အိမ်ထောင်မရှိသူ - TopicsExpress



          

အိမ်ထောင်မရှိသူ အမျိုးသားတွေကို ပါပူဝါနယူးဂနီပို့ဖို့ သြစီ စီစဉ် Radio Australia 31.7.2013 သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းလိုသူတွေကို သြစတြေးလျနိုင်ငံမှာ မထားဖို့ အစိုးရက ဆုံးဖြတ်ပြီးနောက် ခုအခါမှာ အိမ်ထောင်မကျသေးတဲ့ အမျိုးသားတွေကို ပါပူနယူးဂနီနိုင်ငံကို ပထမဦးဆုံးအနေနဲ့ ပို့ဆောင်တော့မယ်လို့ သိရပါတယ်။ ခုလောလောဆယ် ပါပူဝါနယူးဂနီနိုင်ငံ Manus ကျွန်းရှိ ထိန်းသိမ်းရေးစခန်းကို အိမ်ထောင်မရှိသေးတဲ့ ခိုလှုံခွင့်တောင်းလိုသူ ဘယ်နှစ်ယောက်ကို ပို့ဆောင်မလဲဆိုတာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် အစိုးရရဲ့ မူဝါဒသစ် အသေးစိတ်ကို ဒီကနေ့ ထုတ်ဖော် နိုင်တယ်လို့ မျော်လင့်နေကြပါတယ်။ ပါပူဝါနယူးဂနီနိုင်ငံကို မပို့ခင် သြစတြေးလျနိုင်ငံမှာ ကျန်းမာရေးစီစစ်မှုတွေ လုပ်ခဲ့ပြီး အခြေအနေ ကောင်းမွန်သူတွေကိုသာ ပို့ဆောင်မှာဖြစ်ကြောင်း သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး တိုနီဘ့ာခ်က ပြောပါတယ်။ ခုလောလောဆယ် Manus ကျွန်းပေါ်က ထိန်းသိမ်းရေးစခန်းဟာ မိသားစုတွေ နေထိုင်ဖို့ မသင့်တော်တဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် အိမ်ထောင်မရှိတဲ့ အရွယ်ရောက်ပြီးသား အမျိုးသားတွေကိုသာ စတင်ပို့ဆောင်တာဖြစ်ပြီး စခန်းအခြေအနေ တိုးတက်တဲ့အခါ မိသားစုအလိုက် ပို့ဆောင်တော့မယ်လို့လည်း ပြောပါတယ်။ Manus ကျွန်းပေါ်က ထိန်းသိမ်းရေးစခန်းကို လူပေါင်း ၃၀၀၀ ဆန့်အောင် တိုးချဲ့ဆောက်လုပ်ဖို့ ရှိတယ်လို့ အစိုးရက ကြေညာပြီးနောက် အတိုက်အခံပါတီကလည်း သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရင် လူပေါင်း နှစ်ထောင်ကနေ ငါးထောင်အထိဆန့်တဲ့ ခိုလှုံခွင့်တောင်းသူ ထိန်းသိမ်းရေးစခန်းကို Nauru ကျွန်းနိုင်ငံမှာ ထားရှိမယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေ ခုလို ကြေညာတုန်းမှာပဲ နောက်ထပ် ခိုလှုံခွင့် တောင်းလိုသူတွေ တင်ဆောင်လာတဲ့လှေ သြစတြေးလျ နိုင်ငံထဲ ရောက်ရှိလာပါတယ်။ ခိုလုံခွင့် တောင်းခံဖို့ အတွက် ဒုက္ခသည် အမြောက်အမြားတင်ဆောင်လာတဲ့ လှေတစင်းကို ဒီနေ့မနက် အစောပိုင်းက တွေ့ရှိခဲ့ကြောင်း သြစတြေးလျ ရေပိုင်နက် လုံခြုံရေး အဖွဲ့ က အတည်ပြုပြောကြားလိုက်ပါတယ်။ အဲဒီ လှေဟာ လူပေါင်း ၈၅ ဦးခန့် တင်ဆောင်လာပြီး အင်ဒိုနီးရှား ကမ်းရိုးတန်းအနီးမှာ တွေ့ရှိခဲ့တယ်လို့ သြတြေးလျ အာဏာပိုင်တွေက ဆိုပါတယ်။ ဒါပေမယ့်လည်း အဲဒီလှေကို အင်ဒိုနီးရှားဘက်ကို ပြန်ပို့ နိုင်ဖို့ အင်ဒိုနီးရှား နိုင်ငံရဲ့ ရှာဖွေရေးနဲ့ကယ်ဆင်ရေး အေဂျင်စီ ဘာဆာနက်စ် ကိုယ်စား သြစတြေးလျ ရေပိုင်နက်လုံခြုံရေး အဖွဲ့ က အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား နိုင်ငံရဲ့ ရှာဖွေရေးနဲ့ကယ်ဆင်ရေး အေဂျင်စီ ဘာဆာနက်စ်က အခုကိစ္စကို ဆက်လက်ကိုယ်တွယ်သွားမယ်လို့ သိရပါတယ်။ မူရင်းလင့်ခ် ။ ။ bit.ly/18SpGWB
Posted on: Wed, 31 Jul 2013 20:45:45 +0000

Trending Topics



Recently Viewed Topics




© 2015