ခရီးသည် နှစ်ဆ - TopicsExpress



          

ခရီးသည် နှစ်ဆ မြင့်တက်မှုကြောင့် ဗုဒ္ဓဂယာသို့ လေကြောင်းလိုင်းများ တိုးချဲ့ ပြေးဆွဲမည် ရန်ကုန်၊ ဇူလိုင် ၂၉ ယခုနှစ် ခရီးသွား ကာလတွင် ဗုဒ္ဓဂယာ ဘုရားဖူး ခရီးသည် နှစ်ဆ ခန့် မြင့် တက်မှုကြောင့် ဗုဒ္ဓဂယာသို့ လေကြောင်းလိုင်းများ တိုးချဲ့ ပြေးဆွဲ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းထံမှ စုံစမ်း သိရှိရသည်။ ဘုရားဖူးရာသီဖြစ်သော စက်တင်ဘာလမှ စ၍ Asian Wings လေကြောင်း လိုင်းနှင့် Golden Myanmar လေကြောင်းလိုင်းတို့က စနေ၊ တနင်္ဂနွေနေ့ များတွင် စင်းလုံးငှား လေယာဉ် စတင် တိုးချဲ့ ပြေးဆွဲပေးမည် ဖြစ်ပြီး MAI ကလည်း ခရီးစဉ်ကို တစ်ပတ်လုံး တိုးချဲ့ ပျံသန်းပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်၊ ဗုဒ္ဓဂယာ ဘုရားဖူး စေလွှတ်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်အေးက The Voice သို့ ပြောကြားသည်။ MAI လေကြောင်းလိုင်းက ရန်ကုန်- ဗုဒ္ဓဂယာ ခရီးစဉ်ကို လေးရက်၊ မန္တလေး-ဗုဒ္ဓဂယာ ခရီးစဉ်ကို သုံးရက် ပြေးဆွဲပေးမည် ဖြစ်ပြီး India Airways လေကြောင်းလိုင်းက ရန်ကုန်-ဗုဒ္ဓဂယာ ခရီးစဉ်ကို နှစ်ရက်၊ ရန်ကုန်-ကာလကတ္တား ခရီးစဉ်ကို တစ်ရက် ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ Asian Wings, Golden Myanmar နှင့် မြန်မာ့လေကြောင်း စသည့် လေကြောင်းလိုင်းများကလည်း စင်းလုံးငှား ပြေးဆွဲပေးသွား မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ပုံမှန်ကတော့ စက်တင်ဘာလကုန် သွားတာပါ။ Booking တွေက အခုကတည်းက ကြိုတင်ကြတယ်။ အခုခရီးစဉ်တွေကို စောထားတယ်။ ဟိုမှာက လုံခြုံရေးကိစ္စတွေ ရှိပေမယ့် သူ့ရာသီရောက်တော့လည်း သွားကြတာပဲ” ဟု MAI လေကြောင်းလိုင်းမှ ဒေါ်အေးမရသာက ဆိုသည်။ MAI လေကြောင်းလိုင်းက ခရီးစဉ်များကို သြဂုတ်လလယ်တွင် စတင်မည်ဖြစ်ကြောင်းနှင့် India Airways လေကြောင်းလိုင်းက စက်တင်ဘာလ နောက်ဆုံးပတ်တွင် စတင်မည်ဖြစ်ကြောင်း ကျန်လေကြောင်းလိုင်းများ၏ ခရီးစဉ်များ အောက်တိုဘာလတွင် စတင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း ဗုဒ္ဓဂယာ ဘုရားဖူး စေလွှတ်ရေးလုပ်ငန်း ကော်မတီထံမှ စုံစမ်း သိရှိရသည်။ ယခင်နှစ် ခရီးသွားရာသီက ဘုရားဖူး ခရီးသည် သုံးသောင်းခွဲခန့်သာရှိပြီး ယခုနှစ်တွင် ခြောက်သောင်း ကျော်အထိ တိုးမြင့်ခဲ့သောကြောင့် Asian Wings လေကြောင်းလိုင်းနှင့် Golden Myanmar လေကြောင်းလိုင်းများက တိုးချဲ့ ပျံသန်းခဲ့ကာ MAI လေကြောင်းလိုင်းကလည်း ခရီးစဉ်ကို တိုးချဲ့ ပြေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်အေး က ပြောကြားသည်။ The Voice Weekly
Posted on: Tue, 30 Jul 2013 05:50:41 +0000

Trending Topics



Recently Viewed Topics




© 2015