April 5, 2009 ဘာလဲ QS ဆိုတာ ( - TopicsExpress



          

April 5, 2009 ဘာလဲ QS ဆိုတာ ( အပိုင်း ၃ )ှရှေ့ကအပိုင်းတွေမှာ QS တစ်ယောက် ဘာတွေလုပ်ရတယ်၊ စင်္ကာပူရဲ့ ဆောက်လုပ်ရေးပုံစံတွေကို ပြောခဲ့ပြီးပါပြီ။ ဒီအပိုင်းမှာတော့ Sub Contractor QS ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေကို ပြောပြချင်ပါတယ်။ှQuantity Surveyor ရဲ့ အနက်ကို ရှာကြည့်တဲ့အခါ WiKi မှာ ဒီလိုဘာသာပြန်ထားတာကို တွေ့ရပါတယ်။ A quantity surveyor (QS) is a professional person working within the construction industry. The role of the QS, in general terms, is to manage and control contracts and costs within construction projects. အဲ့ဒီမှာ to manage and control contracts and costs within construction projects ဆိုတဲ့ စာသားဟာ QS ရဲ့ အသက်ပါပဲ။ ဒီတော့ Project တစ်ခုအတွက် QS တစ်ယောက်ရဲ့ ကဏ္ဍအနေနဲ့ ဘာတွေပါတယ်ဆိုတာကို ဆက်လက် လေ့လာကြဦးစို့။ Sub Contractor QS Sub Contractor ဆိုတာ အများအားဖြင့် Main Contractor ကနေ ခွဲထွက်လာကြတယ်ဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။ Main Contractor အနေနဲ့ Specialize လုပ်ရမယ့်အလုပ်တွေကို မလုပ်နိုင်တဲ့အခါ သက်ဆိုင်ရာ Sub Contractor ကို အလုပ်အပ်ကြရပါတယ်။ အဲ့ဒီအခါမှာ ကိုယ်ဖြစ်ချင်တဲ့အလုပ်၊ ကိုယ်လိုချင်တဲ့ပုံစံကို Sub Contractor တွေအများကြီးထဲက ဘယ်သူက ကိုယ့်စိတ်တိုင်းကျ လုပ်ပေးနိုင်မလဲ၊ ဈေးအချိုသာဆုံး လုပ်ပေးနိုင်မလဲဆိုတာကို အရင်ရှာဖို့ လိုအပ်လာပါပြီ။ဒီအခါမှာ Main Contractor QS တစ်ယောက် အနေနဲ့ Sub Contractor တွေကို လိုက်ရှာပြီး Quotation ခေါ်ရပါတယ်။ Project တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် Sub Contractor QS တစ်ယောက်ဆီကို ရောက်လာတဲ့ Project တစ်ခုရဲ့ ပထမဆုံးအဆင့်ဟာ Quotation ပါ။ Quotation ဆိုတာ ဘာလဲဆိုတော့ ဈေးနှုန်းအဆိုပြုခြင်း ဖြစ်ပါတယ်။ Main Con: ကနေ Email နဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ၊ Fax နဲ့ဖြစ်စေ သူလိုချင်တဲ့ ပုံစံနဲ့ အရေအတွက်တွေကို ပို့ပေးပါတယ်။ ဒါကိုမှ Sub Con: က ဘယ်ပစ္စည်းကိုတော့ ဘယ်လောက်ဈေးနဲ့ လုပ်ပေးနိုင်ပါတယ်၊ လိုချင်တဲ့ ပစ္စည်းအတိုင်း မလုပ်ပေးနိုင်ရင်လည်း အစားထိုးပြီး ဘယ်ပစ္စည်းနဲ့ လုပ်ပေးပါ့မယ်၊ ဈေးကတော့ ဘယ်လိုကွာခြားပါမယ်... အစရှိသည်ဖြင့် အကြောင်းပြန်ပေးရပါတယ်။ အဲ့ဒါကို Quotation လို့ခေါ်ပါတယ်။ ဘယ်သူမဆို Quotation ခေါ်ပြီဆိုရင် ဘယ်တော့မှ Sub Con: တစ်ခုတည်းကို မခေါ်တတ်ပါဘူး။ ဈေးနှုန်းနှိုင်းယှဉ်လို့ရအောင် အနည်းဆုံး Sub Con: 3 ခုလောက်ကို ဖြန့်ခေါ်တတ်ပါတယ်။ အဲ့ဒါ Quotation Request တစ်ခု Sub Con: QS ဆီကိုရောက်လာတဲ့ အဆင့်ပါ။ အဲ့ဒီအချိန်ကနေစပြီး Quotation ခေါ်ခံရတဲ့ Project နဲ့ပတ်သက်တဲ့ အတိုင်းအတာ၊ ဈေးနှုန်းတွေဟာ Quotation လုပ်ပေးတဲ့ QS ရဲ့လက်ထဲမှာ လုံးဝတာဝန်ရှိသွားပါပြီ။ ဟုတ်ပြီ... Main Con: ကနေ Quotation Request တစ်ခု ရောက်လာပြီ ဆိုပါတော့။ Sub Con: QS တစ်ယောက်အနေနဲ့ ပထမဆုံး သတိပြုရမှာက ဒီ Project အတွက် Quotation ကို ဘယ်နေ့နောက်ဆုံးထားပြီး အပြီးလုပ်ပေးရမလဲဆိုတာကို အရင်ကြည့်ရပါတယ်။ တစ်ချို့ Project တွေက အချိန် တစ်ပတ်၊ နှစ်ပတ်လောက်ရတတ်ပြီး အချို့ကတော့ တစ်ရက်၊ နှစ်ရက်လောက်ပဲ ရတဲ့အခါမျိုးတွေရှိပါတယ်။ လုပ်ငန်းပမာဏပေါ်မှာ မူတည်တာပေါ့လေ။ နောက်တစ်ခုက ရောက်လာတဲ့ Request တိုင်းရဲ့ Project ခေါင်းစဉ်တွေကို သေချာကြည့်ရပါတယ်။ တစ်ချို့ Project တွေက Main Con: သုံး၊ လေးခုလောက် တင်ဒါပြိုင်ဆွဲတဲ့အခါ ဒီProject တစ်ခုတည်းကိုပဲ သုံး၊လေးခါ အတူတူ Quotation Request ပေးတတ်ကြပါတယ်။ အဲ့ဒါမျိုးဆိုရင် ဂရုစိုက်ရပါတယ်။ ဈေးနှုန်းကို တပြေးညီတည်း ဖြစ်စေဖို့ပါ။ ဒီကုမ္ပဏီကိုတော့ ဒီဈေးနဲ့ရောင်းမယ်၊ နောက်ကုမ္ပဏီကိုတော့ နောက်ဈေးတစ်မျိုးနဲ့ ရောင်းမယ်ဆိုတာမျိုး မဖြစ်စေရပါဘူး။ အပြီးသတ် တွက်ပေးရမယ့်ရက်ပြီးရင် နောက်တစ်ခု အရေးကြီးတာက ဘာပစ္စည်းတွေအတွက် Supplier Quotation လိုအပ်မလဲ ဆိုတာမျိုးတွေကို အကြမ်းမျဉ်းကြည့်ရပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဆီက လိုအပ်တဲ့ကုန်ကြမ်းတွေ ရှိလာရင် ကိုယ်ကလည်း Supplier ကို Quotation ပြန်ခေါ်ရမှာဖြစ်လို့ပါ။ Quotation ဆိုတာ အနည်းဆုံး