“ မယုံသင်္ကာ - TopicsExpress



          

“ မယုံသင်္ကာ စိုးထိတ်စရာတို့နှင့် လူနည်းစု မြန်မာမွတ်စလင် ” ရန်ကုန်မြို့၏ ညကား… ပုံမှန်မဟုတ်သည့် လျှပ်စစ်မီးက ဖျက်ကနဲလာ ဖျက်ကနဲပျက်မို့ အမှောင်ထု ကြီးစိုးဖွယ်ရှိသည်။ အိမ်နီးဝန်းကျင်ကို အရုဏ်တက်ချိန်ထိ ကင်းစောင့်ရသော မွတ်စလင်အုပ်စုတို့အဖို့ လမ်းကျိုလမ်းကြားများတွင် မည်သည့်အရာ ပုန်းခိုနေမည်ကို ရှင်းရှင်းလင်းလင်း မသိရချေ။ “အစိုးရက ကျွန်တော်တို့လုံခြုံရေးကို တာဝန်မယူဘူး” ဟု စီးပွားရေးသမား ဦးညီညီက ပလက်စတစ်ခုံပေါ်တွင် ထိုင်းရင်း ပြောသည်။ ၎င်းက လူပေါင်း ၁၃၀ နှင့် မွတ်စလင်လုံခြုံရေး ကင်းအဖွဲ့ကို ဖွဲ့စည်းထားသည်။ ဗုဒ္ဓဘာသာအများစုနေထိုင်ရာ တိုင်းပြည်တွင် ဆယ်စုနှစ်များစွာကတည်းက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေလာခဲ့ပြီးကာမှ ယခုလို တိုက်ခိုက်ခံရမည့်အရေးကို တစ်နေ့တခြား စိုးရိမ်နေရကြောင်း မွတ်စလင်တို့က ဆိုသည်။ ပြီးခဲ့သည့် တစ်နှစ်လုံးတွင် နိုင်ငံအနှံ့အပြား၌ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ သောင်းကျန်းသူများဦးဆောင်သည့် အကြမ်းဖက်မှုအဖြစ်အပျက်များစွာက ၎င်းတို့ကို သင်ခန်းစာပေးကြောင်း ပြောပြသည်။ “ကျွန်တော်ကတော့ ရဲတွေ ကျွန်တော်တို့ကို ကာကွယ်ပေးလိမ့်မယ်လို့ မထင်ဘူး” ဟု ဦးညီညီက ဆိုသည်။ လုံခြုံရေးကင်းအဖွဲ့တွင် အများစုမှာ အမျိုးသားများသာဖြစ်ပြီး သစ်သားတုတ်၊ သံတုတ်များကို အရံသင့် ထားရှိကာ လူစိမ်းနှင့် သံသယရှိသူများကို စစ်ဆေးကြရသည်။ ယင်းမှာ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်တို့အကြား ယိုယွင်းနေသော ဆက်ဆံရေးကို ဖော်ပြလျက်ရှိသည်။ တိုင်းပြည်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး မွတ်စလင်များမှာမူ ၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းထိသာရှိသည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ရန်ကုန်မြို့သည် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်၊ ခရစ်ယာန်၊ ဟိန္ဒိုတို့ အတူယှဉ်တွဲနေထိုင်ခဲ့ကြသော ယဉ်ကျေးမှုစုံမြို့ကြီးဖြစ်သည်။ ဗလီများနှင့် ဗုဒ္ဓဘာသာဘုရား ကျောင်းကန်များမှာလည်း