မြတ်ဗုဒ္ဓသည် - TopicsExpress



          

မြတ်ဗုဒ္ဓသည် ဖွားမြင်တော်မူသည်မှ ပရိနိဗ္ဗာန်ပြုတော်မူသည် အထိဘ၀ဖြစ်တော်စဉ် တစ်လျှောက်လုံး သီတင်းသုံးတော်မူရာနေရာသည် ဗုဒ္ဓ၏ မဇ္ဈိမဒေသဟု ခေါ်ဆိုခဲ့ပြီး ယခုအခါ နိပေါနိုင်ငံနယ်စပ်၊ အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်နှင့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ် တို့ဖြစ်ပါသည်။ သံဝေဇနိယလေးဌာန (၁) ဖွားမြင်တော်မူရာ လုမ္ဗိနီ ( နိပေါနိုင်ငံနယ်စပ်) (၂) သဗ္ဗညုတရွှေဉာဏ်တော် ရရှိတော်မူရာ ဗုဒ္ဓဂယာ (အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်) (၃) သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော် ( အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ) (၄) တာဝတိံသာမှ ဆင်းသက်ရာ သကံင်္ဿနဂိုရ် ( အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ) အထက်ပါနေရာဌာနများအပြင် အခြားနေရာဌာနများသို့ ဘုရားဖူးများအနေဖြင့် ရောက်ရှိမည်ဖြစ်ပါသည်။ ဘုရားဖူး သူတော်စင်များရောက်ရှိမည့် ဗုဒ္ဓ၏နေရာတော်မြတ် များ နှင့် စပ်လျဉ်း၍ အကျဉ်းအားဖြင့် ဖော်ပြအပ်ပါသည်။ အ၀ိဇဟိတလေးဌာန (၁) သဗ္ဗာညုတ ရွှေဉာဏ်တော် ရရှိတော်မူရာ ဗုဒ္ဓဂယာ (၂) တရားဦး ဟောတော်မူရာ မိဂဒါဝုန် (၃) သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော် ( အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ) (၄) တာဝတိံသာမှ ဆင်းသက်ရာ သကံင်္ဿနဂိုရ် ( အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ) အထက်ပါနေရာဌာနများအပြင် အခြားနေရာဌာနများသို့ ဘုရားဖူးများအနေဖြင့် ရောက်ရှိမည်ဖြစ်ပါသည်။ ဘုရားဖူး သူတော်စင်များရောက်ရှိမည့် ဗုဒ္ဓ၏နေရာတော်မြတ် များ နှင့် စပ်လျဉ်း၍ အကျဉ်းအားဖြင့် ဖော်ပြအပ်ပါသည်။ လုမ္ဗိနီ မဟာသက္ကရာဇ် ( ၆၈ ) ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် လုမ္ဗိနီဥယျာဉ်တော်၌ ဖွားမြင်တော်မူခဲ့ပါသည်။ ယခုအခါ လုမ္ဗိနီဥယျဉ်တော်သည် အိန္ဒိ္ဒယနှင့် နိပေါနိုင်ငံ (၂) နိုင်ငံနယ်စပ် နိပေါနိုင်ငံအတွင်း သုဒ္ဓေါဒနမင်းကြီး၏ ရှေးဟောင်းမြို့တော် ကပိလ၀တ်နှင့် သုပ္ပဗုဒ္ဓမင်းကြီး၏ ဒေ၀ဒဟတို့၏အကြား လုမ္ဗိနီ (LUMBINI) အရပ်၌ တည်ရှိပါသည်။ ဥယျာဉ်တော်အတွင်း မယ်တော်မာယာ အလောင်းတော် ဖွားမြင်ခန်း ရုပ်တုတော်တည်ရှိသော ပြန်လည်ပြုပြင်မွမ်းမံထားသည့် အဆောက်အဦတော်၊ သိရီဓမ္မာသောက မင်းကြီး၏ကျောက်တိုင်၊ ဖွားမြင်ပြီး အလောင်းတော်ခြေလှမ်း ခုနစ်လှမ်းလှမ်းရာစေတီတော်၊မယ်တော်နှင့် ဘုရားအလောင်းတော်တို့ရေသန့်စင်ရာရေကန်တော်တို့ ဖြစ်ပါသည်။ လုမ္ဗိနီတွင် နိုင်ငံတော်အစိုးရ၏ ရွှေကျောင်းတော်ရှိပါသည်။ ရွှေကျောင်းတော်ဝင်း အတွင်း လောကမဏိစူဠာစေတီ ကိုတည်ထားပါသည်။ ဗုဒ္ဓဂယာ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ( ၁၀၃ ) ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သဗ္ဗာညုတ ရွှေဉာဏ်တော်ရတော်မူလျက် ဘုရားစင်စစ် ဖြစ်တော်မူခဲ့ပါသည်။ ယခင် မဂဓတိုင်း၊ ယခုအခါ အိန္ဒိ္ဒယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဂယာမြို့အနီး၊ ဗုဒ္ဓဂယာ Bodhgaya အရပ်တွင် တည်ရှိပါသည်။ ဘုရားအဖြစ် ရရှိခဲ့သော ဗောဓိပင်နှင့် ရွှေပလ္လင်နေရာ၌ သိရီဓမ္မာသောကမင်းကြီးက မဟာဗောဓိစေတီတော်ကို တည်ထားခဲ့ပါသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ခုနစ်ရက် ခုနှစ်လီ စံတော်မူခဲ့သော သတ္တဌာနများ ဗောဓိပင်နှင့် ရွှေပလ္လင် ( ပထမသတ္တဟ၊ ပလ္လင်္ကသတ္တဟ ) အနိမိဿစေတီတော် ( ဒုတိယသတ္တဟ၊ အနိမိဿသတ္တဟ ) ရတနာစင်္ကမစင်္ကြံတော် ( တတိယသတ္တဟ၊ စင်္ကမသတ္တဟ ) ရတနာဃရရွှေအိမ်တော် ( စတုတ္ထသတ္တဟ၊ ရတနာဎရသတ္တဟ) အဇပါလဆိတ်ကျောင်းညောင်ပင် (ပဉ္စမသတ္တဟ၊ အဇပါလနိဂြောဓသတ္တဟ ) မုစလိန္ဒအိုင် ( ဆဋ္ဌမသတ္တဟ၊ မုစလိန္ဒသတ္တဟ ) လင်းလွန်းပင် (သတ္တမသတ္တဟ၊ ရာဇယတနသတ္တဟ ) ဤဗုဒ္ဓဂယာဒေသတွင် ဖူးမြော်ကြည်ညိုရမည့် အခြား ဌာနများမှာ - (၆)နှစ်တိုင်တိုင် ဒုက္ကရစရိယာ ကျင့်တော်မူရာ ဒုက္ကရစရိယတောင်၊ ဆွမ်းခံကြွတော်မူရာသေနနိဂုံးရွာ ဆွမ်းချက်ရာ သုဇာတာအိမ်နေရာ၊ သုဇာတာ ဃနာနို့ဆွမ်းကပ် သည့်နေရာ၊ ဘုရားအလောင်းတော် ဆွမ်းဘုဉ်းပေးသည့်နေရာ၊ ရွှေခွက်မျှောသည့်နေရာ၊နေရဉ္စရာမြစ်၊ ဥရုဝေလရသေ့ကြီးကျောင်းသင်္ခန်း၊ မင်းတုန်းမင်းကြီး၏ ဇရပ်နှင့် ကျောက်စာတို့ ဖြစ်ပါသည်။ ထို့ပြင် ကုသိုလ်သဒ္ဓါတရား ပွားများနိုင်ရန် မြန်မာဘုန်းတော်ကြီးကျောင်းများမှာ- ဗုဒ္ဓဂယာမြန်မာကျောင်း မဟာဗောဓိကမ္မဋ္ဌာန်းရိပ်သာ မဟာအောင်မြေကျောင်း ကမ္ဘောဇရှမ်းကျောင်း ပညာတော်သင် မြန်မာရဟန်းတော် စာသင်သားများကျောင်းတို့ ဖြစ်ပါသည်။ မိဂဒါဝုန် မြတ်စွာဘုရားသည် ဗုဒ္ဓဂယာတွင် ဘုရားအဖြစ် သဗ္ဗာညုတ ရွှေဉာဏ်တော် ရရှိပြီး၊ သတ္တဌာန ခုနှစ်ဌာန စံတော်မူပြီးနောက်၊ မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့တွင် ပဉ္စ၀ဂ္ဂီ(၅)ဦးနှင့် နတ်ဗြဟ္မာတို့အား တရားဦးဓမ္မစကြာ တရားတော်ကိုဟောကြားတော်မူခဲ့ပါသည်။ ယခင် ကာသိတိုင်း၊ ယခုအခါ အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဗာရာဏသီမြို့အနီး၊ မိဂဒါဝုန်ဥယျာဉ် ( SARNATH ) အရပ်တွင် တည်ရှိပါသည်။ မိဂဒါဝုန်ဥယျာဉ်အတွင်း ဖူးမြော်ကြည်ညိုရမည့်နေရာတော်များမှာ ဓမ္မစကြာ တရားဦးဟောတော်မူရာ ဓမ္မရာဇိကစေတီတော်၊ အနတ္တလက္ခဏသုတ်ဟောတော်မူရာ ဓမ္မေခစေတီ၊ ပထမ၀ါကပ်တော်မူရာနှင့် သီတင်းသုံးနေရာတော်ရှိ နန္ဒိယကျောင်းတော်ရာ၊ ယသသူဌေးသား အပါအ၀င် သူငယ်ချင်း (၅၅) ဦးအားတရားဟောတော် မူရာပလ္လင်တော်နေရာ၊ သိရီဓမ္မာသောကမင်းကြီး၏ အထိမ်းအမှတ်ကျောက်တိုင်၊ ဘိက္ခုနီတို့၏ ကျောင်းတော်ရာဟောင်းများ ဖြစ်ပါသည်။ ထို့ပြင် မိဂဒါဝုန်အရပ်တွင် ပဉ္စ၀ဂ္ဂီ (၅) ဦးမှ မြတ်စွာဘုရားအား ခရီးဦးကြိုပြုသည့်နေရာတွင် တည်ထားသော ခြောက်ခဏ္ဍီစေတီ၊ အနာဂါရိက ဓမ္မပါလ၏ မူလဂန္ဓာ ကုဋီတိုက်၊မြန်မာနိုင်ငံမှ အလှူရှင်များ တည်ထားသော ဓမ္မစကြာတရားဦးဟောဟန် ရုပ်ပွားတော်၊ သီရိလင်္ကာဝန်ကြီးချုပ် စိုက်ပျိုးထားသောဗောဓိပင်နှင့် မိဂဒါဝုန် ပြတိုက်တို့ဖြစ်ပါသည်။ မိဂဒါဝုန်တွင် - မိဂဒါဝုန် မြန်မာကျောင်း ဆောက်လုပ်ဆဲ မြန်မာကျောင်း ( ၂ ) ကျောင်း ဗာရာဏသီမြို့တွင် စီဂရာကျောင်း၊ ဆေးဝင်္ကဘာကျောင်းတို့ ဖြစ်ပါသည်။ ကုသိနာရုံ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံသည်မြတ်စွာဘုရား လက်ထက်တော် ကာလကမလ္လတိုင်း၊ ကုသိနာရုံပြည်၊ မလ္လမင်းတို့၏ ဥယျာဉ်တော်ဖြစ်ပြီး မဟာသက္ကရာဇ် ( ၁၄၈) ခုနှစ်၊ ကဆုန်လပြည့်၊ အဂါင်္နေ့တွင် ပရိနိဗ္ဗာန် စံတော်မူခဲ့ပါသည်။ ယခုအခါ အိန္ဒိ္ဒယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ကာဆီးယမြို့အနီး ကုသိနာရုံ (KUSHINAGAR) အရပ်တွင် တည်ရှိပါသည်။ ယင်းဒေသတွင် ဖူးဖြော်ကြည်ညို သံဝေဂယူရန်နေရာများမှာမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာနေရာ၌ တည်ထားသော ပရိနိဗ္ဗာန်စေတီတော်၊မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူဟန် ထုလုပ်ထားသော ပရိနိဗ္ဗာန် ရုပ်ပွားတော်၊ အရှင်အနုရုဒ္ဓါ ဓာတ်တော်စေတီ၊နောက်ဆုံးရေကြည်တော်သောက်သုံးလျက် မလ္လမင်းများထံ ခွင့်တောင်းရာနေရာရှိရုပ် ပွားတော်၊ တေဇောဓာတ်လောင်ကျွမ်းရာ အဂါင်္ရစေတီတို့ဖြစ်ပါသည်။ သာဝတ္တိ သာဝတ္တိသည် ဘုရားရှင်တိုင်း မစွန့်အပ်သော ဌာန (၁) ခုဖြစ်ပါသည်။ (၁၄) ၀ါတွင်တစ်ကြိမ်၊ (၂၁) ၀ါမှ (၄၄) ၀ါထိ (၂၄) ၀ါ၊ စုစုပေါင်း (၂၅) ၀ါသီတင်းသုံးခဲ့သော နေရာမြတ်ဖြစ်ပါသည်။ ဇေတ၀န်ကျောင်းတွင် (၁၉) ၀ါနှင့် ပုဗ္ဗာရုံကျောင်းတွင် (၆) ၀ါ ဖြစ်ပါသည်။မြတ်စွာဘုရားလက်ထက်က ကောသလတိုင်း ပသေနဒီကောသလမင်းကြီး ထီးနန်းစိုက်ခဲ့သည့် နေပြည်တော် ဖြစ်ပါသည်။ ယခုအခါ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၊ ဘားရိုက်စ်ခရိုင်တွင်ရှိပြီး၊ ဆယက်မယက် (ခေါ်) ဆရာဗစတိ (SRAVASTI) ဟု ခေါ်တွင်ပါသည်။ ယင်းဒေသ၌ ကြည်ညိုသဒ္ဓါပွားရန် နေရာများမှာ - ဇေတ၀န်ကျောင်းတော်ဥယျာဉ်အတွင်း၌ အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းခဲ့သည့် ဂန္ဓကုဋီ၊ ဘုရားရှင် သုံးတော်မူခဲ့သည့် ရေတွင်းတော်၊တရား ဟောကြားခဲ့ ရာနေရာရှိပလ္လင်တော်၊ အရှင်အာနန္ဒာ အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သော အာနန္ဒာဗောဓိပင်၊ ရဟန်းတော်များ သီတင်း သုံးတော်မူခဲ့သော ကျောင်းတော်ရာဟောင်းများ၊ တိတ္ထိတို့ အား တန်ခိုးပြာဋိဟာပြတော်မူပြီး၊ မယ်တော် မိနတ်သားအား အဘိဓမ္မာ တရားဟောကြားရန် တာဝတိံသာနတ်ပြည်သို့ နှစ်လှမ်း သုံးဖ၀ါးဖြင့် ကြွတော်မူရာ နေရာ (သရက်ပင်ဖြူနေရာ ) ပသေနဒီကောသလမင်းကြီး၏ နန်းတော်ရာမြို့ဟောင်းတို့ ဖြစ်ပါသည်။ ထို့ပြင် ဒေ၀ဒတ်နှင့် စိဉ္စမာဏတို့ မြေမျိုခံရသောနေရာ တို့ကိုလည်းတွေ့ရှိနိုင်ပါသည်။ သာဝတ္တိတွင် မြန်မာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့် တည်ဆောက်ဆဲ တစ်ကျောင်းတို့ရှိပါသည်။ သင်္ကဿနဂိုရ် သင်္ကဿနဂိုရ်သည် ဘုရားရှင်တိုင်း မစွန့်အပ်သောဌာန (၁) ခုဖြစ်ပါသည်။ဘုရားရှင်သည် (၇) ၀ါမြောက်ဝါကို တာဝတိံသာ နတ်ပြည်တွင်ဝါဆိုလျက် မယ်တော်မိနတ်သား (သန္တုဿိတ) အမှူးထား၍ နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရားတော်ကို ၀ါတွင်း သုံးလပတ်လုံးဟောကြားတော် မူပါသည်။ ၀ါကျွတ်သော အခါ သီတင်းကျွတ်လပြည့်နေ့ တွင်ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်ဖြင့် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်ခြေဖ၀ါးတော်ချရာ အရပ်ဖြစ်ပါသည်။ သိရီဓမ္မာသောကမင်းကြီးမှ ၄င်းခြေဖ၀ါးတော်ချရာ နေရာတွင် အစလစေတီတည်ထားခဲ့ပါသည်။မြတ်စွာဘုရား လက်ထက် ပဉ္စလတိုင်း၌ဖြစ်ပြီး၊ ယခုအခါ ဥတ္တရာပရာ ဒေ့ရှ်ပြည်နယ်၊ ဘီဝါးမြို့အနီး၊ သင်္ကဿနဂိုရ် ( SANKISA) အရပ်တွင် ရှိပါသည်။ သင်္ကဿနဂိုရ်တွင် ဖူးမြော်ကြည်ညိုရန် ဘုရားကျောင်းကန် စေတီတို့မှာ - မြတ်စွာဘုရား ခြေဖ၀ါးတော်ချရာနေရာတွင် သိရီဓမ္မာသောကမင်းကြီးမှ တည်ထားခဲ့သော အစလစေတီတော် ရှင်သာရိပုတ္တရာ သီတင်းသုံးခဲ့သော ကျောင်းတော်ရာ သိရီဓမ္မာသောကမင်းကြီး၏ အထိမ်းအမှတ် ကျောက်တိုင်တို့ ဖြစ်ပါသည်။ သင်္ကဿနဂိုရ်တွင် မြန်မာဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသာ ရှိပါသည်။ ဝေသာလီ ဝေသာလီသည်မြတ်စွာဘုရား လက်ထက်က ၀ဇ္ဇီတိုင်း၊ လိစ္ဆ၀ီမင်းသားတို့ ဦးဆောင် လျက်ပြည်သူ့ကိုယ်စားလှယ်များနှင့် စုပေါင်း အုပ်ချုပ်သောနေပြည်တော်ဖြစ်သည်။မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနှစ်ပေါင်းတစ်ရာတွင် ဒုတိယ သင်္ဂါယနာ တင်ခဲ့သော မြို့ဖြစ်သည်။ ယခုအခါ ဗီဟာပြည်နယ်၏ မြို့တော် ပတ္တနားမြို့ ဂင်္ဂါမြစ်တစ်ဘက်ကမ်း ဟာဂျီပူမြို့ အနီးတွင် ရှိပါသည်။ ဝေသာလီ တွင် ဖူးမြော်လေ့လာရမည့် နေရာများမှာ - လိစ္တ္ဆ၀ီမင်းများ လှူဒါန်းသော ကုဋာသာရ ကျောင်းတော်ရာဟောင်း သိရီဓမ္မာသောကမင်းကြီး၏ အထိမ်းအမှတ် မပျက်စီးဘဲ ကျန်ရှိသည့် ခြင်္သေ့ရုပ်ပါ ကျောက်တိုင် လိစ္ဆ၀ီမင်းညီမင်းသားများ၏ ရေကစားကန် ကုသိနာရုံတွင် လိစ္ဆ၀ီမင်းများ ဝေစုရရှိခဲ့သော ဓာတ်တော်များ ဌာပနာထားသည့် စေတီတော်နေရာ ( အဇာတသတ်မင်းသိမ်းသွားသည် ) ဂျပန်နိုင်ငံမှ တည်ထားသော သာသနာ ၂၅၀၀ ပြည့်အထိမ်းအမှတ် ငြိမ်းချမ်းရေးစေတီတို့ဖြစ်ပါသည်။ဝေသာလီတွင် မြန်မာ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ဆောက်လုပ်ဆဲ ဖြစ်ပါသည်။ ပတ္တနား ပတ္တနားမြို့သည် မြတ်စွာဘုရားလက်ထက်က မဂဓတိုင်းတွင်ရှိပြီး၊ ပါတဋိဂါမ အမည်ဖြင့် ဂင်္ဂါမြစ်ကမ်းဘေးမှ လှေဆိပ်ရွာငယ်လေးဖြစ်သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သိရီဓမ္မာသောကမင်းကြီးလက်ထက်တွင် ပါဋလိပုတ် နေပြည်တော်ဖြစ်ခဲ့၍ ဗုဒ္ဓသာသနာဖြန့်ချိရာ မြို့တော်ကြီးဖြစ်ခဲ့သည်။ သိရီဓမ္မာသောကမင်းကြီးသည် သာသနာ သက္ကရာဇ် ၂၃၅ တွင် တတိယသင်္ဂါယနာ တင်ခဲ့သည်။ တတိယသင်္ဂါယနာတင်ခဲ့သော အသောကာရာမကျောင်းကို တွေ့နိုင်ပါသည်။ ပတ္တနားတွင် မြန်မာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ရှိပါသည်။ နာလန္ဒာ နာလန္ဒာသည် မြတ်စွာဘုရားလက်ထက်က မဂဓတိုင်း ဘုရင်ဗိမ္ဗိသာရ၏နေပြည်တော် ရာဇဂြိုလ်အနီးတွင်ရှိပြီး၊ မြတ်စွာဘုရား၏ လကျာ်တော်ရံ သာဝက အရှင်သာရိ ပုတ္တရာအရှင်မြတ်၏ ဇာတိဖြစ်ပါသည်။ သိရီဓမ္မာသောကမင်းကြီးက