mon, 24 Jun 2013 18:51:24 +0000