တစ်နိုင်ငံလုံး - TopicsExpress



          

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေး စာချုပ်အတွက် နိုင်ငံရေးအာမခံချက် မရှိသေးဟု UNFC ပြောကြားပြီးချိန်တွင် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ (WGEC) က အစိုးရနှင့် အဆင်ပြေရန် ကြိုးစားနေဟုဆို Created on Wednesday, 11 September 2013 01:09 တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေး စာချုပ်အတွက် နိုင်ငံရေးအာမခံချက် မရှိသေးဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ပြောကြားပြီးချိန်တွင် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (WGEC) က အစိုးရနှင့် အဆင်ပြေရန် ကြိုးစားနေကြောင်း ပြောကြားသည်။ "ကျွန်တော်တို့ကတော့ အစိုးရနဲ့ ပြေလည်အောင် ကြိုးစားနေတာပဲ။ ညှိနှိုင်းပွဲတွေလည်း အကြိမ်ပေါင်းများစွာ လုပ်ပြီးပြီ။ ကျွန်တော်တို့ဘက်က WGEC ရဲ့ မူဘောင်တွေကို တင်ပြထားတယ်။ အစိုးရဘက်တော့ အဲဒီမူဘောင်တွေကို ငြင်းခုံစရာ သိပ်မရှိဘူးလို့ ပြောတယ်။ အကြမ်းဖျင်းအားဖြင့်ပေါ့။ အသေးစိတ် ကိစ္စတွေကိုတော့ ညှိနှိုင်းနေတယ်" ဟု WGEC အဖွဲ့ဝင် RCSS/SSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှက The Daily Eleven သို့ ပြောကြားသည်။ လာမည့်အောက်တိုဘာလအတွင်း နေပြည်တော်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်လက်မှတ် ရေးထိုးနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်အားလုံးကို အစိုးရက ကမ်းလှမ်းထားပြီး ထိုကိစ္စရပ်သည် နိုင်ငံရေးအာမခံချက် မရှိသဖြင့် သဘောထားမပေးနိုင်ကြောင်း UNFC က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့သည်။ WGEC အဖွဲ့ကို UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁) ဖွဲ့၊ UNFC အဖွဲ့ဝင် မဟုတ်သော RCSS/SSA၊ DKBA တပ်မဟာ-၅ KPC၊ MNDAA၊ KNLP၊ KNPLF (နယ်ခြားစောင့်တပ်)တို့ အပါအ၀င် လူထုအခြေပြု လူမှုအဖွဲ့အစည်း ခြောက်ဖွဲ့တို့ဖြင့် ၂၀၁၂ ခုနှစ် ဇွန်လက ဖွဲ့စည်းခဲ့သည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် WGEC အဖွဲ့မှ UNFC အဖွဲ့ နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း WGEC သည် အစိုးရနှင့် ပိုမိုနီးကပ်စွာ ဆက်သွယ်ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း သိရသည်။ WGEC အဖွဲ့မှ ချမှတ်ထားသော နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များမှာ လက်ရှိအချိန်တွင် UNFC မှ ကိုင်စွဲထားသော အခြေခံမူ ခြောက်ချက်နှင့် များစွာကွဲလွဲမှု မရှိကြောင်း သိရသည်။ WGEC ၏ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွင် အပိုင်းလေးပိုင်း ခွဲထားပြီး လုပ်ငန်းစဉ်ပူးပေါင်းရေး၊ တစ်ပြည်လုံး အပစ်အခတ်ရပ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပြောင်းလဲရေး ကာလအတွင်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၏ နေထိုင်ရေး အချက်တို့ ဖြစ်ကြသည်။ လုပ်ငန်းစဉ် ပူးပေါင်းရေးတွင် ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်၊ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို လက်ခံအတည်ပြုရန်၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲအောင် ကာကွယ်သွားရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီ၊ အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး၊ လူမှုရေး အသင်းအဖွဲ့များနှင့် အမျိုးသမီး (၃၀ ရာခိုင်နှုန်း) အစရှိသဖြင့် ပါဝင်ရန် တင်ပြထားပါသည်။ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးတွင် စစ်ကျင့်ဝတ်ကို ပြဋ္ဌာန်းခြင်း၊ အပစ်ရပ် ပူးပေါင်းစောင့်ကြည့်ရေး ကော်မတီ (JCC) ကို ဖွဲ့စည်းခြင်းနှင့် အပစ်ရပ်စောင့်ကြည့်ရေး ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်တို့ ပါရှိသည်။ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အပိုင်းတွင် ဆွေးနွေးပွဲများကို ဌာနနှစ်ခု ဖွဲ့စည်းဆောင်ရွက်ပြီး ခေါင်းစဉ်ကြီး (၁၉)ခုဖြင့် လုပ်ဆောင်ရန် တင်ပြထားပါသည်။ "WGEC အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်တွေ ရှိတယ်။ ခေါင်းစဉ်ကြီးတွေ၊ ခေါင်းစဉ်ငယ်တွေ ရှိတယ်။ အားလုံးတော့ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကြိုးစားပြီး လုပ်ဆောင်နေတယ်" ဟု ဗိုလ်မှူးကြီး စိုင်းလှက ပြောကြားသည်။ စက်တင်ဘာ ၁၁ ရက် (ယနေ့)တွင် WGEC ၏ အလုပ်အဖွဲ့နှင့် Myanmar Peace Center(MPC) မှ တာဝန်ရှိသူများ ရန်ကုန်မြို့တွင် တွေ့ဆုံပြီး မူဘောင်ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးရန်ရှိကြောင်း သိရသည်။ အေးချမ်းမွန် Credit To > Eleven Media Group < Thanks Re-posted By ACM 11-9-2013 https://facebook/excellencemedia
Posted on: Tue, 10 Sep 2013 23:51:04 +0000

Trending Topics



Recently Viewed Topics




© 2015