သုံးရက်လောက်တော့ အချိန်ပေးရမယ်လေ။ အချိန်လုံလောက်အောင် ပေးနိုင်ဖို့အတွက် ကိုယ့်ဘက်က Request စောစောပို့ပေးနိုင်အောင် ကြိုးစားရပါမယ်။ ကိုယ်လိုချင်တဲ့ ပုံစံတွေ၊ အရေအတွက်တွေကို Supplier ဆီကို ပို့ပေးရပါတယ်။ မပို့ခင် ဖုန်းနဲ့ဖြစ်စေ၊ Email ဖြစ်စေ ပို့ပြီး ကိုယ်လိုချင်တာမျိုး လုပ်နိုင်လားဆိုတာ အရင်မေးကြည့်ရပါတယ်။ လုပ်နိုင်တယ်ဆိုရင် ပုံတွေ၊ Specification တွေကို ပို့ရုံပေါ့။ မလုပ်နိုင်ဘူးဆိုတော့လည်း နောက် Supplier တစ်ယောက်ထပ်ရှာပေါ့လေ။ Supplier တွေဆီကလည်း Quotation တွေရပြီဆိုရင် Supplier ကိုဈေးဆစ်ဖို့လည်း မမေ့ရပါဘူး။ ဖုန်းတစ်ချက်လောက် ဆက်ပြီး "Any Discount for me?" ဆိုတဲ့စကားကို အချိုသာဆုံးလေသံနဲ့ ပြောထွက်နိုင်အောင်လည်း လေ့ကျင့်ထားရပါတယ်။ Project တစ်ခုအတွက် အနည်းဆုံး Supplier ငါးယောက်လောက်တော့ ဆက်ဆံရမှာဖြစ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ သည်းခံရပါတယ်။ ဘာသာစကားအခက်အခဲအရ နားလည်မှုလွဲတာမျိုးတွေလည်း ဖြစ်တတ်လို့ပါ။ ဈေးနှုန်းတွေ၊ အတိုင်းအတာတွေပြီးပြီဆိုရင်လည်း ကိုယ့်သဘောနဲ့ကိုယ် Quotation တစ်စောင်ကို Main Con: ကိုပေးလိုက်လို့ မရသေးပါဘူး။ တာဝန်ရှိတဲ့သူဆီမှာ ဈေးနှုန်းအတည်ပြုဖို့လည်း လိုပါတယ်။ သူဌေး သို့မဟုတ် Project Manager လိုမျိုးပေါ့နော်။ သူတို့ရဲ့ အတည်ပြုချက်ရပြီးမှသာ Quotation ကိုပေးရပါတယ်။ Supplier တွေနဲ့ အဆင်ပြေပြေဖြစ်ဖို့လိုသလို Main Con: တွေနဲ့လည်း ဆက်ဆံရေးချောမွေ့ရပါမယ်။ Main Con: တွေက လိုအပ်တာတွေကိုလည်း တတ်နိုင်သမျှ အဆင်ပြေအောင်စီစဉ်ပေးဖို့လိုပါတယ်။ Main Con: နဲ့အဆင်ပြေမှသာ ကိုယ့် Quotation ကိုသူတို့က သုံးမှာ။ သူတို့ကသုံးမှ ကိုယ်ကအလုပ်ရမှာပါ။ ဒါကြောင့် Sub Con: QS ဆိုတာ Main Con: မျက်နှာကိုလည်း ကြည့်ရပါတယ်။ Supplier ကိုလည်း ချော့တတ်ရပါတယ်။ နောက်တစ်ဆင့် ထပ်တက်ပါပြီ။ ကိုယ်ပေးလိုက်တဲ့ Quotation ကို Main Con: က သုံးပြီဆိုပါတော့။ ကိုယ့်အတွက် Project အသစ်တစ်ခုရပြီပေါ့။ ဒီအခါမှာ Main Con: ကနေ အလုပ်အပ်ပါတယ်ဆိုတဲ့ စာချုပ် ( Letter of Award , LA လို့လည်းခေါ်ပါတယ်။) ချုပ်ပါတယ်။ စာချုပ်ဟာ ISO စံနှုန်းနဲ့ဆိုရင် သူဌေးကပဲလက်မှတ်ရေးထိုးရပါတယ်။ အဲ့ဒီစာချုပ်မှာပါတဲ့ လုပ်ငန်းကာလကို သတိပြုရပါမယ်။ ဘယ်နေ့မှာ လုပ်ငန်းစပြီး ဘယ်နေ့မှာ လုပ်ငန်းကို အပြီးလုပ်ပေးရမယ်ဆိုတာမျိုးပါ။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းစပြီး တစ်လဆိုရင် ငွေတောင်းလို့ရပြီဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ လုပ်ငန်းစပြီး တစ်လမှာ Progress Payment ဆိုတာရှိလာပါပြီ။ လုပ်ငန်းတိုးတက်မှုကိုကြည့်ပြီး Main Con: ဆီမှာ ငွေတောင်းရပါတယ်။ အဲ့ဒါကို Claim တင်တယ်လို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့် Claim ကို လတစ်လရဲ့ နောက်ဆုံးအပတ်မှာ အပြီးတင်ပေးရပါတယ်။ တစ်ချို့ Main Con: တွေကတော့ ဘယ်နေ့တင်ပါ ဆိုတာမျိုး သတ်မှတ်ပေးတတ်ပါတယ်။ သူတို့ပြောတဲ့နေ့ကို အရောက်ပို့ပေးရပါတယ်။ Claim တင်တဲ့နေရာမှာ Sub Con: QS အနေနဲ့ ဖြစ်နိုင်သမျှ ကိုယ့်ဘက်က ရာနှုန်းပြည့် Claim ဖို့ကြိုးစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ၁၀၀ တင်ရင် Main Con: က ၈၀ပဲ ပေးဖို့ရည်ရွယ်တတ်ပါတယ်။ ဆိုလိုတာက ကိုယ့်ဘက်က ပိုတင်လို့ Main Con: က လျော့ပေးတာ ပြသနာမရှိပါဘူး။ ကိုယ့်ဘက်က လျှော့တင်မိလို့ Main Con: ကပေးတာလျှော့ရင် QS အသုံးမကျရာရောက်ပါတယ်။ Sub Con: QS တစ်ယောက်အနေနဲ့တော့ ငွေကိုဘယ်နေရာကနေ ပိုတောင်းရမလဲဆိုတာကို စိတ်ဝင်စားသင့်ပါတယ်။ Claimတင်ပြီး တစ်လလောက်ကြာတဲ့အခါမှာ ပိုက်ဆံထုတ်ပေးဖို့လည်း Main Con: ကိုသတိပေးနေဖို့ သတိထားရပါသေးတယ်။ ထုံးစံအတိုင်း Main Con: ကိုဖုန်းဆက်ပါ။ Claim နံပါတ်ဘယ်လောက်ကတော့ဖြင့် ဘယ်လက တင်ထားပါတယ်။ တန်ဖိုးကတော့ ဘယ်လောက်ပါ။ ဘယ်တော့လောက်မှ ငွေရပါမလဲ။ ဒါမျိုးတွေ မေးတတ်ရပါတယ်။ "Any Payment for me?" ဆိုတဲ့ စကားလေးတစ်ခွန်းကိုတွင်တွင်သုံးပြီး Main Con: တွေဆီကို ခဏခဏဖုန်းဆက်ပြီး ငွေတောင်းနိုင်တဲ့ QS ကို သူဌေးချစ်မှာသေချာပါတယ်။ Claim တင်တဲ့နေရာမှာ ကိုယ့်ဘက်ကရာနှုန်းပြည့်ဖြစ်ဖို့ ကြိုးစားတယ်ဆိုပေမယ့်လည်း အမှန်တကယ် Site ထဲမှာ မပြီးစီးသေးတဲ့ လုပ်ငန်းကိုတော့ Claim လို့မရသေးပါဘူး။ ဒါကြောင့် Claim တင်ခါနီးမှာ သက်ဆိုင်ရာ Project