အပြန်အလှန် တစ်ဦးအရိပ် တစ်ဦးမိုးခဲ့ကြသည်။ သို့သော် ယခုအခါ လူ့အဖွဲ့အစည်းနှစ်ရပ်အကြားတွင် ကြောက်ရွံ့မှုနှင့် သံသယဖြစ်မှုတို့ စွန်းထင်းလျက်ရှိကြောင်း မွတ်စလင်တို့က ဆိုသည်။ “ကျွန်တော်တို့မှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု ပျက်ပြားနေပါပြီ”ဟု မွတ်စလင်တစ်ဦးဖြစ်သူ ကား ၀ယ်ရောင်းသမား ဦးအေးက ဆိုသည်။ “မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်ကြားမှာရှိတဲ့ အရောင်းအ၀ယ် ကိစ္စတိုင်းဟာ ပြဿနာတစ်ခုအဖြစ် ဦးတည်သွားနိုင်ပါတယ်” ပြီးခဲ့သည့်နှစ်အတွင်း မွတ်စလင် ၂၀၀ ခန့် သေဆုံးခဲ့ရသော ပဋိပက္ခ၏ မူလဇစ်မြစ်မှာ ဗြိတိသျှ ကိုလိုနီခေတ်က အိန္ဒိယမှ ခေါ်ယူလာသော စစ်သား၊ အလုပ်သမားများကို မကျေမချမ်း ဖြစ်ရာမှ စတင်၍ မြန်မာဗုဒ္ဓဘာသာဝင်များအကြား လှုံ့ဆော်မှုများပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ မကြာသေး မီလများတွင် အစွန်းရောက်ဘုန်းတော်ကြီးများက မွတ်စလင်များမှာ ဗုဒ္ဓဘာသာဝင်တို့ထက် ကလေးဦးရေများပြီး ဗုဒ္ဓဘာသာဝင်တို့၏ စရိုက်လက္ခဏာတို့ကို အားလျော့စေမည်ဟုဆိုသော ကြောက်ရွံ့မှုကို လှုံ့ဆော်ကာ သမိုင်းဝင် နာကျည်းချက်ဟောင်းအပေါ်တွင် ထပ်ဆင့်ပေး လိုက်ကြသည်။ တိုင်းပြည်၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မှာမူ အကြမ်းဖက်မှုများနှင့် ယခုတိုင် လွတ်ကင်း နေသေးသည်။ သို့သော် ပဋိပက္ခငယ်လေးများဖြစ်ပေါ်ခဲ့ပြီး ဗုဒ္ဓဘာသာနှင့် မွတ်စလင် လူ့အဖွဲ့အစည်း နှစ်ဘက်လုံးကို တိုက်ခိုက်မည်ဆိုသော ကောလဟလများနှင့်အတူ စိုးရိမ်လွန်ကဲလျက်ရှိသည်။ မတ်လတွင် မိတ္ထီလာမြို့၌ ဗုဒ္ဓဘာသာဝင်လူအုပ်ကြီး၏ မီးရှို့ဖျက်ဆီးမှုအပြီးနောက် ဦးညီညီတို့ အိမ်ပတ်ဝန်းကျင်တွင် ထရပ်ကား၂ စီးအပြည့်ပါလာသော လူများက ညစောင့်ကင်းသမားများကို လေးခွများဖြင့် ပစ်ခတ်ခဲ့သည်။ ငွေကြေးပြည့်စုံသည့် မွတ်စလင်တချို့မှာ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းများမှာလည်း ဗုဒ္ဓဘာသာ ဖောက်သည်များ ဆုံးရှုံးနေသည်။ ၉၆၉ လှုပ်ရှားမှုသည် တိုင်းပြည်ခေါင်းဆောင်တချို့၏ ချီးမြှောက်မှုနှင့်အတူ ကြီးထွားလာပြီး မွတ်စလင် ထုတ်ကုန်များ၊ စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန်၊ မွတ်စလင်များနှင့် အိမ်ထောင်ပြုမှုကို ပိတ်ပင်ရန် စည်းရုံးလှုံ့ဆော်လာခဲ့ကြသည်။ အဆိုပါလှုပ်ရှားမှုက အကြမ်းဖက်နှင့်မပတ်သက်ကြောင်း ငြင်းဆိုသော်လည်း ဝေဖန်သူများကမူ ၎င်းတို့၏ အမုန်းတရားပြည့်နှက်နေသော ဟောကြားချက်များက သတ်ဖြတ်မှုများကို လှုံ့ဆော်ရာတွင် အားပေးရာရောက်ကြောင်း ပြောဆိုကြသည်။ “ကျွန်တော့ဘ၀သက်တမ်းမှာ ဒါမျိုးကြုံရတာ ပထမဦးဆုံးပါ” ဟု ဘင်္ဂါလီဗလီဂေါပကလည်းဖြစ်ပြီး သွင်းကုန်ထုတ်ကုန်လုပ်ငန်းကုမ္ပဏီမှ ဦးမောင်မောင်မြင့်က ဆိုသည်။ လူ့အဖွဲ့အစည်းများကြားတွင် ယုံကြည်မှု ပျက်ယွင်းမှုကို ၎င်းက အလေးအနက်ထား ပြောဆိုသည်။ ဗမာတစ်ယောက်အနေနှင့် ဘ၀တစ်သက်တာ နေထိုင်ခဲ့ရသည့်တိုင်အောင် “အယုံအကြည်မဲ့စေသည်”ဟု ခံစားရကြောင်း ဦးမောင်မောင်မြင့်က ဆိုသည်။ စစ်အာဏာရှင်အုပ်ချုပ်သော ဆယ်စုနှစ်များတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးပြောင်းလဲရန် ဖော်ဆောင်သော အနည်းဆုံး သပိတ်မှောက်ပွဲ ၂ ခုတွင် မွတ်စလင်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့ အမေရိကန်သံရုံးရှေ့ကို ချီတက်ပြီး ..ဒီမိုကရေစီ ရရှိရေး ဒို့အရေး..ဆိုပြီး ကြွေးကြော်ခဲ့ကြတယ်”ဟု ၎င်းကဆိုသည်။ “ကျွန်တော်တို့ ဘ၀တွေကို ဒီထက်ပိုပြီး ငြိမ်းချမ်းသာယာဖို့ပဲ မျှော်လင့်တာ၊ ဒီလိုမျိုးတွေကို မမျှော်လင့်ခဲ့ဘူး” ဟု ဗလီတတိယအထပ်တွင် သောကြာဝတ်ပြုမှုအပြီးပြုလုပ်ခဲ့သော အင်တာဗျူး၌ ဦးမောင်မောင်မြင့်က ပြောဆိုသည်။ အဆိုပါ ဘင်္ဂါလီဗလီတွင် မီးရှို့သူများကို စောင့်ကြည့်ရန် လုံခြုံရေးကင်မရာများကို မနှစ်ကမှ စတင်တပ်ဆင်ခဲ့သည်။ မြန်မာနိုင်ငံတွင် မည်ကာမတ္တအရပ်သားအစိုးရ အုပ်ချုပ်လျက်ရှိပြီး ပွင့်လင်းလွတ်လပ်မှုတွင် အမုန်းတရားများသာ ထွန်းကားခဲ့သည်။ အကြမ်းဖက်မှုအများစုကို ပြည်တွင်းနှင့် ပြည်ပရောက် သဘောထားတင်းမာသူများက ပြုလုပ်ခဲ့သည်။ သို့သော် အသေးစား ပဋိပက္ခများမှာမူ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်လာခြင်းမရှိချေ။ လှိုင်သာယာမြို့တွင် အသက် ၅၉ နှစ်အရွယ် ဈေးဆိုင်ပိုင်ရှင် ဦးခင်မောင်ဌေးမှာ ဖေဖော်ဝါရီလတွင် ဗုဒ္ဓဘာသာလူအုပ်ကြီး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဦးခင်မောင်ဌေးမှာ ဆယ်အိမ်မှူးတစ်ဦးဖြစ်ပြီး ပဋိပက္ခအစပျိုးချိန်ကတည်းက ဗုဒ္ဓဘာသာဝင် မိတ်ဆွေအချို့က ၎င်းအား သတိပေးပြောဆိုခဲ့သည်။ “ကျွန်တော် ရဲကို ဖုန်းဆက်တယ်၊ ဒါပေမယ့် သူတို့က ဘာမှမစိုးရိမ်နဲ့.. ပြဿနာမရှိဘူးလို့ ပြန်ပြောတယ်”ဟု ၎င်းက ဆိုသည်။ ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးက တိုက်ခိုက်ခဲ့သောအခါ ရဲများရောက်ရှိလာသော်လည်း လူအုပ်ကြီးအား လူစုခွဲရန် မစွမ်းဆောင်နိုင်ခဲ့ကြောင်း ဦးခင်မောင်ဌေးကဆိုသည်။ ၎င်း၏ ဆိုင်မှာ ဖျက်ဆီးခံရပြီး အတွင်းပစ္စည်းများမှာလည်း လုယက်ခံလိုက်ရသည်။ ၎င်းမှာ အိမ်သို့ထွက်ပြေးခဲ့ရပြီး ယခုအခါ မိမိမြို့၌ပင် ဒုက္ခသည်တစ်ဦးဘ၀ရောက်ရှိကာ အခြားဆွေမျိုးသားချင်း ၂၂ ဦးနှင့်အတူ ရန်ကုန်မြို့လယ်က အိပ်ခန်း၂ခန်းပါ တိုက်ခန်းတွင် ပြွတ်သိပ်နေထိုင်ရသည်။ မိမိ၏ မူလနေအိမ်သို့ ပြန်ရန် ကြိုးစားသော်လည်း တစ်ချိန်က မိမိ၏ ဖောက်သည်များဖြစ်ခဲ့သော မာန်ကြွနေသည့် ဒေသခံများက အော်ဟစ်ဆဲဆိုခြိမ်းခြောက်ခဲ့ကြကြောင်း ၎င်းက ပြောပြသည်။ “သူတို့က …..အိန္ဒိယကို ပြန်တော့၊ ဘင်္ဂလားဒေ့ရှ်ကို ပြန်တော့ …လို့ ပြောကြတယ်”ဟု ဦးခင်မောင်ဌေးကဆိုသည်။ အဓိကရုဏ်းကာလအတွင်း မွတ်စလင်များကို တိုင်းပြည်မှ ထွက်ခွာသွားရန် အကြံပြုချက်များ သံပြိုင်ပေါ်ထွက်လာရာ မိမိတို့ကိုယ်ကို မြန်မာမွတ်စလင်များအဖြစ် မှတ်ယူသူတို့အဖို့ စိတ်ရှုတ်ထွေးဖွယ်ရာပင်ဖြစ်သည်။ ဦးခင်မောင်ဌေး၏ အဖေနှင့် အဖိုးတို့အားလုံးလည်း မြန်မာနိုင်ငံသားများဖြစ်ကြသည်။ မြန်မာမွတ်စလင်များဆိုသည်မှာ ကွဲပြားခြားနားသော လူမျိုးစုများနှင့် အသွင်သဏ္ဌာန်အသီးသီးဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ အချို့မိသားစုများတွင် အမျိုးသမီးများက ခေါင်းစည်း ပုဝါဆောင်းကြပြီး အမျိုးသားများက မုတ်ဆိတ်ရှည်များ ထားကြသည်။ သို့သော် အများစုမှာ မြန်မာ့လူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းရန် ကြိုးစားလျက်ရှိသည်။ “ကျွန်တော်တို့မှာ မြန်မာ့လူနေမှုစရိုက်ပဲရှိတာ၊ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသားတွေပဲ၊ ကျွန်တော် မြန်မာကျောင်းတွေကိုပဲ တက်ခဲ့တာပါ”ဟု