လုပ်ငန်းခွင် - TopicsExpress



          

လုပ်ငန်းခွင် အနိုင်ကျင့်ခံရမှု လုပ်ငန်းခွင် အနိုင်ကျင့်ခံရမှု (Workplace Bullying) ဆိုတာဟာ ကမ္ဘာပေါ်တွင်ရှိတဲ့ မည်သည့်နိုင်ငံမှာမဆို တွေ့ကြုံရတတ်သည့် ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေးရပိုင်ခွင့်များ ကောင်းမွန်စွာ မရရှိသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ပိုပြီး အတွေ့ရများတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုကို အကြီးအကျယ်ကျဆင်းစေနိုင်တဲ့အပြင် အနိုင်ကျင့်ခံရသည့်သူတွေမှာလည်း စိတ်ပိုင်းဆိုင်ရာပြဿနာမျိုးတွေဖြစ်ပေါ်လာနိုင်တယ်။ အနိုင်ကျင့်ခံရလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် အလုပ်မှာ မပျော်မွေ့မှုများဖြစ်ပေါ်လာပြီး နောက်ဆုံးမှာ ကိုယ်ရည်ကိုယ်သွေး ကျဆင်းတာတွေအထိဖြစ်ပေါ်လာနိုင်ကာ လူညွန့်တုံးသလို ဖြစ်သွားစေနိုင်တဲ့ အကောင်အထည်ပြရခက်ခဲသည့် ပြဿနာတစ်ရပ်ဖြစ်တယ်။ လုပ်ငန်းခွင်အနိုင်ကျင့်ခံရမှုနှင့်ပတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုမှုရှိသော်လည်း အဓိကအားဖြင့်တော့ မိမိရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး လက်အောက်ငယ်သား လုပ်သားအပေါ် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အများဆုံးဖြစ်ပွားလေ့ရှိတဲ့အတွက် မြန်မာနိုင်ငံမှာလည်း လုပ်ငန်းခွင်အနိုင်ကျင့်ခံရမှုများ နယ်ပယ်စုံမှာဖြစ်ပေါ်လျှက်ရှိပါတယ်။ အထူးသဖြင့် အထက်အောက် ကြောက်ရွံ့ရတတ်သည့် နယ်ပယ်များမှာ အများဆုံး ဖြစ်ပွားလေ့ရှိကြပါတယ်။ ဒီလိုဖြစ်ရတာဟာ ပုဂ္ဂိုလ်ရေးနှင့် အလုပ်ကို တိတိပပပိုင်းခြားထားနိုင်ခြင်းမရှိခြင်းကြောင့် အဓိကဖြစ်ပွားရတာဖြစ်ပြီး အလုပ်သမားများ တစ်နည်းအားဖြင့် လက်အောက်ငယ်သားများ၏ အခြေခံရပိုင်ခွင့်များကို အကာအကွယ်ပေးထားမှုမရှိခြင်းကြောင့်လည်း ဖြစ်တယ်။ လုပ်ငန်းခွင်အနိုင်ကျင့်ခံရမှုက ဘယ်လိုမျိုးလဲဆိုတာကို တိတိပပပြဆိုရန် ခက်ခဲတဲ့အတွက်လည်း ဖြေရှင်းရခက်တဲ့ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေခြင်းဖြစ်တယ်။ ဥပမာအားဖြင့် အထက်အရာရှိက လက်အောက်ငယ်သားအား ၄င်းရဲ့ တာဝန်ဝတ္တရားထက်ပိုတဲ့ ပုဂ္ဂိုလ်ရေးခိုင်းစေမှုများပြုလုပ်ခြင်းဟာ လုပ်ငန်းခွင်အနိုင်ကျင့်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို လက်အောက်ငယ်သားရော အထက်အရာရှိရောက လုပ်ငန်းခွင်အနိုင်ကျင့်တယ်လို့ မမြင်မိကြတဲ့အတွက် ဖြေရှင်းရခက်နေပါတယ်။ လုပ်သားအတွက်တော့ Personal life အချိန်တွေဆုံးရှုံးတာနဲ့ လူပင်ပန်းတာမျိုးတွေဖြစ်ပေါ်ပါလိမ့်မယ်။ မြန်မာနိုင်ငံလိုမျိုး အထက်လူကြီးနှင့် လက်အောက်ငယ်သား ကြောက်ရွံ့ရတတ်တဲ့ ဓလေ့ရှိတဲ့ နိုင်ငံမှာတော့ ဒီပြဿနာဟာပိုပြီးဆိုးရွားနေတတ်တယ်။ နောက်ပြီး အထက်အရာရှိတွေက ဒီလိုမျိုး လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေကို မတရားမှုတစ်ခုအဖြစ် မလုပ်သင့်တဲ့အရာတစ်ခုအဖြစ် မရှုမြင်တော့ဘဲ သူတို့ရဲ့ ရပိုင်ခွင့်တစ်ခုအဖြစ် ရှုမြင်လာခြင်းကြောင့်လည်း ဓလေ့တစ်ခုသဖွယ်ဖြစ်လာတယ်။ စစ်တပ်ကို ဥပမာထားရရင် တပ်လုပ်ငန်းတွေသာမကဘဲ အထက်အရာရှိက မိမိပုဂ္ဂိုလ်ရေးခိုင်းစေမှုများဖြစ်တဲ့ ခြံရှင်းခိုင်းတာ၊ ကားခေါ်မောင်းတာ၊ ထမင်းဟင်းချက်ခိုင်းတာ စတာတွေအတွက် ရဲဘော်ကို အသုံးပြုပြီး ဒီလိုအသုံးပြုတာကိုလည်း မလုပ်သင့်တဲ့ မတရားမှုတစ်ခုအဖြစ် မရှုမြင်တော့ဘဲ ၄င်း၏ ရပိုင်ခွင့်တစ်ခုအဖြစ် ရှုမြင်လာတယ်။ ရဲဘော်အနေနဲ့လည်း အထက်အောက်အရမ်းကြောက်ရွံ့ရတဲ့အတွက် ဒီလိုကိစ္စတွေကို အထက်အရာရှိကို ပြန်မပြောရဲဘူး။ ဒါပေမယ့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်လာတယ်။ ဒီအတွက် ဘယ်သူ့ကိုမှလည်း သွားတိုင်လို့မရတော့ဘူး။ အရာရှိရဲ့ လုပ်ပိုင်ခွင့် ဓလေ့တစ်ခုလိုဖြစ်လာတယ်။ ဒါဟာ စစ်တပ်တစ်ခုထဲတင်မကဘဲ နယ်ပယ်တိုင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်။ ဒီအတွက်ဆိုးကျိုးအနေနဲ့ လက်အောက်ငယ်သားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပြီး ကုန်ထုတ်လုပ်မှုစွမ်းအားကို ကျဆင်းစေနိုင်ပါတယ်။ လက်အောက်ငယ်သားအနေဖြင့် အထက်လူကြီးနှင့် အပြန်အလှန်ပြောဆိုမှုများ ဆုံးရှုံးသွားပြီး အထက်မှအောက်သို့ One Way စနစ်သို့ရောက်ရှိကာ ကိုယ်ရည်ကိုယ်သွေးများကျဆင်းစေနိုင်ပါတယ်။ အပြန်အလှန်ပြောဆိုဝေဖန်မှု မရှိလျှင် လုပ်ငန်းတစ်ခု၏ ဖွံ့ဖြိုးမှုသည် ရပ်တန့်သွားပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ အပြန်အလှန်ပြောဆိုမှု ဆိတ်သုဉ်းခဲ့လို့ တိုးတက်ဖွံ့ဖြိုးမှုဆိုတာ မရှိသလောက်ဖြစ်ခဲ့ရတယ်။ ဒီအတွက် အကောင်းဆုံးလုပ်နိုင်တာက အထက်အရာရှိတွေရဲ့ ပရော်ဖက်ရှင်နယ်ပီသမှု၊ စိတ်သဘောထားပြည့်ဝမှုကို ထိန်းကျောင်းပေးဖို့နဲ့ လက်အောက်ငယ်သားတွေရဲ့ အခြေခံရပိုင်ခွင့်အခြေအနေတွေကို အကာအကွယ်ပေးမှုကသာ လုပ်ငန်းခွင်အနိုင်ကျင့်ခံရမှုတွေကို အကောင်းဆုံးကာကွယ်နိုင်ပါလိမ့်မယ်။ (အခုတလောမှာ စစ်တပ်အချင်းချင်းတောင်မှ စစ်ဆေးတွေဟာ ကြည်းတပ်တွေရဲ့ အနိုင်ကျင့်မှုကို အမြဲခံနေရတယ်ဆိုတဲ့ ရင်ဖွင့်သံတွေ ခဏခဏကြားနေရတဲ့အတွက် ဒီပို့စ်ရေးဖြစ်သွားတာပါ)
Posted on: Sat, 15 Jun 2013 02:25:02 +0000

Trending Topics



Recently Viewed Topics




© 2015