တော်လှန်ရေး - TopicsExpress



          

တော်လှန်ရေး လုပ်ရာဝယ် အမေရိကန် ပြည်တွင်းစစ်အတွင်း သေကျေကြသူ စုစုပေါင်းဟာ၊ ကမ္ဘာအရပ်ရပ်မှာ အမေရိကန် ၀င်ဆင်နွှဲခဲ့တဲ့ စစ်ပွဲတွေထဲ သေကျေသူဦးရေနဲ့ ဆတူနီးပါးရှိတယ်။ တောင်ပိုင်းနဲ့ မြောက်ပိုင်းဟာ ထိုမျှ အကြိတ်အနယ် တိုက်ခိုက် သတ်ဖြတ်ခဲ့ကြတယ်။ ထိုသို့ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုဟာ ပြည်တွင်းစစ် ပြီးသောအခါမှာ အခြားပြည်တွင်းစစ်တွေ၊ တော်လှန်ရေးတွေလို နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးတွေ၊ သေကျေမှုတွေ မခံခဲ့ရတာ ဘာကြောင့်လဲ။ သမိုင်းပညာရှင်တွေက စစ်နိုင်တဲ့ မြောက်ပိုင်းခေါင်းဆောင်းများရဲ့ တူမတူသော စိတ်သဘောထားကြီးမှုကြောင့်လို့ဆိုပြီး၊ ထင်ရှားတဲ့ အချက်နှစ်ချက်ကို ဆွဲထုတ်ပြခဲ့တယ်။ ပထမတစ်ခုက လက်နက်ချ အခမ်းအနားမှာ ယူဆီးဂရန့်ရဲ့ (ဒေါ်လာငါးဆယ်တန်ပုံ) အပြုအမူ။ ဗိုလ်ချုပ်ကြီး ဂရန့်ဟာ စစ်နိုင်လိုက်သော ဗိုလ်ချုပ်ဖြစ်ပေမယ့်၊ တစ်ဘက်က လက်နက်ချလာတဲ့ ဗိုလ်ချုပ်ကြီး ရောဘတ်လီးကို တလေးတစား ဆက်ဆံခဲ့တယ်။ အပေါ်စီးက အပြုအမူမျိုး လုံးဝ မလုပ်ခဲ့ဘူး။ လက်နက်ချစာချုပ်ပါ အချက်များကို ရေးသားရာမှာလည်း၊ တစ်ဘက်က လူတွေအတွက် အပြည့်အ၀ ထည့်သွင်းစဉ်းစားခဲ့တယ်။ တောင်ပိုင်းသားတွေ စိုးရိမ်တဲ့ သူတို့ရဲ့ မြင်းတွေ၊ ပစ္စည်းတွေကို သိမ်းယူခြင်း လုံးဝမပြုဘဲ၊ မူလပိုင်ရှင် တောင်ပိုင်းသားတွေကိုသာ ပိုင်ဆိုင်ခွင့် ပေးခဲ့တယ်။ လက်နက်ချတယ်ဆိုတာ အနည်းဆုံးတော့ စစ်ရှုံးသူဟာ သူတို့ရဲ့ ကိုယ်ပါ ဓားလက်နက်တွေကို ချပြရမှာပေါ့။ သို့ပေမယ့် ဂရန့်က ဒါဟာ မလိုအပ်တဲ့ တစ်ဘက်သားအပေါ် အရှက်ခွဲမှု ဖြစ်သွားမှာစိုးလို့၊ ကိုယ်ပါ လက်နက်များကို ချပြစရာမလိုဟု သတ်မှတ်ခဲ့တယ်။ ဒီသဘောထားကြီးမှုဟာ ခွဲထွက်ရေး တောင်ပိုင်းသမားတွေရဲ့ ရင်ကို ထိရှခဲ့ရတဲ့ အပြုအမူ တစ်ခုပါ။ လက်နက်နဲ့ စစ်အောင်နိုင်တာထက် အများကြီး တာသွားခဲ့တဲ့ လုပ်ရပ်ပါပဲ။ နောက်တစ်ခုက တောင်ပိုင်းသားတွေ လက်နက်ချပြီး၊ ရက်ပိုင်းအတွင်းမှာပဲ စစ်နိုင်သူ သမ္မတ လင်ကွန်းဟာ တောင်ပိုင်းပြည်နယ်ရဲ့ မြို့တော် ရစ်ခ်ျမွန်းထဲကို လက်နက်တစ်စုံတရာ မကိုင်စွဲဘဲ ရဲရဲရင့်ရင့် လျှောက်ဝင်သွားပြီး၊ တောင်ပိုင်းသားတွေအပေါ် ယုံကြည်မှုရှိကြောင်း ပြသခဲ့တယ်။ စစ်ဟာပြီးသွားပြီ၊ ပြီးတာတွေ ပြီးပါစေတော့၊ အတိတ်ကို ပြန်မဆွပါနဲ့၊ ကလဲ့စားချေမှုကို မလုပ်ပါနဲ့၊ ပြန်လည်ရင်ကြားစေ့ရေးနဲ့ ထူထောင်ရေးကိုသာ လုပ်ကြပါလို့ တောင်ပိုင်းသားတွေကို တိုက်တွန်းနေသယောင်ပါပဲ။ ဂရန့်နဲ့ လင်ကွန်းသာ ဒီလိုသဘောထားကြီးမှုမျိုးကို မပြခဲ့ဘဲ၊ အချို့တော်လှန်ရေး ခေါင်းဆောင်တွေလို သဘောထား ကျဉ်းမြောင်းပြီး၊ နိုင်ထက်ကလူ ပြုမူခဲ့မယ်ဆိုရင် အမေရိကန် ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲ မီးတွေဟာ တော်တော်နဲ့ ငြိမ်းခဲ့မှာ မဟုတ်ဘူး။ (ထိုသဘောထားကြီးမှုမျိုးကို ဂျပန်ကို သိမ်းစဉ်မှာ မက်အာသာ လုပ်ပြခဲ့လို့၊ စစ်ရှုံးဂျပန်ကို စည်းရုံးနိုင်ခဲ့တာ ဖြစ်နိုင်တယ်။) ခေတ်တစ်ခေတ်၊ စနစ်တခုပြောင်းဖို့ လုပ်ရတာ မလွယ်ပါဘူး။ အဆင့်တိုင်း အဆင့်တိုင်းဟာ အထိမခံလောက်အောင် သိမ်မွေ့တယ်။ ဒါတွေကို ကိုင်တွယ်တတ်ဖို့ သဘောထားကြီးပြီး၊ မျှော်မြင်တွေးခေါ်တတ်သော လူပုဂ္ဂိုလ်များ လိုအပ်ပါတယ်။ သို့မဟုတ်ပါက တော်လှန်ရေးတွေ၊ စနစ်ပြောင်းရေးတွေဟာ သဲထဲရေသွန် ဖြစ်ရတာပဲ။ တော်လှန်ရေး၊ စနစ်ပြောင်း၊ ခေတ်ပြောင်း ဖြစ်စဉ်လို့ ပြောရင်၊ လူအချို့က သူတို့နားမလည်လောက်ဘူးလို့ ထင်ကြလိမ့်မယ်။ အမှန်တော့ အလွန်ရှင်းလင်း လွယ်ကူပါတယ်။ ဥပမာ - ရပ်ရွာတစ်ခုမှာ အုပ်ချုပ်သူ သူကြီးဟာ အလွန်ဆိုးရွားတယ်။ နှိပ်စက်ကလူ ပြုမူတယ်။ ဒါကို ခံရဖန်များလာတော့ ရွာသူရွာသားတွေဟာ သူကြီးအသစ်ကို တောင့်တလာတယ်။ သို့ပေမယ့် ချက်ချင်းလက်ငင်းတော့ ကိုယ့်ခံစားချက်ကို မပြောဝံ့ဘူး။ ရွာမှာလည်း သူကြီးလူယုံတွေက အများသားဆိုတော့၊ မတော် ထိပ်တုံးခတ်ခံရနိုင်တယ်။ ဒါကြောင့် မကြိုက်သော်လည်း မျိုသိပ်နေရတယ်။ ဒီလိုနဲ့ နောက်ဆုံး မခံနိုင်တဲ့အဆုံး သူကြီးကို ဆင်းပေးပြောင်းပေးဖို့ ပြောင်ဖွင့်ပြောလာမယ်။ ဆန္ဒပြလာမယ်။ မရရင် သပိတ်မှောက်လာမယ်။ နောက်ဆုံး မခံနိုင်တဲ့အဆုံး သူကြီးလည်း ဆင်းပြေးရရော။ အရေးအကြီးဆုံးက လာပြီ။ သူကြီးဟောင်း ပြောင်းသွားပေမယ့်၊ ရွာမှာ သူကြီး လူယုံတွေ၊ ဆွေမျိုးတွေက ကျန်သေးတယ်။ ဒီလူတွေက အားမတန်လို့ မာန်လျော့နေရတာ။ သူတို့လူကြီး ဆင်းပေးရတာကို ဘယ်ကျေနပ်မလဲ။ ဒီကြားထဲ သူတို့အပေါ် အငြိုးနဲ့ ရန်ပြုချင်သူတွေလည်း ပေါ်လာမယ်ဆိုရင်၊ ထိုလူဟောင်းတွေထံမှာ နေသေးသပဆိုတဲ့ အတွေးတွေ တွေးလာနိုင်မယ်။ ထို့ပြင် ရွာသူရွာသားတွေဟာလည်း မခံနိုင်လွန်းလို့သာ သူကြီးကို ဖြုတ်ချဖို့အရေးမှာ ညီညွတ်ခဲ့ကြတာ။ သူတို့မှာလည်း သူကြီးပြုတ်ရင် ဘာဆက်လုပ်ရမလဲဆိုတဲ့ အစီအစဉ်က မရှိ။ တစ်ချိန်တည်းမှာပဲ သူကြီးပြုတ်တာ ငါတို့ကြောင့်ဆိုပြီး တက်တလူလူ လုပ်သူတွေလည်း ရှိလာမယ်။ ငါတို့လူကို သူကြီးတင်မယ်ဆိုပြီး စွတ်လုပ်လာရင်၊ ဒါကို မကျေနပ်တဲ့သူတွေက ကန့်ကွက်လာမယ်။ ထိုသူတွေကလည်း သူတို့လူကို စင်ပြိုင်တင်လာမယ်။ ဒီလို သူ့လူကိုယ့်လူ အချင်းများရာက ရန်ဖြစ်လာမယ်။ အစီအစဉ်တကျ မရှိတဲ့အခါ၊ ဦးစီးဦးဆောင် တိတိပပ မရှိတဲ့အခါ၊ အုပ်စုအချင်းချင်း အချင်းများရာက၊ ကြာလာတော့ လူတွေလည်း ပန်း၊ ရွာလည်း ချိနဲ့ ဖြစ်လာပါရော။ ဒီအချိန်မှာ ချောင်းနေတဲ့ လက်နက်ကိုင်အဖွဲ့က ၀င်လာကာ သူတို့စိတ်ကြိုက်လူကို သူကြီးတင်ပါရော။ ဒီလိုနဲ့ အဲဒီသူကြီးအသစ်ရဲ့ နှိပ်စက်မှုကို မခံနိုင်တဲ့ အခြေထိ ပြန်စောင့်၊ ပြန်တော်လှန်နဲ့ ဂျာအေး သူ့အမေ တစ်ခါပြန်ရိုက်ပေါ့။ ဖြစ်စဉ်က ရှင်းရှင်းလေး။ ပထမဆုံး သူကြီးကို ဖြုတ်ချဖို့ အတွေး (idealism) ဖြစ်လာမယ်။ ဒုတိယ ထိုအတွေးကို အကောင်အထည်ဖော်ဖို့ မခံမရပ်နိုင် (extremism) ဖြစ်လာမယ်။ တတိယ တော်လှန်ရေး (၀ါ) အရေးတော်ပုံ (revolution) ဖြစ်လာမယ်။ စတုတ္ထ ထိုတော်လှန်ရေး ပြီးသော်ငြား မတူညီတဲ့ အုပ်စုတွေကြား ဘုံသဘောတူညီမှု မရှာနိုင်တာကြောင့် အချင်းချင်း