ဖလော့ဆဖီကို - TopicsExpress



          

ဖလော့ဆဖီကို ဖလော့ဆဖီနဲ့တူအောင် ရေးတတ်လွန်းလို့။ အဲဒါကြောင့် သူ့စာတွေ ပြန်ပြန်ဖတ်နေဖြစ်တာ။ ဆရာက ပြောနေတာ။ ဆရာကြီး ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) ရဲ့ အကြောင်းကို။ ဟုတ်လည်း ဟုတ်ပါတယ်။ လူတစ်ယောက်အကြောင်းကို sentence ဒါမှမဟုတ် phrase တစ်ခုနဲ့ ပြီးအောင်ပြောပါဆိုရင် ဆရာပြောခဲ့တာတွေဟာ နောက်ထပ်မငြင်းသာလောက်အောင် မှန်နေခဲ့တာမျိုး။ အခုလည်း ဆရာကြီးရဲ့စာတွေ ပြန်ဖတ်နေရင်းက ဆရာ့ကို သတိရနေမိတယ်။ အနောက်တိုင်းဒဿနဗေဒကို မြန်မာ့မျက်စိဖြင့် ကြည့်ခြင်း ဆိုတဲ့စာအုပ်လေး။ ( အနောက်တိုင်းဒဿန၏ ရည်ရွယ်ချက်မှာ ဒဿနဗေဒအား တိုက်ရိုက်လက်တွေ့အသုံးချခြင်းထက် ဥာဏ်ကစားခြင်းပြုရန်ဖြစ်သည်။ တစ်နည်းအားဖြင့် အနောက်တိုင်းဒဿနဗေဒသည် စစ်တုရင်ကစားခြင်းနှင့်တူသည်။ စစ်တုရင်ကစားခြင်းသည် ခန္ဓာကိုယ်ရှင်သန်ကြီးထွားရန် အတွက် စားသုံးရမည့် အာဟာရဖြစ်သော ထမင်းဟင်းချက်ခြင်းကဲ့သို့ တိုက်ရိုက်လက်တွေ့၌ အသုံးမဝင်ပေ။ သို့သော် သွယ်ဝိုက်၍ကား အသုံးဝင်ပေသည်။ ယင်းသည် လူတို့၏စဉ်းစားဥာဏ်ကို ရင့်သန်စေသည်။ ထို့ကြောင့် အနောက်တိုင်း ဒဿနဗေဒ၏ မူရင်းရည်ရွယ်ချက်မှာ ယင်းအား လက်တွေ့တိုက်ရိုက်အသုံးပြုရန်မဟုတ်။ သွယ်ဝိုက်၍ လူတို့၏အတွေးအခေါ်များကို ရင့်ကျက်လာစေရန် ဖြစ်သည်။ ထို့ကြောင့် အနောက်တိုင်းဒဿနဗေဒတွင် အယူအဆတစ်ခုအား လက်ခံသင့်သည်၊ လက်မခံသင့်သည် ကို စဉ်းစားသောအခါ၌ အဓိကထားရှိသော နှုန်းစံမှာ ရှေ့နောက်ညီညွတ်မှု-consistency ဖြစ်၍ ရှေ့နောက်ညီညွတ်မှုအား အဓိကထား၍ လေ့လာသောပညာရပ်မှာ ယုတ္တိဗေဒ-logic ဖြစ်လေရာ အနောက်တိုင်း ဒဿနဗေဒ၌ အမှန်အမှားကို အဆုံးအဖြတ်ပေးသော နှုန်းစံမှာ ယုတ္တိဗေဒဟု ဆိုရမည် ဖြစ်ပေသည်။ အရှေ့တိုင်းဒဿန၏ ရည်ရွယ်ချက်မှာမူ ဒဿနဗေဒ အယူအဆတစ်ရပ်အား လက်တွေ့ဘဝတွင် တိုက်ရိုက်အသုံးချရန်မှာ အဓိကဖြစ်သည်။ အယူအဆတစ်ခုသည် အဘယ်မျှပင် ရှေ့နောက်ညီညွတ်စေကာမူ လက်တွေ့အသုံးချ၍ မရပါက ယင်းအယူအဆအား လက်ခံသင့်သော အယူအဆအဖြစ် မမှတ်ယူကြပေ။ အရှေ့တိုင်းဒဿနဗေဒ၌မူ အယူအဆတစ်ခုအား လက်ခံသင့်၊ လက်မခံသင့်ကို စဉ်းစားသောအခါ အဓိကထားရှိသော နှုန်းစံမှာ ယင်းအယူအဆအား လက်တွေ့ကျင့်သုံးနိုင်မှု-practice ပင်ဖြစ်၏။ ထိုသို့ဆို၍ အရှေ့တိုင်းဒဿနဗေဒ၌ ရှေ့နောက်ညီညွတ်မှု၏ အခန်းဏ္ဍမှာ အရေးမကြီးဟု မဆိုလိုပေ။ အရှေ့တိုင်းဒဿနဗေဒတွင် ရှေ့နောက်ညီညွတ်မှုအား တန်ဖိုးထားပါ၏။ သို့သော် ယင်းအား နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်သော နှုန်းစံအဖြစ်နှင့်မူ လက်မခံကြပေ။ ) အိပ်လို့မရတဲ့ညမှာ- ဒီည အိပ်လို့မရတဲ့ည။ ဆိုပြီး ကိုခင်ဝမ်းကြီးကိုလည်း အဖော်ခေါ်ထားမိ။ အဆိုပါ ဒဿနဆရာကြီးနှစ်ဦးကိုလည်း အနားနား ခေါ်ထားမိ။ အနေခက်အောင် တော်တော့ကို ကူညီနိုင်တဲ့ လူကြီးတွေ ဆိုပြီး အခု ပြုံးပြုံးကြီး ကျေကျေနပ်နပ်ကြီး ရေရွတ်မိသေးတယ်။
Posted on: Sun, 28 Jul 2013 19:19:02 +0000

Trending Topics



Recently Viewed Topics




© 2015