Coordinator, Supervisor, Project Manager တွေဆီကနေ ဘယ်လုပ်ငန်းတွေမှာ ရာခိုင်နှုန်းဘယ်လောက် ပြီးစီးနေပါတယ်ဆိုတဲ့ အချက်အလက်တွေကို ရယူရပါတယ်။ တစ်ချို့ကုမဏီတွေမှာတော့ QS ကိုယ်တိုင် Site ထဲကိုဆင်းပြီး စစ်ဆေးရတတ်ပါတယ်။ နောက်တစ်ခုက Claim တင်ပြီးလို့ Main Con: ( သို့မဟုတ် ) Consultant က ငွေထုတ်မပေးခင် Site ထဲက အမှန်တကယ် လုပ်ငန်းပြီးစီးမှုကို စစ်ဖို့လိုအပ်လာတဲ့အခါမှာလည်း Main Con: QS , Consultant QS တို့နဲ့အတူ Site ထဲကိုလိုက်ပြီး ဘယ်လုပ်ငန်းကတော့ ဘယ်နေရာမှာလုပ်ထားတာပါ။ တကယ်ပြီးစီးပါပြီ ဆိုတဲ့အကြောင်းကို ပြနိုင်ရပါတယ်။ မပြနိုင်ရင် ကိုယ်က Claim တင်ထားပေမယ့် ပိုက်ဆံမရတော့ပါဘူး။ ဖြတ်ခံရတတ်ပါတယ်။ Variation Order တွေကိုလည်း မျက်ခြေမပြတ်ဖို့လိုပါတယ်။ အတိုင်းအတာတွေဟာ တင်ဒါတုန်းကအတိုင်း တသဝေမတိမ်း ဖြစ်ချင်မှဖြစ်တာပါ။ လုပ်ငန်းအမှန်တကယ်စတဲ့အခါ လုပ်ငန်းခွင်အခြေအနေအရ ပြောင်းလဲသွားတာတွေ ရှိတတ်ပါတယ်။ အဲ့ဒါကြောင့် Variation Order တွေကို အမြဲ Update ဖြစ်အောင်ကြည့်ပြီး ထပ်ပေါင်းဖို့လိုတာကို ထည့်ပေါင်း၊ နှုတ်ဖို့လိုတာတွေကို နှုတ်ပေးပြီး Project ရဲ့ Final Amount ကိုအမြဲတမ်း တွက်ချက်ထားရပါတယ်။ LA မှာပါတဲ့ လုပ်ငန်းကိုအပြီးသတ် လုပ်ပေးဖို့ သတ်မှတ်ထားတဲ့ လကိုရောက်ပြီဆိုရင်တော့ Claim ကို ၁၀၀% အပြည့်တင်ဖို့နဲ့ Variation Order တွေပါအကုန် အပြီးသတ် Claim တင်ပေးရပါမယ်။ အဲ့ဒါကို Final Account ( Final Claim ) လို့ခေါ်ပါတယ်။ သိပ်ကိုအရေးကြီးပါတယ်။ Final Claim မှာ မထည့်မိလို့ ကျန်ခဲ့တဲ့ လုပ်ငန်းဟာ နောက်ထပ်ငွေထပ်တောင်းလို့ မရတော့လို့ပါ။ Final Account ပြီးတာနဲ့ Project တစ်ခုရဲ့ ငွေစာရင်းက ပိတ်သွားပါပြီ။ ထပ်ပေါင်းလို့လည်း မရတော့သလို၊ နှုတ်လို့လည်း မလွယ်တော့ပါဘူး။ ဒါကြောင့် Main Con:, Consultant QS တွေဟာ သတိကြီးစွာနဲ့ Final Account ကိုကိုင်တွယ်ပါတယ်။ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား၊ အတိုင်းအတာ ဂဏာန်းတစ်ခုတိုင်းဟာ ငွေကြေးဖြစ်စေလို့ပါပဲ။ အပေါ်မှာပြောခဲ့တာတွေက Main Con: ကနေ ခွဲထွက်လာတဲ့ Project အတွက် QS တစ်ယောက် လုပ်ပေးရတဲ့ အလုပ်တွေပါ။ နောက်တစ်မျိုးက Consultant ကခွဲထွက်လာတဲ့ Nominated Sub Contract ( NSC ) တွေပါ။ NSC Project တွေက Main Con: ကထပ်ခွဲတဲ့ Project တွေထက်ပိုပြီး တာဝန်ကြီးပါတယ်။ Sub Contractor အနေနဲ့ ကိုယ်တိုင် တင်ဒါဆွဲရပြီး Consultant နဲ့တိုက်ရိုက်ဆက်ဆံရလို့ပါပဲ။ အတိုင်းအတာကိုလည်း တိကျသေသပ်စေရသလို၊ ဈေးနှုန်းကိုလည်း တတ်နိုင်သမျှ အချိုဆုံးဖြစ်အောင် ကြိုးစားရပါတယ်။ NSC မှာ ပထမဆုံးအဆင့်က တင်ဒါတင်ထားတဲ့ Website တွေကနေ အသစ်ထွက်လာတဲ့ တင်ဒါတွေကို ဒေါင်းလုဒ်ချပြီး တွက်ချက်ရပါတယ်။ ကြားခံအဆင့်တွေဖြစ်တဲ့ Supplier Quotation ခေါ်တာတို့၊ Estimate တွက်တာတို့ကတော့ ပုံစံအတူတူပဲမို့လို့ ထပ်မပြောတော့ပါဘူး။ တင်ဒါပိတ်ရက်မှာ သတ်မှတ်ထားတဲ့ Consultant Tender Box မှာ သွားထည့်ရပါတယ်။ Fax နဲ့ ပို့လို့မရတော့ပါဘူး။ တင်ဒါရယ်လို့ ရှိလာပြီဆိုရင် တင်ဒါအင်တာဗျူးဆိုတာ ရှိလာပါတယ်။ တင်ဒါပိတ်ရက်ပြီးတဲ့အခါ Consultant ကနေ ဘယ်နေ့ဘယ်ရက်မှာ အင်တာဗျူးလုပ်ပါမယ်။ တာဝန်ရှိသူလာရောက် ဖြေကြားပါလို့ ခေါ်စာပို့ပါတယ်။ အဲ့ဒါဆိုရင် Project Manager နဲ့အတူ QS လိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ ဈေးနှုန်းနဲ့ ကုန်ပစ္စည်းအရည်အသွေးကိုသာ Project Manager က Consultant Architect နဲ့ညှိုနှိုင်းတာဖြစ်ပြီး စာရွက်စာတမ်း( Contract )အပိုင်းနဲ့ အတိုင်းအတာတွက်ချက်မှုအပိုင်းက QS အချင်းချင်းပဲ စကားပြောတာကြောင့်ဖြစ်ပါတယ်။ တင်ဒါအင်တာဗျူးဆိုတာ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ Consultant ကမရှင်းလင်းတဲ့ အပိုင်းတွေနဲ့ သူတို့လိုချင်တဲ့ အချက်တွေကို ခေါ်ညှိုတာပါပဲ။ တင်ဒါဆွဲတဲ့အဆင့် ၁ မှ ၅ အထိ ( သို့မဟုတ် ) ၁ မှ ၃ အတွင်းဝင်တဲ့ ကုမ္ပဏီတွေကိုသာ ခေါ်တာဖြစ်ပါတယ်။ တင်ဒါအင်တာဗျူးအခ်ါမခံရရင်တော့ အဲ့ဒီတင်ဒါကို ကိုယ်မရနိုင်တော့ဘူးဆိုတာ အလိုလိုနားလည်ရပါတယ်။ တင်ဒါရသွားပြီဆိုရင်လည်း Consultant ကနေ စာပို့ပါတယ်။ ဒီ Project ကိုတော့ ဘယ်ကုမ္ပဏီကို လုပ်ငန်းအပ်ဖို့ ရွေးလိုက်ပါပြီ။ LA မှာလက်မှတ်လာထိုးပြီး Construction Drawing လာထုတ်ပါဆိုပြီးတော့ စာပို့ပါတယ်။ အဲ့ဒီအခါမှာ သူဌေးကိုယ်တိုင်သွားပြီး