ခိုက်ရန်ဖြစ်ပြီး၊ နွမ်းလျလာမယ် (exhaustion)။ ပဉ္စမ ၎င်းကို အခွင့်ကောင်းယူပြီး စစ်တပ်က အာဏာသိမ်းမယ် (coup)။ ရာသီစက်ဝိုင်း တစ်ပတ်ပြန်လည်မယ်။ ပြင်သစ်တော်လှန်ရေးကနေ မနေ့ကဖြစ်ပွားခဲ့တဲ့ အီဂျစ်တော်လှန်ရေးအထိ မအောင်မြင်တဲ့ တော်လှန်ရေးတွေကို ပြန်ကြည့်။ ဒီဖြစ်စဉ်အတိုင်းပဲ။ ၈၈၈၈ လည်း ပြေးမလွတ်ပါဘူး။ အထိမ်းအမှတ်ပွဲ လုပ်ဖို့ချည်း အာရုံမစိုက်ဘဲ၊ ဘာကြောင့် အရေးတော်ပုံ ရှုံးနိမ့်ခဲ့ရသလဲဆိုတဲ့ စမ်းစစ်ချက်တွေကိုလည်း သင်ခန်းစာထုတ်သင့်တယ်။ (ဒီလိုမတွေးဘဲ တော်လှန်ရေးက အောင်မြင်တယ်ချည်း လုပ်နေရင်တော့ မပြောတတ်။) ယနေ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို ပြန်ကြည့်ရင် စတုတ္ထအဆင့်ကို ရောက်နေပြီ။ အရင်အုပ်ချုပ်သူတွေအပေါ် ဘယ်လိုဆက်ဆံမလဲဆိုတာ အလွန်အရေးပါလာတယ်။ ထိုသူတွေဟာ သူတို့နောင်ရေး စိတ်မအေးရဘူးလို့ထင်ရင်၊ တတ်နိုင်သလောက် ကဖျက်ယဖျက် လုပ်နေမှာပဲ။ ဒီနေရာမှာ ကျနော်တို့ စဉ်းစားရွေးချယ်ရမှာက တော်လှန်ရေး (၀ါ) စနစ်ပြောင်းကိစ္စကို အောင်မြင်ချင်တာလား၊ ကလဲ့စားချေချင်တာလား ဆိုတာပဲ။ တစ်ခုကို စတေးရမယ်ဆိုရင် ဘယ်ဟာကို စတေးမလဲဆိုတာပဲ။ ပဉ္စမအဆင့်ကို အရောက်ခံပြီး၊ မုန့်လုံးစက္ကူကပ်မလား၊ ထိုအဆိုးဝက္ကပါထဲက ဖောက်ထွက်မလား ဆိုတာတော့ အားလုံးရဲ့ ဆင်ခြင်တွေးခေါ်မှုအပေါ် မူတည်ပါတယ်။ အမေရိကန် ပြည်တွင်းစစ်ပြီးလို့ တိုင်းပြည် ပြန်လည်တည်ထောင်ရာမှာ လင်ကွန်း၊ ဂရန့်တို့ရဲ့ သဘောထားကြီးမှုပါသလို၊ ပြိုင်ဘက် ရောဘတ်လီးရဲ့ ပူးပေါင်းဆောင်ရွက်ခဲ့မှုဟာလည်း ချန်ထားမကောင်းတဲ့ အရာပါပဲ။ စနစ်တစ်ခု အောင်အောင်မြင်မြင် ပြောင်းလဲဖို့ဆိုတာ ကလဲ့စားချေမှု၊ ပြစ်တင်မှု၊ အမြင်ကျဉ်းမြောင်းမှုတွေနဲ့ လုပ်လို့မရပါဘူး။ အပြောလွယ်သလောက် လိုက်နာဖို့ခက်တဲ့ သဘောထားကြီးမှု ဆိုတာနဲ့သာ ထိုပြောင်းလဲမှုကို အောင်မြင်စွာ ဆောင်ကြဉ်းနိုင်မှာပါ။
Posted on: Mon, 15 Jul 2013 06:00:47 +0000

Trending Topics



Recently Viewed Topics




© 2015