#emg_editorials ၂၀၁၄ ခုနှစ် - TopicsExpress



          

#emg_editorials ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် ဟန်ပြ ဒီမိုကရေစီနှင့် ပြည်သူတို့၏ လိုလားချက် လူတွေက စီးပွားရေးကြီးထွားမှု၊ လူမှုရေးညီမျှမှုနဲ့ လုံခြုံရေးဆိုတာတွေကို တမ်းတကြပေမဲ့ လွတ်လပ်မှုအတွက် အာမခံချက်ရှိတာသေချာဖို့ လိုလားကြတယ်။ သူတို့ ရွေးကောက်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေက ပြည်သူတွေရဲ့ လိုလားချက်တွေကို ဆောင်ရွက်ပေးဖို့ ပျက်ကွက်တဲ့အခါ စိတ်ပျက်လက်ပျက်နဲ့ ယုံကြည်မှုပျောက်ဆုံးသွားတဲ့ မဲဆန္ဒရှင်တွေကို အပြစ်တင်လို့ မရနိုင်ပါဘူး။ ခရစ်ရှန်ကားလ် အယ်ဒီတာ Foreign Policy မဂ္ဂဇင်း ဗင်နီဇွဲလားသမ္မတ နီကိုလက်မာဒူရိုသည် ဟန်ပြဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး သူ၏အတိုက်အခံများနှင့် မီဒီယာများကို ခြိမ်းခြောက်နေသည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့ (HRW)က ဇန်န၀ါရီ ၂၁ ရက်တွင် ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဗင်နီဇွဲလားနိုင်ငံအစိုးရသည် ဒီမိုကရေစီ၏ အခြင်းအရာများပါဝင်ခြင်းမရှိဘဲ လိုသလိုပုံသွင်းယူထားသောပုံစံဖြင့် အုပ်ချုပ်သည့် အထက်အမိန့်ကို နာခံရမည်ဟူသော အစိုးရအဖွဲ့များဟု HRW က သတ်မှတ်ထားသည့် နိုင်ငံများစာရင်းတွင် ပါဝင်သည်။ “ဟန်ပြဒီမိုကရေစီစနစ်က အစိုးရအနေနဲ့ ဥပဒေရဲ့ အောက်မှာပဲ ဆောင်ရွက်ရမယ်။ လူနည်းစုတိုင်းရင်းသားတွေကို ကာကွယ်ထားတဲ့ လူ့အခွင့်အရေးကန့်သတ်ဘောင်အတွင်း ရှိရမယ်။ လူထုရဲ့လွတ်လပ်တဲ့ စဉ်ဆက်မပြတ် ငြင်းခုံဆွေးနွေးမှုတွေကို ခွင့်ပြုရမယ်။ အစရှိတဲ့ ဒီမိုကရေစီအခြေခံစည်းမျဉ်းတွေကို ပယ်ချထားပါတယ်” ဟု HRW ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ HRW က ယင်းကဲ့သို့သော ဟန်ပြဒီမိုကရေစီ၏ အနေအထားကို abusive majoritarianism (အင်အားကြီးသူကသာ လွှမ်းမိုးအနိုင်ကျင့်သည့် ယုတ်ရင်းကြမ်းတမ်းသောဝါဒ)ဟု ကင်းပွန်းတပ်ခဲ့ပြီး ယင်းစနစ်ကို ကျင့်သုံးသည့် နိုင်ငံများစာရင်း၌ အီဂျစ်၊ ဆီးရီးယား၊ မြန်မာ၊ ထိုင်း၊ ကင်ညာ၊ ရုရှားနှင့် ယူကရိန်းနိုင်ငံများကို ထည့်သွင်းထားသည်။ abusive majoritarianism ကြောင့်ပင် ခြစားမှုများနှင့် အများ၏ လက်ခုပ်သံရရေးကိုသာ ဦးတည်ကြိုးပမ်းမှုများ ပေါ်ပေါက်လာပြီး ယင်းတို့က ဒီမိုကရေစီ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေကာ ဒီမိုကရေစီစနစ်ကို သေးသိမ်စေခဲ့သည်။ အုပ်ချုပ်ရေးမဏ္ဍိုင်တွင် အာဏာပြ၍ တစ်လွဲအသုံးပြုမှု၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် မီဒီယာများ၏ အခန်းကဏ္ဍကို နေရာကျဉ်းသွားအောင်ပြုလုပ်မှု၊ လူ့အခွင့်အရေးပြဿနာများ ဆိုးရွားလာမှုနှင့် အတိုက်အခံများကို ဖိနှိပ်မှုတို့သည် ဒီမိုကရေစီကို ရွဲ့စောင်းစေသော အခြင်းအရာများဖြစ်သည်။ ခိုင်မာသည့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ၊ လွတ်လပ်သော တရားရုံးများ၊ အားကောင်းသော နိုင်ငံရေးပါတီများ၊ စုံလင်ကွဲပြားစွာ ရပ်တည်ခွင့်ရှိသော မီဒီယာများနှင့် လွတ်လပ်သော အရပ်ဘက်လူ့အဖွဲ့အစည်းများ အမှန်တကယ်ထွန်းကားရန် လိုအပ်သည်။ စစ်မှန်သော ဒီမိုကရေစီစနစ်ကို ဆယ်စုနှစ်များစွာ မျှော်လင့်စောင့်စားခဲ့ကြရသည့် မြန်မာပြည်သူများသည် လွတ်လပ်၍ အမှီအခိုကင်းပြီး တာဝန်ယူတတ်သော တာဝန်ခံမှုရှိသော အစိုးရတစ်ရပ်ကို လိုလားနေသည်ဆိုခြင်းမှာ အလွန်ပင် သိသာထင်ရှားလှသည်။ မြန်မာပြည်သူများ အမှန်တကယ် လိုလားနေသည်မှာ လိုသလိုပုံသွင်းထားသည့် ဟန်ပြ ဒီမိုကရေစီမဟုတ်ဘဲ စစ်မှန်အားကောင်းသည့် ရေရှည်တည်တံ့သော ဒီမိုကရေစီစနစ်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
Posted on: Fri, 24 Jan 2014 03:39:47 +0000

Trending Topics



Recently Viewed Topics




© 2015