အီဂျစ်မှာ မွတ်စလင် - TopicsExpress



          

အီဂျစ်မှာ မွတ်စလင် ညီအကိုတော်များအဖွဲ့က ဝန်ကြီးချုပ် မော်စီ ပြုတ်ကျသွားပြီး အခုဆိုရင် ဝန်ကြီးချုပ်သစ် တယောက်တောင် ရောက်လာပြီ။ အီဂျစ်က အဖြစ်အပျက်တွေအကြောင်း အမျိုးမျိုး အဖုံဖုံ ဝေဖန်သုံးသပ် မှတ်ချက်ပေးခဲ့တာတွေကိုလည်း မျက်မှောက်ရေးရာတွေ စိတ်ဝင်စားသူတွေ တွေ့ပြီးလောက်ပြီ။ ဒီအဖြစ်အပျက်ကနေ ပေါ်ထွက်လာတဲ့ သင်ခန်းစာယူစရာ တချို့ကို အခု ဆွေးနွေးကြည့်ချင်တယ်။ ပထမတချက်က ဒီမိုကရေစီအစိုးရတရပ်ဟာ လူထုထောက်ခံမှုတခုထဲနဲ့ အာဏာကို ရေရှည်ယူထားဖို့ မဖြစ်နိုင်တာကို ဒီအဖြစ်အပျက်မှာ တွေ့ခဲ့ရတယ်။ မော်စီဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရပြီးတက်လာသူ ဆိုပေမယ့် သူနဲ့ မွတ်စလင် ညီအကိုတော်များအဖွဲ့ကို ထောက်ခံမှုဆိုတာ secular support ရေမရောတဲ့ ထောက်ခံမှုမျိုးလား၊ ဒါမှမဟုတ် သူ့အရင် အာဏာရှင် မူဘာရက်ရဲ့ အုပ်ချုပ်မှုကို အော်ဂလီဆန်မှုကို ပြသတဲ့ ထောက်ခံမှုလားဆိုတာ မသဲကွဲဘူး။ လူထု ထောက်ခံမှု ဘယ်လောက်ရှိရှိ အစိုးရတရပ်ဟာ လူထုရဲ့ အခြေခံအကျဆုံး လိုအပ်ချက်တွေဖြစ်တဲ့ သက်မွေးဝမ်းကျောင်းမှုအပါ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတွေကို အတိုင်းအတာတခုထိ အာမခံချက် မပေးနိုင်ရင် ဒီထောက်ခံမှုတွေဟာ ကိုယ်ရထားတဲ့ အာဏာကို ဆက်တည်တံ့စေဖို့ အထောက်အပံ့ဖြစ်မှာ မဟုတ်ဘူး။ အကောင်းဆုံး ဥပမာအနေနဲ့ သွားလေသူ ဗင်နီဇွဲလား သမ္မတဟောင်း ဟူဂိုရှားဗက်ဇနဲ့ နှိုင်းကြည့်ချင်တယ်။ ရှားဗက်ဇကို ၂၀ဝ၂ မှာ အာဏာသိမ်းဖို့ ကြိုးစားတဲ့ အဖြစ်အပျက်မှာ အာဏာသိမ်းခံရပြီးနောက် ဗင်နီဇွဲလား တနိုင်ငံလုံးနီးနီး လမ်းပေါ်ထွက်လာပြီး သုံးရက်အကြာမှာ သူ့ကို သမ္မတနေရာကို ချက်ချင်း ပြန်တင်ပေးခဲ့တယ်။ နှစ်ဆယ့်တရာစုက စက်ရုပ်နိုင်ငံရေးစနစ်မှာ ဒီလို လူထုထောက်ခံမှုနဲ့ နိုင်ငံရေးအာဏာကို ထိန်းထားနိုင်တဲ့ နိုင်ငံ့ခေါင်းဆောင် ဘယ်နှစ်ယောက်များရှိမလဲ။ ရှားဗက်ဇဟာ ရေနံရောင်းရငွေနဲ့ တိုင်းသူပြည်သားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကောင်းကောင်း တာဝန်ယူနိုင်တယ်။ ဒီတာဝန်ယူနိုင်မှုတွေနဲ့ သူ့ရထားတဲ့ ရေပန်းစားမှုတွေဟာ သူ့ရထားတဲ့ လူထုထောက်ခံမှုထဲမှာ ရောပြွန်းပြီး တည်နေတဲ့အတွက် သူဟာ မော်စီ အခု ကြုံခဲ့ရတဲ့ အဖြစ်မျိုးကို ရှောင်နိုင်ခဲ့တယ်လို့ ယူဆမိတယ်။ မြန်မာနိုင်ငံက လူထုထောက်ခံမှုရနေတဲ့ အဖွဲ့အစည်းတွေ အာဏာရလာတောင် စီးပွားရေး၊ လူမှုရေးဘက်မှာ စိတ်တိုင်းကျလောက်တဲ့ ဆောင်ရွက်မှုတွေ မလုပ်နိုင်ရင် လူထုထောက်ခံမှုဟာ အလွယ်တကူ အငွေ့ပျံသွားနိုင်တာကို အီဂျစ်ကနေ သင်ခန်းစာယူနိုင်မယ်။ နောက်တခုက ဒီမိုကရေစီဆိုတာ လူများစုအုပ်ချုပ်မှုဆိုပေမယ့် ကနေ့ခေတ်မှာ ဒီမိုကရေစီဟာ လူနည်းစုဖြစ်တဲ့ အုပ်စုတွေရဲ့ အမြင်တွေ၊ အသံတွေကိုပါ အများကြားနိုင်စေမယ့် လမ်းကြောင်းမျိုးတွေ ဖွင့်ပေးဖို့ လိုအပ်တာကို ပြနေတယ်။ တနည်းအားဖြင့် ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲမှာ မဲအများစုရပြီးတာနဲ့ ကိစ္စပြတ်မသွားဘူး။ အီဂျစ်က လက်ရှိ နိုင်ငံရေး structure ဟာ ဒီလို လူနည်းစုဖြစ်တဲ့ အုပ်စုတွေရဲ့ အသံတွေ ထွက်နိုင်မယ့် ပုံစံမျိုး မရှိဘူး။ ဒါမျိုးက အတိုင်းအတာတခုထိ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာသာ မြင်ရနိုင်ပုံမျိုး။ လက်တွေ့အားဖြင့် အင်ဂလန်မှာတောင် proportional representation စနစ်ကို ကျင့်သုံးဖို့ကို ငြင်းဆန်နေကြတယ်။ သို့သော်လည်း ဒီအချက်က ဒီလောက်ကြီး သေရေးရှင်ရေး မဟုတ်သေးဘူး။ စင်ကာပူတို့မှာ ဒီလို pluralist ပုံစံမရှိတာတောင် အစိုးရဟာ အများကြီး တည်ငြိမ်မှုရှိတယ်။ တတိယတချက်က မဲဆန္ဒရှင်ဆိုတာ မွတ်စလင်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဖြစ်ဖြစ် ဘာသာရေးအယူအဆ၊ ideological disposition ဘယ်သို့ရှိရှိ နောက်ဆုံး အုပ်ချုပ်မှု၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရွေးချယ်မှုလုပ်တဲ့အခါ ဒီအချက်တွေက ထင်သလောက် အဆုံးအဖြတ်မပေးတော့တာ တွေ့ရတယ်။ ဒါကို ကောင်းကောင်း သဘောပေါက်တဲ့ အနောက်နိုင်ငံတွေက မော်စီ အစိုးရ ဟုတ္တိပတ္တိ မလုပ်နိုင်အောင် အကူအညီအထောက်အပံ့ကို မပေးဘဲ စစ်တပ်ကိုပဲ ပုံအောဖို့နေခဲ့တယ်။ နောက်ဆုံးတချက်အနေနဲ့ လုံခြုံရေး၊ ငြိမ်းချမ်းရေးတွေဟာ လူတွေရဲ့ အန္တိမလိုအင်ဆန္ဒတွေလို့ အပေါ်မှာ အရိပ်အမြွက် ပြခဲ့လင့်ကစား ideology ဟာလည်း လူတွေရဲ့ အဆုံးအဖြတ်တွေနဲ့ နိုင်ငံရေးတည်ငြိမ်မှုပေါ် အတိုင်းအတာတခုထိ (ဘယ်လောက်အတိုင်းအတာထိဆိုတာ အငြင်းပွားစရာ) အဆုံးအဖြတ်ပေးနိုင်တယ်။ ဒါကို အီဂျစ်နဲ့ပတ်သက်နေတဲ့ stake holders တွေ အသိအမှတ် မပြုလို့ မရဘူး။ လက်တွေ့အားဖြင့် ပြောရရင် အီဂျစ်မှာ Islamist တွေကို အနာဂတ် နိုင်ငံရေးမှာ ဝင်ပါခွင့် ပြုကိုပြုရမယ်။ ဒီလို မပြုဘဲ အီဂျစ်မှာ တည်ငြိမ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေခံတွေ ပေါ်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခုချိန်ထိတော့ အီဂျစ်ရဲ့ အိမ်နီးချင်းတချို့ အပါအဝင် အဓိက stake holders တွေဟာ ဒီအချက်ကို အသိအမှတ်ပြုဖို့ ဝန်လေးနေကြတုန်းပဲ။ ဒီတော့ ဇာတ်လမ်းက ဆုံးမှာ မဟုတ်သေးဘူး။
Posted on: Wed, 10 Jul 2013 15:41:13 +0000

Recently Viewed Topics




© 2015