Contract ကိုလက်မှတ်ထိုးရပါတယ်။ ပြီးရင်တော့ အဲ့ဒီ Contract က QS ရဲ့လက်ထဲကိုရောက်လာပါတော့တယ်။ Claim တင်ခြင်းနဲ့ Variation Order တွေကတော့ အပေါ်မှာပြောခဲ့တာနဲ့ အတူတူပါပဲ။ Claim ဆိုတဲ့နေရာမှာ NSC ဖြစ်နေပေမယ့်လည်း Sub Con: ဟာဘယ်တော့မှ Consultant ကိုတိုက်ရိုက် Claim မတင်ရပါဘူး။ Main Con: ကိုပဲ တင်ရပါတယ်။ ငွေထုတ်တဲ့အခါလည်း Main Con: ကတစ်ဆင့်ပဲထုတ်ပေးပါတယ်။ ကျန်တဲ့ Final Account ထုတ်တဲ့အပိုင်းလည်း အတူတူပါပဲ။ ဒါက ပညာရပ်အပိုင်းပါ။ Contract မှာပါတဲ့ စာရွက်စာတမ်းအပိုင်းတွေ ရှိပါသေးတယ်။ ဥပမာ- Warrenty လိုမျိုးပေါ့။ ကိုယ်လုပ်ပေးတဲ့ လုပ်ငန်းအတွက် ဘယ်နှနှစ် တာဝန်ယူပါတယ် ဆိုတာမျိုးတွေလည်း လုပ်ပေးရပါသေးတယ်။ အဲ့ဒါတွေကတော့ ပုံသေမရှိပါဘူး။ လုပ်ငန်းလိုအပ်ချက်နဲ့ Consultant အပေါ်မှာမူတည်ပြီး လုပ်ပေးရတာဖြစ်ပါတယ်။ ဒါကြောင့် QS ရဲ့ အလုပ်တွေထဲမှာ အမြဲတမ်း "Other Necessary Paper Work" ဆိုတာပါနေတတ်တာပါ။ အခုပြောသွားသလောက်ဟာ သင်ရိုးညွှန်းတမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်မရဲ့အတွေ့အကြုံကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ QS ဆိုတာဘာလဲလို့ လုံးဝမသိသေးတဲ့သူ၊ စိတ်ဝင်စားတဲ့သူတွေအတွက် နားလည်ရုံ၊ အတွေ့အကြုံမရှိသေးတဲ့ သူတွေအတွက် လုပ်ငန်းခွင် သဘောတရား တီးမိခေါက်မိရုံသာ ဖြစ်ပါတယ်။ အသေးစိတ်ဆိုတာကတော့ တကယ်လုပ်တဲ့အခါ ကိုယ်တိုင်တွေ့ကြုံလာမှ သိတာမျိုးဖြစ်ပါတယ်။ အပိုင်း ( ၄ ) မှာ Main Contractor QS အကြောင်း ဆက်ပြောပါ့မယ်။ မှတ်ချက်။ ။စာလာဖတ်သူထဲမှာ မြို့ပြအင်ဂျင်နီယာတွေ၊ QS တွေရှိနိုင်ပါတယ်။ ကျွန်မရေးသားတဲ့နေရာမှာ လိုအပ်နေတဲ့အချက်တွေ၊ မရှင်းလင်းတာတွေ ရှိနေခဲ့ရင် Comment မှတစ်ဆင့်ဖြစ်စေ၊ Email မှတစ်ဆင့်ဖြစ်စေ ကူညီဖြည့်စွက်ဆွေးနွေးနိုင်ပါတယ်။ အဲ့ဒီအတွက် အတိုင်းမသိကျေးဇူးတင်မိမှာပါ။ စိတ်ဝင်တစား စောင့်ဖတ်ပေးတဲ့ စာဖတ်သူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ စာရေးသူ... GreenGirl artsof-greengirl
Posted on: Wed, 21 Aug 2013 05:00:02 +0000

Trending Topics



Recently Viewed Topics




© 2015