ကွန်ပျူတာစာစီစာရိုက်လုပ်ငန်းပိုင်ရှင် ဦးမောင်မောင်မြင့် (သွင်းကုန်ထုတ်ကုန်ပိုင်ရှင်မဟုတ်)က ပြောဆိုသည်။ ၎င်း၏ ဖောက်သည် ၉၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ သို့သော် ယခုနှစ်အစောပိုင်း ကတည်းက အများစုက မလာတော့ဘဲ ယခုကဲ့သို ခွဲခြားဆက်ဆံမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရကြောင်း ၎င်းက ဆိုသည်။ မြန်မာပြည်က ဗုဒ္ဓဘာသာဝင်များက မွတ်စလင်တို့ကို မနှစ်သက်ကြောင်း မကြာခဏ ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိသည်။ ရန်ကုန်မြို့တွင် နာမည်ရှိသော “Feel” စားသောက်ဆိုင်ခွဲများပိုင်ရှင် ဦးစိုးညီညီကမူ မွတ်စလင်အလုပ်သမား မခန့်ခြင်းနှင့်ပတ်သက်၍ ယခုလို ပြောကြားသည်။ “သူတို့ရဲ့ သဘောထား၊ သူတို့ရဲ့ ဟန်ပန်၊ သူတို့ရဲ့ အပြုအမူတွေဟာ တော်တော့်ကို ကွဲပြားခြားနားတယ်” ၎င်း၏ အလုပ်သမား ၁၈၀၀ တွင် မွတ်စလင် ၂ ဦးသာရှိပြီး တစ်ဦးကို ကားပတ်ကင်ထိုးသည့်နေရာနှင့် နောက်တစ်ဦးကို အိန္ဒိယရေခဲမုန့်လုပ်သည့်နေရာတွင် ခန့်အပ်ထားသည်။ “မွတ်စလင်တွေကို တိုက်ခန်းတစ်ခန်းရောင်းလိုက်မယ်ဆိုရင် အဆောက်အဦးတစ်ခုလုံး ဈေးကျသွားလိမ့်မယ်”ဟု အိမ်ခြံမြေကိစ္စတွင် မွတ်စလင်တို့အားမရောင်းချခြင်းနှင့် ပတ်သက်၍ ဦးစိုးညီညီက ပြောပြသည်။ အိန္ဒိယမှ တင်သွင်းလာသော ဂတ်စ်မီးဖို ရောင်းချသည့် စီးပွားရေးသမား ဦးမြင့်သိန်းကမူ ၎င်း၏ ကလေးတို့အား ပဋိပက္ခနှင့်ပတ်သက်၍ ရှင်းပြရန် ခက်ခဲနေကြောင်း ပြောဆိုသည်။ “ကလေးတွေကို အဲဒီလို ထိတ်လန့်ဖွယ် သတင်းတွေ မကြားအောင် ကျွန်တော်အကောင်းဆုံး ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူတို့ ကြားသိခဲ့တယ်။ ဒီတိုင်းပြည်ကနေလည်း ကျွန်တော်တို့ ထွက်ခွာသွားဖို့လည်း တစ်ခါမှ မစဉ်းစားခဲ့ဘူး၊ ဒါပေမယ့် ဒီလိုပြဿနာတွေကြားမှာ ကလေးတွေကို ထပ်ပြီးတော့ မကြုံစေချင်တော့ဘူး”ဟု ၎င်းက ပြောပြသည်။ Newsyork Times ပါ ဆောင်းပါးရှင် Thomas Fuller ၏ Myanmar’s Muslim Minority Confronts Fear and Mistrust ကို စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မီဒီယာ)က ဘာသာပြန်ဆိုသည်။ Credit : Myanmar Muslim Media
Posted on: Thu, 04 Jul 2013 19:10:16 +0000

Recently Viewed Topics




© 2015