တပ်ပိုင်မြေပေါ်မှ - TopicsExpress



          

တပ်ပိုင်မြေပေါ်မှ အင်အားသုံး ဖယ်ရှားခံခဲ့ရသူများ ဒဂုံမြို့သစ် အရှေ့ပိုင်းသို့ ပြောင်းခဲ့ပြီး နောက်ပိုင်း ယင်းပတ်ဝန်းကျင်ရှိ မြေဈေးများ မြင့်တက်လာ တပ်ပိုင်မြေဖြစ်သည့် မိကျောင်းကန် အပိုင်း(၁)၊(၂)တွင် ငှားရမ်းနေထိုင်နေသည့် မိသားစု ၂၀၀ ကျော်အား တပ်မြို့စည်ပင်မှ အင်အားသုံး ဖယ်ရှားခဲ့ပြီး ဒဂုံမြို့သစ် အရှေ့ပိုင်းသို့ ပြောင်းရွှေ့ခိုင်းခဲ့ပြီး နောက်ပိုင်းတွင် ယင်းဝန်းကျင်ရှိ မြေဈေးများမှာ ယခင်ထက် ပိုမိုမြင့်တက်လာကြောင်း သတင်းရရှိသည်။ မိကျောင်းကန်မှ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၅၅ ရပ်ကွက်ကို ပြောင်းရွှေ့လာပြီး နောက်ပိုင်းမှာ ပေ ၄၀-ပေ ၆၀ မြေကွက်တစ်ကွက်ကို သိန်း ၅၀ ခန့် ရှိကြောင်း အိမ်နန်းတော် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ကိုတင်ကျော်က ဇူလိုင် ၄ ရက်က ပြောပြသည်။ 'မနှစ်က ဒီမြေကွက်တွေဟာ ၆ သိန်း၊ ၇ သိန်းလောက်ပဲရှိတယ်။ အခုဟာ သိန်း ၅၀ လောက် ရှိနေပါတယ်။ ဈေးကတော့ ၂ ရက်ခြားကို ၃၊ ၄ သိန်းလောက် တက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိကျောင်းကန်က လူတွေရောက်လာပြီး နောက်ပိုင်းမှာ လမ်းတွေဖောက်နေတယ်။ ဓာတ်တိုင်တွေနဲ့ လျှပ်စစ်ကြိုးတွေ သွယ်နေတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ငွေရှင် ကြေးရှင်တွေကလည်း ကစားနေတဲ့ အတွက်ကြောင့်လည်း ဈေးတွေ တက်နေတာ ဖြစ်တယ်'ဟု ကိုတင်ကျော်က ဆက်လက်ပြောပြသည်။ လက်ရှိတွင် ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ၁၅၆ ရပ်ကွက်ရှိ အတွင်း မြေကွက်တွေမှာလည်း သိန်း ၆၀ ခန့်ရှိပြီး ၁၃၃ ရပ်ကွက်ရှိ ကားလမ်းနှင့်နီးသည့် မြေကွက်များသည် သိန်း ၂၀၀ ခန့်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။ 'ဒီမှာ မြေဈေးတွေက ထက်ဝက်နီးပါးကို တက်နေတယ်။ အခုလို မြေဈေးတွေ တက်နေတာက တစ်လခွဲနီးပါးလောက် ရှိပါပြီ။ အမှန်က မိုးတွင်းဆိုရင် အရောင်းအ၀ယ်အေးရမှာ အခုက အရောင်းအ၀ယ်တွေ ဖြစ်နေတယ်။ လာဝယ်တဲ့ သူတွေအထဲမှာ တရုတ်သူဌေးတွေရော၊ မြန်မာတွေရော လာဝယ်ကြပါတယ်။ ငွေရှင်ကြေးရှင်တွေက ကစားနေတာတွေလည်း ရှိတယ်' ဟု အိမ်နန်းတော် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ Credit To: Eleven Media ZinYawNews
Posted on: Sat, 06 Jul 2013 03:49:14 +0000

Trending Topics



Recently Viewed Topics




© 2015