လယ်ယာမြေ - TopicsExpress



          

လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများသည် မြေပုံပါ အချက်အလက်များနှင့် မြေပြင်အခြေအနေ ကွာခြားချက်ကြောင့် ဖြစ်ပေါ်နေရသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား Friday, August 16,2013 လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ မြေပုံပါ အချက်အလက်များနှင့် မြေပြင်အခြေအနေ ကွာခြားချက်ကြောင့် ဖြစ်ပေါ်နေရသည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သြဂုတ် ၁၅ ရက်တွင် ပြောကြားသည်။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် လယ်ယာမြေ သိမ်းဆည်းခံ ရမှုများတွင် တပ်မတော်မှ သိမ်းဆည်းခြင်း ဆိုင်ရာ အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးခြင်းသည် တပ်မတော်နှင့် ပြည်သူအကြား အထင်မှား၊ အမြင်မှား ဖြစ်စေနိုင်သဖြင့် ဆွေးနွေးမှုကို ရပ်ဆိုင်းပေးပါရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပါဝင်ဆွေးနွေးပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက 'ဒီနေ့ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကော်မတီ အစည်းအဝေးလည်း ရှိပါတယ်။ ဒီမှာလည်း ကျွန်တော်တို့ ပြန်ပြီးတော့ တင်ပြပါတယ်။ ရလာတဲ့ အဖြေပေါ် မူတည်ပြီးတော့ နှစ်ဦးနှစ်ဖက်၊ သုံးဦးသုံးဖက် နစ်နာမှု မရှိစေရေး၊ အဆိုကိုက တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီအတိုင်းပဲ တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး ဆိုသလိုပဲ တစ်ဘက်က တာဝန်ခံ ဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်များ မနစ်နာစေရေး အတွက်လည်း ကြည့်ရမှာ ဖြစ်ပါတယ်။ ဟိုတစ်ချိန် ဟိုတစ်ခါတုန်းက လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်များကလည်း ဟိုတစ်ချိန် ဟိုတစ်ခါတုန်းက ရှိခဲ့တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေအရ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်သိတဲ့ အတိုင်းအတာမှာ ဒီဖြစ်စဉ် ဖြစ်ရပ်တွေ အတော်အသင့် နားလည်ပါတယ်။ အတော်အသင့် ဆိုတဲ့နေရာမှာ စကားလျှော့ ပြောတာပါ။ ၇၅ ရာခိုင်နှုန်း အထက်ပါ။ ၁၉၉၇ နောက်ပိုင်း ဖြစ်တဲ့ကိစ္စမှာ ၇၅ ရာခိုင်နှုန်း ကျွန်တော် နားလည်ပါတယ်။ ဟိုတစ်ချိန် ဟိုတစ်ခါတုန်းက လူကြီးတွေ၊ ခေါင်းဆောင်တွေရဲ့ စေတနာ၊ ရည်ရွယ်ချက် ဘာတွေဆိုတာလည်း ကျွန်တော် သိပါတယ်။ အဲဒီအချိန် အဲဒီအခါမှာ အကောင်အထည် ဖော်ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်များရဲ့ စေတနာ၊ လုပ်ရပ်တွေလည်း ကျွန်တော် အတော်အတန် သိခဲ့တယ်။ အဲဒီနေရာမှာ လွဲတာတွေ၊ မှားတာတွေ၊ လိုတာတွေ ရှိနိုင်ခဲ့ပါတယ်။ အဲဒီရှိနိုင်ခဲ့တဲ့ ဟာတွေကို ကျွန်တော်တို့က ဒီနေ့ ဓမ္မဓိဋ္ဌာန်ကျကျ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ ဖြည့်ဆည်းပေးဖို့ပဲ လိုတယ်။ တစ်ဖက်ကလည်း ငါတို့လုပ်ခဲ့တာ အမှန် ဥပဒေနဲ့အညီ လုပ်တယ်။ တစ်ဖက်ကကျလည်း မှန်တယ်ဆိုရုံနဲ့ အဲဒီ ဥပဒေဆိုတာ မညီဘူး။ မြေကြီး မြေပုံမှားယွင်းပြီးတော့ ဆောင်ရွက်တဲ့ ကိစ္စမှာ စာပေါ်က ဥပဒေကအမှန် ဘာကြောင့်လဲ မြေစာရင်းမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်း။ အဲဒီအထဲမှာ သစ်တောဆိုလည်း သစ်တောကြိုးဝိုင်း ဒါပေမဲ့ လက်တွေ့ကျတဲ့ အခါမှာ သစ်တော ဆိုပေမယ့် ရွာတွေ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းတွေ ဖြစ်နေတယ်။ စာသင်ကျောင်းတွေ ဖြစ်နေတယ်။ ကျွန်တော် တင်ပြခဲ့ဖူးပါတယ် တစ်နေရာမှာ။ နေပြည်တော်တစ်ဝိုက် ဒီကနေ သိပ်မဝေးတဲ့ လယ်ဝေးဒေသမှာ အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ဖွင့်ပါတယ်။ ဖွင့်လှစ်ချိန်မှာ ကျွန်တော် တိုင်းမှူးပဲ ရှိပါသေးတယ်။ အဲဒီကနေ ပြီးတော့ ကျွန်တော် နေပြည်တော်ကို ပြောင်းရွှေ့လာတယ်။ နေပြည်တော်ကို ရောက်ရှိပြီး တပ်မတော်မှာ တာဝန်ယူနေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လယ်ဝေးဒေသ အမှတ်(၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် သိမ်းပိုက်ထားတဲ့ မြေတွေသည် စာပေါ်မှာ စာရင်းပေါ်မှာ မြေလွတ်၊ မြေရိုင်း ဖြစ်သော်လည်း လက်တွေ့မှာ ရွာတွေ ဖြစ်နေပြီ။ လယ်တွေဖြစ်နေပြီ။ ကျောင်းတွေ ဖြစ်နေပြီ။ စာရွက် စာတမ်းအရ အမှန်၊ မြေပြင်အရ အမှား' ဟု ပြောကြားသည်။ ထို့ပြင် ဦးဘရှိန်၏ ဆွေးနွေးမှု များသည်လည်း အမှန်ဖြစ်သည်ကို သိကြောင်း၊ တပ်မတော်က ကိုယ်စားလှယ်က ထပြီးတော့ ကန့်ကွက်ခြင်း သည်လည်း တပ်မတော်အပေါ် ပြည်သူလူထု အထင်မှား အမြင်မှား မဖြစ်စေရန်နှင့် ပြည်သူ့ကို စောင့်ရှောက်မည့်၊ ပြည်သူ့ကို ကာကွယ်မည့် တပ်မတော် သိက္ခာကျလျင် တပ်မတော်နှင့် ပြည်သူအကြား ယုံကြည်မှု ပျက်ပြားစေနိုင်ကြောင်းနှင့် ပြဿနာများကို ဖြေရှင်းရန် အဖြေတွေရှိပြီး ယင်းကို အဖြေရှာကာ ရဲရဲဝံ့ဝံ့ လုပ်သွားရန်သာ လိုအပ်ပြီး အတွေး အခေါ်ဟောင်း၊ အယူဆ ဟောင်းများကို စွန့်လွှတ်ကာ ရဲရဲဝံ့ဝံ့ဖြင့် ရှေ့ဆက်သွားရန်သာ လိုအပ်ကြောင်းကိုလည်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။ Eleven Media Group
Posted on: Fri, 16 Aug 2013 01:21:24 +0000

Trending Topics



Recently Viewed Topics




© 2015