တိုင်းရင်းသားဘာသာ - TopicsExpress



          

တိုင်းရင်းသားဘာသာ ဖတ်စာများကို ကျောင်းချိန်ပြင်ပတွင် သင်ကြားရေး ပညာရေး ၀န်ကြီးဌာန၏ လုပ်ငန်းစဉ် ရေးဆွဲထားမှုအား တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ကန့်ကွက် Published on: January 31, 2014 တိုင်းရင်းသားဘာသာ ဖတ်စာများကို ကျောင်းချိန်ပြင်ပတွင် သင်ကြားရေး ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းစဉ် ရေးဆွဲထားမှုအား တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။ ဇန်နဝါရီ ၃ဝ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ ပညာရေး ဝန်ကြီးဌာန၏ မူဝါဒ၊ အခြေခံသဘောနှင့် လုပ်ငန်းစဉ်များအား ဆွေးနွေးရာတွင် တိုင်းရင်းသားလွှတ်တော် ကိုယ်စားများက တိုင်းရင်းသား စာပေနှင့် စပ်လျဉ်း၍ ယင်းသို့ပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပညာရေး ဝန်ကြီးဌာန၏ မူဝါဒတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသား ဘာသာစကား တစ်ခုခုကို မူလတန်း အောက်ဆင့်တွင် ကျောင်းချိန်တွင်ဖြစ်စေ၊ ကျောင်းချိန်ပြင်ပတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အစီအစဉ် ဆုံးဖြတ်ချက်အရ သင်ကြားနိုင်ရေး ဆောင်ရွက်ရန်ဟု ချမှတ်ထားသော်လည်း လုပ်ငန်းစဉ်တွင်မူ တိုင်းရင်းသားဘာသာ ဖတ်စာများကို မူလတန်းအောက် အဆင့်တွင် သင်ကြားရေး ကျောင်းချိန်ပြင်ပတွင် ခွင့်ပြုကြောင်း ဖော်ပြထားမှုအပေါ်ရေး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ဝေဖန်ခဲ့သည်။ “မူဝါဒကိုကျတော့ ကျောင်းချိန်တွင်း ဖြစ်စေ၊ ကျေင်းချိန်ပြင်ပ ဖြစ်စေလို့ ဖော်ပြပြီးတော့ လုပ်ငန်းစဉ်မှာကျတော့ ကျောင်းချိန်ပြင်ပတွင် ခွင့်ပြုပြီးလို့ အတိအလင်း ဖော်ပြပြီး ဆရာ၊ ဆရာမတွေကိုတောင် ထောက်ပံ့ငွေ ချီးမြှင့်ပေးတဲ့အတွက် ဒီစာပိုဒ်ကို ဖတ်ကြည့်ရင် ကျေးဇူးတင်စရာလို့တောင် ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ အမှန်တကယ်ဆိုရင် တိုင်းရင်းသားစာပေကို ကျောင်းချိန်ပြင်ပလို့ သတ်မှတ်ရမယ့်အစား ကျောင်းချိန်အတွင်း မသင်မနေရလို့ သတ်မှတ်သင့်ပါတယ်”ဟု ဒေါ်မိမြင့်သန်းက ဆိုသည်။ တိုင်းရင်းသားစာပေသည် ကွယ်ပျောက်နေခဲ့သည်မှာ နှစ်ပေါင်းအတော်အတန် ကြာခဲ့ပြီးဖြစ်ကြောင်း၊ ယခုဒီမိုကရေစီ ထွန်းကားနေပြီဖြစ်သည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ၏ စာပေများကို မြေတောင်မြှောက်ပေး သင့်နေပြီဖြစ်ကြောင်း၊ တိုင်းရင်းသားစာပေသည် နယ်ချဲ့စာပေ၊ တိုင်းပြည်ကို ဒုက္ခပေးမည့် စာပေ၊ ဗမာစာကို ဝါးမျိုဖျောက်ဖျက်မည့် စာပေများ မဟုတ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများ၏ အမွေအနှစ် သွေးကြောဖြစ်သည့် စာပေများကို ပညာရေးဌာနမှ ပညာရှင်များ မသိမမြင်တာလားဟု မေးမြန်းချင်ကြောင်း ဒေါ်မိမြင့်သန်းက ဆက်လက် ပြောကြားသည်။ အလားတူ တိုင်းရင်းသား စာပေအား ကျောင်းချိန်ပြင်ပတွင် သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရှိရသည့်အတွက် မိမိတိုင်းရင်းသားများ အနေဖြင့် ဝမ်းနည်းစရာ စိတ်ပျက်စရာကောင်းကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဦးနုအစိုးရ လက်ထက်တွင် တိုင်းရင်းသား စာပေကို ပြည်နယ်များတွင် ဗမာစာနည်းတူ ကျောင်းချိန်တွင်း လွတ်လပ်စွာ သင်ကြားခွင့်ရခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့် ဗမာတစ်ကျပ် တိုင်းရင်းသားတစ်ကျပ် ဖြစ်ကာ တိုင်းရင်းသားအားလုံး ပူးပေါင်း၍ ပြည်ထောင်စုနိုင်ငံတော်ကို ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါလ်ထန်ထိုင်းက ပြောကြားသည်။ ယခု ဒီမိုကရေစီ အစိုးရလက်ထက်တွင် တိုင်းရင်းသားစာပေ ကျောင်းချိန်ပြင်ပ သင်ကြားရေး ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် မကိုက်ညီဟု ယူဆကြောင်း၊ ယခုအတိုင်းဆိုပါက တိုင်းရင်းသားစာပေမှာ ပပျောက်သွားမည် ဖြစ်ကြောင်း သိရသည်။ “ဝန်ကြီးချုပ် ဦးနုအစိုးရ ဒီမိုကရေစီနဲ့ ယနေ့သမ္မတ ဦးသိန်းစိန်အစိုးရ ဒီမိုကရေစီဟာ မတူဘူးလား။ ဒီကိစ္စကို သမ္မတ ဦးသိန်းစိန်က သိမလား။ ကျောင်းချိန်ပြင်ပ ဆိုတာက တိုင်းရင်းသားစာကို ပြည်တွင်းမှာ မသင်ဘဲ ပြည်ပမှာ သင်လို့ရမလား။ တိုင်းရင်းသားများက ဘယ်လိုလုပ်ရမလဲ။ တိုင်းရင်းသားစာပေ ကျောင်းများမှာ သင်ကြားခွင့် မရဘူးဆိုရင် ဖက်ဒရယ်ပြည်နယ် ရတဲ့အခါ သင်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ တိုင်းရင်းသား အခွင့်အရေးကို ဗဟိုအစိုးရက တဖြည်းဖြည်းနဲ့ ချုပ်ကိုင်တဲ့ သဘောဖြစ်ပါတယ်”ဟု ဦးပေါလ်ထန်ထိုင်းက ပြောကြားသည်။ သို့ဖြစ်၍ တိုင်းရင်းသားစာပေ၊ အနုပညာ၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အစိုးရမှ မလုပ်ပေးနိုင်ပါက ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အား အကောင်အထည် ဖော်ဆောင်ရသည့် အခါတွင် အခက်အခဲ ရှိမည်ဖြစ်ပြီး တိုင်းရင်းသားများက မှန်ကန်သော အတွေးအခေါ် အချင်းချင်း မှန်ကန်သော ယုံကြည်မှုရှိနိုင်မည် မဟုတ်ကြောင်းနှင့် လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် ပြည်နယ်များတွင် မူလတန်းအဆင့် တိုင်းရင်းသားစာကို ကျောင်းချိန်အတွင်း သင်ကြားခွင့် ရရှိခဲ့သည့်အတိုင်း ပြည်ထောင်စုကြီး တည်ရှိနေသရွေ့ သင်ကြားခွင့် ရရှိရေးအတွက် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးမှ အရေးကြီးသော တိုင်းရင်းသား ကိစ္စအဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း ဦးပေါလ်ထန်ထိုင်းက ဆိုသည်။ facebook/mmcities Credit to EMG Reposted by Tint
Posted on: Fri, 31 Jan 2014 13:33:06 +0000

Trending Topics



Recently Viewed Topics




© 2015