အရှင်သာရိပုတ္တရာ ၏နေအိမ်နေရာတွင်စေတီ တည်ထားခဲ့ပါသည်။ နာလန္ဒာသည် မဟာယာန ဗုဒ္ဓဘာသာဝင်တို့၏ အချက်အချာဖြစ်သော နာလန္ဒာ တက္ကသိုလ်ကြီး ရှိခြင်းကြောင့် ထင်ရှားခဲ့ပါသည်။ နာလန္ဒာ တက္ကသိုလ်တွင် စာသင်သား ရဟန်းတော် ၁၀၀၀၀ ထိ ပညာသင်ခဲ့ကြောင်း သိရှိရပါသည်။ နာလန္ဒာ တက္ကသိုလ်တွင် တရုတ်ရဟန်းတော် ဖာယီယန်နှင့် ဟူအင်ဆန်တို့ ပညာသင်ကြားခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ နာလန္ဒာသည် အေဒီ ၅ ရာစုတွင် စတင်ခဲ့ပြီး၊ ၇ - ၈ ရာစုတွင် ကြီးကျယ်ခမ်းနားခဲ့သော်လည်း ၁၂ရာစုတွင် မီးရှို့ ဖျက်ဆီးခြင်းကြောင့် ပျက်သုဉ်းခဲ့ရပါသည်။ ယခုအခါ နာလန္ဒာသည် ခရိုင်မြို့ဖြစ်နေပြီး ၊ အိန္ဒိယအစိုးရမှခေတ်သစ်ထေရ၀ါဒဗုဒ္ဓဘာသာတက္ကသိုလ်ကြီးကို ဖွင့်လှစ် ထားရှိပါသည်။ ၎င်းတက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ရဟန်းတော် အပါး ၁၀၀ ခန့်သည် ပညာသင်ကြားလျက်ရှိပါသည်။ နာလန္ဒာတွင် မြန်မာဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ရှိပါသည်။ ရာဇဂြိုလ် ရာဇဂြိုလ်သည်မြတ်စွာဘုရား လက်ထက်ကမဂဓတိုင်း၏မြို့တော်၊ ဘုရင်ဗိမ္ဗိသာရမင်းနှင့်သားတော်အဇာတသတ်မင်းတို့၏နေပြည်တော်ဖြစ်၍တောင် ငါးလုံးကာခိုရာဇဂြိုလ် ဟု ထင်ရှားခဲ့ပါသည်။ ဝေပုလ္လတောင်၊ဝေဘာရတောင်၊ ဂိဇ္ဈကုဋ်တောင်၊ ပဏ္ဍ၀တောင်နှင့် ဣသိဂိလိတောင်တို့ဖြစ်ပါသည်။ ယခု အခါ ဗီဟာပြည်နယ်၏ မြို့တော် ပတ္တနားမှ မိုင် ၇၀ ခန့်နှင့် ဗုဒ္ဓဂယာမှ မိုင် ၅၀ ခန့်အကြားတွင် တည်ရှိပါသည်။ ယခုဒေသ အခေါ် ရာဂီး (Rajgir)ဖြစ်ပါသည်။ ရာဇဂြိုလ်တွင် မြန်မာ ဘုန်းတော် ကြီးကျောင်း တစ်ကျောင်း ရှိပါသည်။ ရာဇဂြိုလ်တွင် လေ့လာဖူးမြော်ရမည့် နေရာများမှာ - ဝေဠုဝန်ကျောင်းတော် ဘုရင်ဗိမ္ဗိသာရမင်းကြီးက ဝေဠုဝန်ဥယျာဉ်တော်အား ကျောင်းအဖြစ်လှူဒါန်းခဲ့သော ဗုဒ္ဓသာသနာ၏ ပထမဆုံး သာသနာမြေကျောင်းတော် ဖြစ်ပါသည်။ မြတ်စွာဘုရားသည် ဒုတိယ၊ တတိယနှင့် စတုတ္ထ၀ါတို့ကို ၎င်းကျောင်းတွင် ၀ါဆိုခဲ့ပါသည်။ ဝေဠုဝန်ဥယျာဉ်ကျောင်းတော်အတွင်း၌ ကရဏ္ဍကရေကန်၊ ပါတိမောက်ပြရာနေရာ၊ခေမာမိဘုရား အား တရားဟောရာ နေရာ စသည်တို့ကို လေ့လာနိုင်ပါသည်။ အဇာတသတ်၏ နန်းဦးစေတီနှင့် နန်းတော်ရာသစ် ရေပူစမ်း ဟိန္ဒူလူမျိုးတို့၏ ရေပူစမ်းမှရေကို ချိုးခြင်းသည် ကျန်းမာရေးကောင်းကြောင်း ယုံကြည်မှုဖြင့် ဇာတ်စနစ်အရ ရေချိုးသောနေရာ ဖြစ်ပါသည်။ဝေဘာရတောင်ခြေတွင် ရှိပါသည်။ ပိပ္ပလိဂူ ဝေဘာရတောင် ရေပူစမ်းမှ ဖြတ်ကျော်တက်လျှင် ပေ ၁၀၀ အမြင့်ခန့်တွင် ကျောက်ဂူကို တွေ့ရသည်။ ရှင်မဟာကဿပ သီတင်းသုံးသော ဂူဖြစ်၍ ရှင်မဟာကဿပ၏ လူပုဂ္ဂိုလ်အမည် (ပိပ္ပလိ) ကို အကြောင်းပြုပြီး ပိပ္ပလိဂူဟု ခေါ်ခြင်းဖြစ်ပါသည်။ ရှင်မဟာကဿပကြီး ယင်းဂူ၌ သီတင်းသုံးစဉ် မကျန်းမာသဖြင့် မြတ်စွာဘုရားကိုယ်တော် တိုင် ကြွရောက်၍ ဗောဇ္ဈင်သုတ် ဟောတော်မူခဲ့ပါသည်။ သတ္တပဏ္ဏိလှိုဏ်ဂူ ဝေဘာရတောင် ပိပ္ပလိဂူမှ အထက်သို့ ဆက်တက်သွားသောအခါ စရည်းပင်ရောက်ရာ လှိုဏ်ဂူတစ်ခုတွေ့ရပါသည်။ ယင်းလှိုဏ်ဂူမှာ သတ္တပဏ္ဏိလှိုဏ်ဂူဖြစ်၍ မြတ်စွာ ဘုရား ပရိနိဗ္ဗာန်ပြုပြီး တစ်လတွင် ရှင်မဟာကဿပ အကြီးအမှူးပြုလျက် ရဟန္တာ အပါး ၅၀၀ ဖြင့် ပထမ သင်္ဂါယနာတင်ရာ လှိုဏ်ဂူတော် ဖြစ်ပါသည်။ ဆွန်ဘဏ္ဍာ ဝေဘာရတောင်ခြေတွင်ရှိပြီး ဗိမ္ဗိသာရမင်းကြီး၏ ဘဏ္ဍာတိုက်ဟု ဆိုကြပါသည်။ ကျောက်တောင်ကိုထွင်းပြီး ပြုလုပ်ထားသော ဂူကြီးတစ်ခု ဖြစ်ပါသည်။ ဓာတ်တော်တိုက် ဆွန်ဘဏ္ဍာသို့သွားရာ လမ်းထိပ်တွင်ရှိပြီး အဇာတသတ်မင်းကြီး၏ ဓာတ်တော်တိုက်ဟု အဆိုရှိပါသည်။ ရှင်မဟာကဿပ၏ မိန့်မှာမှုအရ ဘုရား၏ ဓာတ်တော်များ မပျောက်ဆုံးစေရန်နှင့်နောင်တစ်ချိန်တွင် သာသနာပြုပုဂ္ဂိုလ်တစ်ဦးမှ သာသနာပြုရန် ရည်ရွယ်လျက် ဓာတ်တော်များ စုစည်းဌာပနာ စေတီတည်ထားခြင်းဖြစ်ပါသည်။ ဗိမ္ဗိသာရ အကျဉ်းထောင် အဇာတသတ်မင်းမှ ဖခင် ဗိမ္ဗိသာရမင်းကြီးအား အကျဉ်းချထားရာနေရာ ဖြစ်ပါသည်။ အကျဉ်းထောင်နေရာသည် ဂိဇ္ဈကုဋ်တောင်ပေါ်တွင် စင်္ကြကြွနေသောမြတ်စွာဘုရား ကို ဖူးမြင်နိုင်သော နေရာဖြစ်ပါသည်။ မြတ်စွာဘုရားရှင်လက်ထက်က ဖခင်မေတ္တာကြီးမားကြောင်းနှင့် အဇာတသတ်၏ ရက်စက်ကြေကွဲဖွယ်ရာ အဖြစ်အပျက်တစ်ခုဖြစ် ပါသည်။ ဆရာဇီဝကသရက်ဥယျာဉ် ဂိဇ္စ္ဈကုဋ်တောင်သို့ သွားရာလမ်းတွင် ရှိပါသည်။ ဆရာဇီဝကမှ ယင်းသရက် ဥယျာဉ်တွင် ကျောင်းဆောက်လှူဒါန်းခဲ့ပါသည်။ ဆရာဇီဝက၏ အစီအမံဖြင့်အဇာတသတ် မင်းကြီးသည် ဤကျောင်းတော်တွင် မြတ်စွာဘုရားထံမှ သာမညဖလ သုတ္တန်ကို နာကြားခဲ့ရပြီး ဗုဒ္ဓဘာသာဝင် ဥပသကာတစ်ဦး ဖြစ်လာခဲ့ပါသည်။ ဗုဒ္ဓသာသနာတွင် အဇာတသတ်မင်းသည် အဖသတ်သူဘ၀ဆိုးမှ ပထမသင်္ဂါယနာတင် သာသနာပြုမင်းတစ်ပါးအဖြစ် ထင်ရှားစေခဲ့သော နေရာတစ်ခု ဖြစ်ပါသည် ။ ၀ိရွှသျှန္တ္တီစေတီတော် ဂိဇ္ဈကုဋ်တောင်၏ မြောက်ဘက် ရတနာဂီရိတောင်ပေါ်တွင် ဂျပန်နိုင်ငံမှ သာသနာ ၂၅၀၀ ပြည့် အထိမ်းအမှတ် “ ဖွား ပွင့် ဟော စံ “ မုဒြာ ၄ မျိုးဖြင့် တည်ထားသော စေတီ ဖြစ်ပါသည်။ ၎င်းတောင်ပေါ်သို့ Areal Rope Way ထိုင်ခုံစက်လှေခါးဖြင့် တက်ရန် ဂျပန်နိုင်ငံမှ လှူဒါန်းထားပါသည် ။ ဂိဇ္စ္ဈကုဋ်တောင်ကျောင်းတော်ရာ ရတနာဂီရိတောင်ပေါ်မှ အရှေ့ဘက်ကို ကြည့်ပါကမြတ်စွာဘုရား သတင်းသုံးသည့် ဂိဇ္စ္ဈကုဋ်တောင်ပေါ်မှကျောင်းတော်ရာကို ဖူးတွေ့ရမည်ဖြစ်ပါသည်။ ဂိဇ္စ္ဈကုဋ်တောင်ကျောင်းတော်တွင် ပရိမိတ္တဇာလသုတ်ကိုဟောကြားခဲ့ပါသည်။ ဂိဇ္စ္ဈကုဋ်တောင်မြတ်စွာ ဘုရားကျောင်းတော်ရာအောက်တွင်ရှင်သာရိပုတ္တရာ သီတင်း သုံးသည့်ဂူ၊ ရှင်အာနန္ဒာ သီတင်းသုံးသည့်ဂူ၊ ကျောက်မောင်းဆင်သည့်နေရာ၊ တီထွေးများမြင်၍ပြုံးတော်မူသည့်နေရာ၊ ဗိမ္ဗိသာရမင်းကြီးမင်းမြောက်တန်ဆာ ငါးပါးချွတ်၍ သာမန်ပြည်သူ အ၀တ်ကို လဲလှယ်ဝတ်ဆင်သော နေရာ၊ မှူးမတ်အမှုထမ်းများ ထားခဲ့ရာနေရာ၊ ဝေဒေဟီမိဖုရားကြီး ကိုယ်ဝန်ဖျက်ချသည့်နေရာ စသည်တို့ကို ဖူးမြော်လေ့လာနိုင်ပါသည်။ တတိယအောင်ခြင်း ဝေဠုဝန်ကျောင်းတော်မှ ဗိမ္ဗိသာရမင်းကြီး၏ နန်းတော်သို့သွားရာ မြောက်ဘက်တံခါးပေါက်တွင် ရှိပါသည်။ ယင်းနေရာမှာ နာဠာဂီရိဆင်ကို အောင်မြင်ခဲ့သော တတိယအောင်ခြင်းနေရာ ဖြစ်ပါသည်။ ယခုအခါ ဘုရားဖူးယာဉ်များ ရာဇဂြိုဟ်မြို့ဟောင်းသို့အ၀င် ယခင် မြောက်ဘက်တံခါးပေါက်ဖြစ်ပါသည်။ ကျောက်လှည်းဘီးရာ ရာဇဂြိုလ်နှင့် သာဝတ္တိကုန်ကူးရာ ကျန်ရှိခဲ့သော လှည်းဘီးရာများ ဖြစ်ပါသည်။ ယခုအခါ အိန္ဒိ္ဒယရှေးဟောင်း သုတေသနဌာနမှ ထိမ်းသိမ်းထားပါသည်။ ရာဇဂြိုလ် မြို့ဟောင်း တောင်ဘက်တံခါးအနီးတွင် ရှိပါသည်။ နယူးဒေလီမြို့ နယူးဒေလီသည် အိန္ဒိ္ဒယနိုင်ငံ၏ မြို့တော်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် နယူးဒေလီဒေသ၌ သတိပဋ္ဌာန်တရား (၄) ပါးကို ဟောကြားတော်မူခဲ့ပါသည်။ ယင်းနေရာတော် သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ အခြားဗဟုသုတရဖွယ်နေရာများသို့ ဘုရားဖူးခရီးစဉ်အတွင်း ရရှိသည့် အချိန်နာရီ၊ သက်ဆိုင်ရာ နိုင်ငံ၏ခွင့်ပြုမှုအပေါ်မူတည်လျက် နေရာ စုံနိုင်သရွေ့ ပို့ဆောင်ပေးပါမည်။ အဂ္ဂရာမြို့ အဂ္ဂရာမြို့သည် သင်္ကဿနဂိုရ်မှ နယူးဒေလီမြို့အသွား လမ်းမပေါ်တွင် တည်ရှိပြီး ရှေးမဂိုဘုရင်များ၏ မြို့တော်ဖြစ်ပါသည်။ အဂ္ဂရာမြို့တွင် မဂိုဘုရင်တို့၏ နန်းတော် (ခံတပ် - Agra Fort ) နှင့် ကမ္ဘာကျော် တပ်ခ်ျမဟာ ( Taj Mahal ) အဆောက်အဦ ရှိပါသည် ။
Posted on: Mon, 22 Jul 2013 03:47:46 +0000

Trending Topics



Recently Viewed Topics




© 2015