မြန်မာမွတ်စလင် - TopicsExpress



          

မြန်မာမွတ်စလင် (သို့မဟုတ်) ပသီလူမျိုး ဆိုခြင်းကို ဆရာကြီးချယ်၏ အမြင်အား ထပ်ဆင့်တင်ပြခြင်း သမိုင်းရေးရာအရ ဖြစ်ပေါ်လာသည့် လူမျိုးစုတစ်ခုသည် ဘာသာပြောင်းသွားသော်လည်း လူမျိုး အဖြစ်မှာ ပြောင်းလဲသွားခြင်း မရှိနိုင်ပေ။ ပထမအဆင့်အားဖြင့်။ ။ မြန်မာမွတ်စလင်လူမျိုးစု (သို့မဟုတ်) ပသီလူမျိုးစု (သို့မဟုတ်) အခြားအမည် တစ်ခုခုဖြင့် ခေါ်တွင်သော လူမျိုးစုအဖြစ် သတ်မှတ်သည် ဆိုကြပါစို့၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများကိုသာ ထိုလူမျိုးစုတွင် ပါဝင်စေရပေလိမ့်မည်။ သို့ဖြစ်ရာ မြန်မာမွတ်စလင် တစ်ဦး(သို့မဟုတ်) ပသီလူမျိုးတစ်ဦးသည် အခြားဘာသာတစ်ခုခုသို့ ပြောင်းသွားလျှင် မည်သည့်လူမျိုး ဖြစ်မည်နည်း။ သို့တည်းမဟုတ် ဥပမာအားဖြင့် ဗမာလူမျိုးဖြစ်နေသော ခရစ်ယာန်ဘာသာဝင် (သို့မဟုတ်) ဗုဒ္ဓဘာသာဝင်တစ်ဦးသည် အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာသောအခါ မိမိ၏ မူရင်းဗမာလူမျိုးသည် အလိုလို ပျက်ပြယ်သွားရမည်လော၊ ဘာသာပြောင်းလိုက်သည်နှင့် လူမျိုးပြောင်းရမည်လော။ အထက်ပါ ငြင်းမရနိုင်သည့် အချက်အလက်များကြောင့် အစ္စလာမ်သာသနာယုံကြည်ကိုးကွယ်နေ ကြသည့် ဗမာလူမျိုးများ၊ ကရင်လူမျိုးများ၊ ရှမ်းလူမျိုးများ၊ ကယားလူမျိုးများ၊ ချင်းလူမျိုးများ၊ ကချင်လူမျိုးများ၊ ရခိုင်လူမျိုးများ၊ မွန်လူမျိုးများနှင့် လူမျိုးစုံ ကပြားများအား မိမိတို့ ပင်ရင်းလူမျိုးများထဲမှ အဓမ္မခွဲထုတ်၍ ပြန်လည်စုပေါင်းကာ လူမျိုးသစ်တစ်ခု ဖန်တီးလိုကြခြင်းမှာ မည်သည့်နည်းနှင့်မျှ ဖြစ်လည်း မဖြစ်နိုင်ကြောင်းသဘာဝလည်း မကျကြောင်းကို သာမန်လူသား တစ်ဦးပင် အလွယ်တကူ သဘောပေါက် နိုင်ပေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘာသာရေးကို လူမျိုးရေးဖြစ်အောင် ဖန်တီးလိုသည့် ဘာသာရေးအယူ သည်း စိတ်ကူးယဉ် အယူအဆသာ ဖြစ်ပေသည်။ တကယ်လက်တွေ့ သတ်မှတ်မည် ဖြစ်သောအခါ အပြည်ပြည်ဆိုင်ရာ လူမျိုးရေး သတ်မှတ်ချက် ထုံးတမ်းစဉ်လာများနှင့် ဆန့်ကျင်သဖြင့် ဖြစ်နိုင်မည် မဟုတ်ပေး။ မဖြစ်နိုင်သောအရာကို ဖြစ်အောင် မျက်စိမှိန်လုပ်ပါကလည်း မဖွယ်မရာတွေသာ ဖြစ်စေနိုင်ပေ လိမ့်မည်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အစဉ်အလာကို ဖျက်ဆီးရာသာ ရောက်ပေလိမ့်မည်။ ဒုတိယအဆင့်အားဖြင့်။ ။အထက်ပါမှ ကျော်လွန်နိုင်သော အခက်အခဲကို ကျော်လွန်နိုင်ပြီ ထားကြဦးစို့၊ အမျိုးအနွယ်အသီးသီးမှ အစုစုဖြစ်နေသော ပြည်ထောင်စုသား မွတ်စလင်တို့အားလုံးကို စုပေါင်း၍ လူမျိုးစု တစ်ခုအဖြစ် သတ်မှတ်နိုင်မည်လော။ ရခိုင်မွတ်စလင်များ၊ ကမန်မွတ်စလင်များ၊ မြိတ်ခရိုင်တွင် ပသျှူးနွယ် မွတ်စလင်းများ၊ မြန်မာနိုင်ငံအရပ်ရပ်တွင် တရုတ်နွယ် မွတ်စလင်များ၊ ကရင်၊ ကယား၊ ကချင်၊ ရှမ်း၊ မွန်၊ ရခိုင် လူမျိုးများထဲမှ မွတ်စလင်များ၊ မြန်မာပြည်မရှိ ဗမာမွတ်စလင်များ၊ လွတ်လပ်ရေးရပြီးမှ နိုင်ငံသာလက်မှတ် ရယူထားကြသော နိုင်ငံခြားသွေး အပြည့်ရှိ နေကြသေးသော မွတ်စလင်များတို့သည် သူ့ပြဿနာနှင့်သူ၊ သူ့အခွင့်အရေးနှင့်သူ ရှိနေကြရာ အားလုံးကို တစ်ခုတည်းပေါင်း၍ မိမိတို့ မူရင်းလူမျိုးကို စွန့်လွှတ်စေပြီး လူမျိုးသစ်တစ်ခုသို့ ပါဝင်စေနိုင်ပါမည်လား၊ ပါဝင်စေလျှင်ကော ဖြစ်နိုင်ပါမည်လားဟူသော ပြဿနာများ ပေါ်ပေါက်လာကာ မြန်မာမွတ်စလင်အချင်းချင်း ခွဲပစ်ရသည့် ပြဿနာများ မလွှဲမရှောင်သာ ပေါ်ပေါက်လာရမည်၊ မြန်မာမွတ်စလင်အချင်းချင်း ခွဲထုတ်ရသည်နှင့် တပြိုင်နက် မအောင်မြင်ရုံမက ပိုမိုရှုပ်ထွေးစေမည်သာ ဖြစ်ချေသည်။ တတိယအဆင့်အားဖြင့်။ ။ အထက်တွင် ဖော်ပြခဲ့သော အခက်အခဲကြီး နှစ်ရပ်ကို ကျော်လွန်နိုင်ကြပြီ ဆိုကြပါစို့၊ မြန်မာမွတ်စလင်လူထုအား လူမျိုးစုတစ်ခုအဖြစ် သတ်မှတ်ပြီးပြီ ဆိုပါစို့၊ လူဦးရေအချိုးကျ တွက်ပြီး လူမျိုးစုလွှတ်တော် ရွေးကောက်ပွဲနယ်မြေများနှင့် ဒေသန္တရ ရွေးကောက်ပွဲနယ်မြေများကို မြန်မာမွတ်စလင်သာ ယှဉ်ပြိုင်အရွေးခံနိုင်ရန် တောင်းဆိုကြရန် ဖြစ်လာပေလိမ့်မည်။ လူမျိုးစု လွှတ်တော် ရွေးကောက်ပွဲ နယ်မြေတစ်ခုသည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၃/၄ နေရာလောက် ကျယ်ဝန်းသည့် မဲဆန္ဒရှင်များတွင် အခြားဘာသာဝင် တိုင်းရင်းသားတို့က လူများစုချည်း ဖြစ်မည်ဖြစ်ရာ ဤတောင်းဆိုချက် သည် လိုက်လျောနိုင်သော တရားမျှတသော တောင်းဆိုချက်ဖြစ်နိုင်မည်လော၊ အကယ်၍ အစိုးရတစ်ခုခုက လိုက်လျောပြီဆိုကြပါစို့၊ ပြည်သူလူထု စိတ်ဓါတ်တွင် ကျေနပ်နှစ်သိမ့်နိုင်မှု ရှိနိုင်ပါမည်လေား၊ တိုင်းရင်းသား ဘာသာပေါင်းစုံ လူထုအချင်းချင်း အစဉ်အလာက ရှိခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်လာမည်ကိုပင် မစိုးရိမ်ရပေဘူးလား။ နယ်ချဲ့သူလျှိုတို့၏ ခုတုံးအလုပ်ခံရကာ ပြဿနာ ပိုရှုပ်မသွားနိုင်ပေဘူးလား။ စတုတ္ထအဆင့်အားဖြင့်။ ။ အထက်ပါ မကျော်လွှားနိုင်သော အရှုပ်အထွေးများ၊ အခက်အခဲများကို ဘာပဲဖြစ်ဖြစ် ကျော်လွှားနိုင်ပြီဟု စိတ်ကူးယဉ်လိုက်ကြပါဦးစို့၊ မြန်မာမွတ်စလင်တို့သည် လူဦးရေ အချိုးကျ၊ ဒေသန္တရ ကိုယ်စားလှယ်တွေက ဒေသန္တရအဖွဲ့တွေမှာ နည်းနည်း ပါဝင်နိုင်ကြပြီး၊ လူမျိုးစုလွှတ်တော်မှာ အမတ်နည်းနည်း ရပြီးကြပြီဆိုပါစို့၊ ထိုပုဂ္ဂိုလ်များက မြန်မာမွတ်စလင်များအတွက် ဘာတွေ ထူးထူးခြားခြား လုပ်ပေးနိုင်ပါမည်လဲ၊ တိုင်းရင်းသား ဘာသာပေါင်းစုံ လူမျိုးအချင်းချင်း ချစ်ကြည်နားလည်မှု မရှိလျှင် ဘာမျှ ထူးခြားမည် မဟုတ်ပါ။ ဖောက်ပြန်ရေးသမား၊ အခွင့်ရေးသမား အချို့အား ဖြတ်လမ်းမှ အမတ်ဖြစ်စေရေး၊ ၀န်ကြီးဖြစ်စေရေးတို့အတွက် ပြည်ထောင်စုသား မွတ်စလင်တို့က အနစ်နာ အဆုံးရှုံး အမျိုးမျိုးခံရကာ လမ်းခင်းပေးသကဲ့သို့ လိမ့်မည်မဟုတ်ပါလော။ စင်စစ်အားဖြင့် လူထုအချင်းချင်း နားလည်မှု ချစ်ကြည်မှုရှိ လျှင် လယ်ကန်သင်းယှက်တွင် လုပ်နေကြသော လယ်သမားများ၊ ဆိုင်းချင်းယှဉ်တွဲ ရောင်းနေသော ကုန်သည်များ၊ အလုပ်ရုံ စက်ရုံများတွင် အတူတွဲဘက် လုပ်ကိုင်နေကြသော အလုပ်သမားများ၊ တိုင်းပြည်တာဝန်ကို ပုခုံးချင်းယှဉ်ကာ ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများသည် အလွန် ပျော်ရွှင်စွာဖြင့် ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများသည် အလွန်ပျော်ရွှင်စွာဖြင့် တာဝန်ထမ်းဆောင် နိုင်ကြပြီး ရသင့်ရအပ်သော အခွင့်အရေးများကိုလည်း မျှမျှတတ ရရှိရန် မခက်ခဲပေ။ ၄င်းအပြင် လူဦးရေအချိုးကျပေါ် မူတည်ပြီး ဒေသန္တရ ကိုယ်စားလှယ် လူမျိုးစု ကိုယ်စားလှယ်အဖြစ် တောင်းခြင်းအားဖြင့် အခြားသော ကိစ္စရပ်များ၊ အခွင့်အရေး အသီးသီးတွင်လည်း (ယခုအခါ နိုင်ငံသားများ အနေနှင့် အကန့်အသတ်မရှိ ရယူနေကြသည်) အချိုးကျ အခွင့်အရေးများအဖြစ် အဆင့်ဆင့် လိုက်လာလျှင် မတရားဟူ၍ ဆိုင်နိုင်မည်မဟုတ်၊ တရား၍ လက်ခံရပြန်လျှင် ယခုရရှိနိုင်သော အခွင့်အရေး များထက် လျော့နည် ဆုံးရှုံ့းရမည်သာဖြစ်လေသည်။ အထက်ပါအကြောင်းအရာများကို ထောက်ထားကြည့်ရှုခြင်းအားဖြင့် …. (၁) မြန်မာမွတ်စလင်တို့အား အစ္စလာမ်ဘာသာရေးကို အခြေပြု၍ လူမျိုးစုတစ်ခု သီးခြားဖန်တီး၍ မဖြစ်နိုင်။ (၂) မဖြစ်နိုင်ဘဲ မျက်စိစုံမှိတ်ကာ ဖန်တီးရန် အတင်းကြိုးစား လှုံ့ဆော်ခြင်းအားဖြင့် တိုင်းရင်းသား လူထု အချင်းချင်း ရရှိပြီး နားလည်မှုများကို ထိခိုက်ပျက်ပြားစေနိုင်သည်။ (၃) မကျော်လွှားနိုင်သော အခက်အခဲအမျိုးမျိုးကို စွန့်စား ကျော်လွှားနိုင်သည်ထားဦး၊ လက်ရှိအကန့်အသတ်မရှိ ရရှိနေသော အခွင့်အရေးများကို အချိုးကျ စနစ်ကြောင့် လျော့ပါး ဆုံးရှုံးနိုင်သည်။ (၄) မြန်မာမွတ်စလင်များအတွက်ရော၊ ပြည်ထောင်စုအတွက်ပါ သားစဉ်မြေးဆက် ဘာသာရေး နှင့် လူမျိုးရေး ပဋိပက္ခ အမွေးဆိုးတစ်ခုကို ထားခဲ့သကဲ့သို့ ဖြစ်လိုက ဖြစ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် မြန်မာမွတ်စလင်တို့သည် လူမျိုးစုတစ်ခု ဖြစ်လည်းမဖြစ်နိုင်၊ ဖန်တီးရန်လည်း မကြိုးစားအပ်၊ ဖြစ်လိမ့်မည်ဟုလည်း စိတ်ကူးမယဉ်သင့်ပေ။
Posted on: Thu, 31 Oct 2013 07:58:43 +0000

Trending Topics



Recently Viewed Topics




© 2015