အောက်တိုဘာလ ၃၀ - TopicsExpress



          

အောက်တိုဘာလ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ #အယ်ဒီတာ့အာဘော် အရှုံးအမြတ် တွက်၍မရသော အခြေခံ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရ သတင်းစာဖြစ်သော မြန်မာ့အလင်းတွင် ပြည်သူအားလုံးနှင့်ဆိုင်သော ပြည်သူအားလုံး စိတ်ဝင်စားသော အသိပေး ကြေညာချက် တစ်ရပ်ကို ဖတ်ရသည်။ ယင်းမှာ လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြင်ဆင်ပြောင်းလဲ ကောက်ခံမည့် ကိစ္စအား အသိပေးခြင်း ဖြစ်သည်။ ယင်းတွင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စတင်၍ အောက်ပါတစ်ယူနစ် နှုန်းထားများအတိုင်း ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ် လိုက်ပါသည် ဟု ပါရှိသည်။ လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို နှစ်ဆတိုး ကောက်ခံရန် အသိပေး ကြေညာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ် တက်လာပြီးနောက် နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက်ရှိရာ နိုင်ငံတော် သမ္မတက ဆင်းရဲမွဲတေမှု ပပျောက်ရေး ကို ဆောင်ရွက်မည့်အကြောင်း ကတိပြု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ပျမ်းမျှပြည်သူတို့၏ တစ်ဦးချင်း ၀င်ငွေသည် လွန်စွာနိမ့်ပါးလျက်ရှိပြီး ပြည်သူအများစုသည် စားဝတ်နေရေးအတွက် နေ့စဉ်အပြင်းအထန် ရုန်းကန်နေရသည့် အနေအထားတွင် ရှိသည်။ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း ပြည်သူအများစု၏ လူနေမှု အဆင့်အတန်းမှာ တက်မလာဘဲ ကုန်ဈေးနှုန်းများသာ တက်လာခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း မျှော်မှန်းထားသလောက် ၀င်ရောက်လာခြင်း မရှိသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း နည်းပါးကာ ပြည်သူအများစု၏ စီးပွားရေးသည် ပို၍ပို၍ ကျပ်တည်း၍ လာနေသည်။ ပြည်သူ့သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း အစရှိသည်တို့သည် ပြည်သူတို့အတွက် အခြေခံ လိုအပ်ချက်ဖြစ်သော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည်။ ပြည်သူအများစု ၀င်ငွေလွန်စွာ နိမ့်ပါးကာ စီးပွားရေး လွန်စွာကျပ်တည်းနေသည့် မြန်မာကဲ့သို့သော နိုင်ငံတွင် ပြည်သူတို့အတွက် အခြေခံ ၀န်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အရှုံးအမြတ် တွက်ချက်နေ၍ မရပါ။ ပြည်သူကို ကိုယ်စားပြုသည့် အစိုးရ အနေဖြင့် အထိုက်အလျောက် တာဝန်ယူရမည် ဖြစ်သည်။ သို့သော် နိုင်ငံတော် ဘတ်ဂျက်၌ လူမှုဖူလုံရေးအတွက် ရန်ပုံငွေမှာ လွန်စွာနည်းပါးနေဆဲ ဖြစ်သည်။ အခြေခံ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရ အနေဖြင့် အပြည့်အ၀ တာဝန်မယူနိုင်သည့်တိုင် နိုင်ငံတော်မှနေ၍ အကျိုးအမြတ် လွန်စွာကြီးမားသော စီမံကိန်းများကို ရယူထားသည့် ပုဂ္ဂလိက ကုမ္ပဏီကြီးများ အနေဖြင့် ၀ိုင်းဝန်းတာဝန် ယူသင့်သည်။ အကျိုးအမြတ် လွန်စွာကြီးမားသော လုပ်ငန်းများကိုသာ ရယူလိုပြီး အရှုံးပေါ်မည့် လုပ်ငန်းများကို လက်ရှောင်ခြင်းမှာ မလုပ်သင့် မလုပ်အပ်သော ကိစ္စဖြစ်သည်။ နိုင်ငံ၏ အဆီအနှစ်များကိုသာ စားသုံးလိုပြီး နိုင်ငံနှင့် ပြည်သူတို့အတွက် မည်သည့်တာဝန်ကိုမှ မယူလိုခြင်းသည်လည်း ပြည်တွင်းမှ လုပ်ငန်းရှင်များအတွက် လွန်စွာရှက်ဖွယ်ရာ ဖြစ်သည်။ နိုင်ငံတော် အနေဖြင့် ယင်းကဲ့သို့သော ကိစ္စများ၌ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။ အကျိုးအမြတ် ကြီးမားသော လုပ်ငန်းများ ချပေးမည်ဆိုလျှင် အရှုံးပေါ်မည့် အခြေခံပြည်သူ့ ၀န်ဆောင်မှု လုပ်ငန်းများကိုလည်း တွဲလျက်တာဝန် ပေးသင့်သည်။ ထို့ကြောင့် ပြည်သူတို့အတွက် အခြေခံ ၀န်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အရှုံးအမြတ် တွက်ချက်ရန် မသင့်ကြောင်းနှင့် အစိုးရက အပြည့်အ၀ တာဝန်မယူနိုင်သည့် အခြေခံ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အစိုးရကြီးကြပ်လျက် ပုဂ္ဂလိက ကုမ္ပဏီကြီးများကို တွဲဖက်တာဝန် ယူစေသင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။
Posted on: Wed, 30 Oct 2013 07:34:59 +0000

Trending Topics



Recently Viewed Topics




© 2015