ကမ္ဘာ့ကုန်သွယ် - TopicsExpress



          

ကမ္ဘာ့ကုန်သွယ် ဝန်ဆောင်မှုများ လုပ်ကိုင်သည့် ကုမ္ပဏီများ မြန်မာနှင့် စတင်ချိတ်ဆက် လုပ်ကိုင် Monday, June 17, 2013 ကမ္ဘာ့ကုန်သွယ် ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများဖြစ်သော Jupiter Logistics Limited နှင့် Mitsubishi Logistics Corporation တို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ Aquamarine shipping ကုမ္ပဏီနှင့် ချိတ်ဆက်ကာ Jupiter MLC Logistics (Myanmar) Limited ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် နိုင်ငံတကာ ကုန်းလမ်းရေလမ်း အသုံးပြု၍ ကုန်သွယ်မှုများ သာမက လေကြောင်းလိုင်းများ အသုံးပြု၍ ကမ္ဘာအရပ်ရပ်မှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ သယ်ယူပို့ဆောင် ပေးသည့် ၀န်ဆောင်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့ မြန်မာမှာက Logistics ဆိုတာက အခုမှ မိတ်ဆက်သလို ဖြစ်နေတာ။ Logistics ၀န်ဆောင်မှု လုပ်တဲ့အခါမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်။ အခုတော့ အဲဒီ အခက်အခဲလေးတွေကို ကျော်လွှားနိုင်နေပါပြီ။ ဈေးကွက် စီးပွားစနစ်က ပိုပြီးကျယ်ပြန့်လာလေ မြန်လာလေ၊ ဈေးကွက်ကျယ်လာလေ Logistics ဖြစ်လာလေပါပဲ" ဟု Jupiter MLC Logistics (Myanmar) Limited ကုမ္ပဏီ၏ အကြံပေး ဦးအောင်ကျော်မင်းက ပြောကြားသည်။ မြန်မာနိုင်ငံတွင် သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများ ပြီးစီးပါက မြန်မာနိုင်ငံ နှင့် နိုင်ငံတကာရှိ ကုန်သွယ်ပို့ဆောင်ရေး ၀န်ဆောင်မှုများ ပိုမိုမြန်ဆန်လာမည် ဖြစ်ကြောင်း သိရသည်။ "ကျွန်မတို့ ကုန်ပစ္စည်းတွေကို ဗီယက်နမ်ကနေ မြန်မာကိုပို့ရင် ရေကြောင်း အဓိကသုံးပြီး ပို့တယ်။ မြန်မာနိုင်ငံ အရောက်ကို အချိန်တစ်လလောက်ကြာတော့ ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက ဖြန့်ချိသူတွေကြားမှာ ဆက်ဆံရေး ထိခိုက်တာတွေ ကြုံတွေ့နေရတယ်" ဟု ဗီယက်နမ်အခြေစိုက် Kangaroo Group of Company မှ ဒါရိုက်တာ Tran Thi Que က မြန်မာနိုင်ငံနှင့် ပြည်ပကုန်သွယ်ရေး လုပ်ငန်းဆိုင်ရာ အခက်အခဲနှင့် ပတ်သက်၍ ရှင်းပြသည်။ Jupiter MLC Logistics (Myanmar) Limited ကို Jupiter Global Ltd နှင့် Mitsubishi Logistics Corporation တို့က ရှယ်ယာပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းစီဖြင့် ၂၀၁၃ ခုနှစ် မေလတွင် စတင်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။ Jupiter Group မှာ ကမ္ဘာ့နိုင်ငံ ၁၈ နိုင်ငံတွင် လည်းကောင်း၊ Mitsubishi Logistics Corporation မှာ နိုင်ငံ ၂၅ နိုင်ငံတွင် လည်းကောင်း ကုမ္ပဏီခွဲများ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပြီး ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ကိုင်သည့် နိုင်ငံများလည်း ရှိကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ The Voice Weekly
Posted on: Mon, 17 Jun 2013 12:00:37 +0000

Recently Viewed Topics




© 2015