မြန်မာနိုင်ငံတွင် - TopicsExpress



          

မြန်မာနိုင်ငံတွင် လူမှုလုပ်ငန်း လုပ်ကိုင်နေသူများကို ခြိမ်းခြောက် တိုက်ခိုက်မှုအချို့ ရှိနေကြောင်း UN ထုတ်ပြန် ရန်ကုန် ၊ သြဂုတ် ၁၉ မြန်မာနိုင်ငံရှိ ဒေသအချို့တွင် လူမှုရေးလုပ်ငန်း ပံ့ပိုး လုပ်ကိုင်နေသော အဖွဲ့အစည်း ခေါင်းဆောင် များနှင့် ၎င်းတို့နှင့် ဆက်နွှယ်နေသူများကို ခြိမ်းခြောက် တိုက်ခိုက်မှုများ ကျန်ရှိနေသေးကြောင်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Ashok Nigam က ပြောကြားသည်။ အဆိုပါ ထုတ်ပြန်ချက်ကို သြဂုတ်လ ၁၉ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ လူသားချင်း စာနာ ထောက်ထားသော အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက် တွင် ပြောကြားထားခြင်း ဖြစ်သည်။ “လူမှုရေးလုပ်ငန်း လုပ်ကိုင်သူတွေကို ခြိမ်းခြောက်မှုနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ရင် အကူအညီ လိုအပ်နေတဲ့ သူတွေဆီ ဒီပစ္စည်းတွေ ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါက လုံးဝ လက်မခံသင့်တဲ့ ကိစ္စတစ်ခု ဖြစ်သလို ကူညီ ပံ့ပိုးနေတဲ့သူတွေကို ဘယ်တော့မှလဲ ရန်လိုမှုတွေ မပြုသင့်ပါဘူး” ဟု Mr.Nigam က ထပ်လောင်း ပြောကြားသည်။ လက်နက်ကိုင် တပ်ဖွဲများ၊ လူမှုကွန်ရက် ခေါင်းဆောင်များ၊ ထိခိုက်ခံရသော လူမှု အဖွဲ့အစည်းများနှင့် လူသားချင်း စာနာ ထောက်ထားမှု လိုအပ်နေသော အဖွဲ့အစည်းများ ကိုယ်တိုင် လူမှု ဝန်ထမ်းများကို ကာကွယ် စောင့်ရှောက်ပေးရန်နှင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်တွင် လူသားချင်း စာနာထောက်ထားမှုများကို တရားဝင် လုပ်ခွင့် မပြုခြင်း၊ ချင်းပြည်နယ်တွင် အငတ်ဘေး ကြုံကြိုက်တုန်းက ယင်းအကူအညီပေးမှု လုပ်ငန်းများ ခွင့်မပြုခြင်း၊ ကချင်ပြည်နယ်တွင် စစ်ဘေး ပဋိပက္ခ ဖြစ်စဉ်က ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ခွင့်မပြုခြင်းတို့ ရှိခဲ့ကြောင်း Equality Myanmar မှ လူ့အခွင့်အရေး လုပ်ငန်း များ ဆောင်ရွက်နေသူ ဦးအောင်မျိုးမင်းက The Voice သို့ ပြောကြားသည်။ “အခုကြုံနေရတာက အသင်းအဖွဲ့ ဥပဒေ မူကြမ်းမှာ လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးတဲ့ အဖွဲ့အစည်းတွေက မှတ်ပုံတင် ပြီးမှ တရားဝင် လုပ်ကိုင်ခွင့် ပြုတဲ့ အချက်ပါပဲ။ တကယ်လို့ လူကို အန္တရာယ် ဖြစ်စေတဲ့ ဘေးအန္တရာယ်ကြီးကြီး တစ်ခု ရှိလာရင် မှတ်ပုံတင် မရှိရင် လုပ်ခွင့် မရှိဘူး ဆိုတဲ့ပုံစံ ဖြစ်နေတာပါ” ဟု ၎င်းက သုံးသပ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Mr.Ashok Nigam က မြန်မာအစိုးရကို Convention on the Safety of UN and Associated Personnel (1994) နှင့် ယင်းသဘောတူ စာချုပ်၏ လုပ်ထုံးလုပ်နည်း ကျင့်ဝတ် (၂၀၁၀) ကို လက်မှတ် ရေးထိုးရန် ထပ်မံ တိုက်တွန်းထားသည်။
Posted on: Tue, 20 Aug 2013 04:23:08 +0000

Trending Topics



Recently Viewed Topics




© 2015