ကျွန်တော်မက်တဲ့ - TopicsExpress



          

ကျွန်တော်မက်တဲ့ ဆက်သွယ်ရေးအိပ်မက် ************************** “တူ တူ တူ” "Welcome to Verizon Mobile Service, For English Press 1" "Verizon မိုဘိုင်း ဆားဗစ်မှ ကြိုဆိုပါတယ်, မြန်မာဘာသာ အတွက် ၂ ကို နှိပ်ပါ" ကိုလတ်တစ်ယောက် Touch Pad မှ ၂ ကို နှိပ်လိုက်သည်။ ”လူကြီးမင်းနှင့် အပြန်အလှန်ပြောဆိုမှုတို့အား ၀န်ထမ်းအရည်အသွေး မြှင့်တင်မှုနှင့် သင်ကြားမှုပိုင်းတွင် အသုံးပြုနိုင်ရန် အသံဖမ်းထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု အလိုတလျှောက်စကားပြောစက်မှ အသံထွက်ပေါ်လာပြီး ၁၀ စက္ကန်ခန့်ကြာသော အခါ ချိုသာသော မိန်းကလေး တစ်ဦးအသံအား ကြားရ၏။ “Verizonမှ သီရိလွင် စကားပြောနေပါတယ်။ ဘယ်လိုကူညီပေးရမလဲ သိချင်ပါတယ်” ဒီလိုပဲ ဖုန်းကိစ္စတစ်ခုခု ဖြစ်တယ်ဆိုရင် Verizon ကို လှမ်းဆက်ပြီး ပြောနေကျ။ အခုကတော့ ဖုန်းဘေလ်ပျောက်သွားလို့ ဘယ်လောက်ကျလဲ လှမ်းမေးတာပါ။ “လူကြီးမင်းရဲ့ ဖုန်းဘေလ် ဘယ်လောက်ကျလည်း မပြောခင်မှာ လူကြီးမင်းရဲ့ ဖုန်းဖြစ်ကြောင်း သေချာမှုအတွက် မေးခွန်းလေး တချို့ မေးပါရစေ” ဒီလိုနဲ့ ဘယ်လောက်မှန်းသိသွားသော အခါ ဖုန်းဘေလ်ကို အင်တာနက် Banking ကနေ တဆင့် လှမ်းပေးလိုက်ရ၏။ ဒါတောင် အရင်တုန်းက ပုဂ္ဂလိက ဘဏ်များလုပ်ချင်သော အင်တာနက် Banking ကို ဗဟိုဘဏ်က တော်တော်နှင့် ခွင့်မပြုခဲ့။ အခုတော့လည်း အားလုံး အဆင်ပြေပြေချောချောမွေ့မွေ့နှင့် ဖြစ်နေပြီ။ ဘဏ်ကိစ္စတွေတင်ပဲလားဆိုတော့ မဟုတ်သေး။ အရင်အချိန်က ကျွန်တော်တို့ မြန်မာပြည်တွင် ဆက်သွယ်ရေးစနစ်ကလည်း စုတ်ချာလှသည်။ ဟိုးအရင် ဒီမိုကရေစီ အသွင်ကူးပြောင်းခါစ မြန်မာနိုင်ငံမှာ တာဝန်ရှိသူတွေ၊ မီဒီယာတွေနဲ့ ပြည်သူပြည်သားတွေက စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်နဲ့ မြန်မာ့ဆက်သွယ်ရေးလောကကြီးတစ်ခုလုံး တိုးတက်ဖို့ ၀ိုင်းဝန်းတိုက်တွန်းရင်းမှ ဆုံးဖြတ်ချက်များ မှန်ကန်စွာ ချမှတ်နိုင်ခဲ့လို့ ယခုအချိန်တွင် ခေတ်မှီတိုးတက်နေခြင်းဖြစ်သည်။ Youtube မှ နေ၍ CNN သတင်းအချို့အား ကြည့်နေချိန်တွင် သားငယ်က အနားရောက်လာပြီး သတင်းတပုဒ်ပြလေသည်။ “ဖေဖေ . . . ဒီမှာ CAT5 ကြိုးတွေနဲ့ တယ်လီဖုန်းပုံစံ Art လုပ်ပြီး ဆက်သွယ်ရေး ပြတိုက်တွင် ပြသထားတဲ့၊ အဲဒီ CAT5 ဆိုတာဘာကြီးလဲဟင်” သားငယ်က အရင်ခေတ်က သမိုင်းကြောင်းများကို ပြန်ပြောပြတိုင်း တအံ့တသြနှင့်အမြဲ နားထောင်တတ်သည်။ မဆလခေတ်က ဘယ်လို၊ စစ်အစိုးရခေတ်က ဘယ်လို၊ ဒီမိုကရေခေတ်ပြောင်းကာလက ဘယ်လို စသည်တို့ကို အမြဲမေး၏။ မေးဆို သူတို့ သင်ရတဲ့ သမိုင်းစာအုပ်ထဲမှာ ဒါတွေကို အမြဲကျက်နေရတာကြောင့်လည်း ပါမည်ထင်သည်။ သားငယ်အတွက်တော့ သမိုင်းစာအုပ်ထဲက သမိုင်းကြောင်းထပ် သူ့အဖေကိုယ်တိုင်တွေ့ခဲ့ရသော သမိုင်းကြောင်းကို ပိုသိချင်သည်ထင်၏။ အင်းလေ ကိုယ်တွေခေတ်တုန်းကလည်း မြန်မာနိုင်ငံကို စင်္ကာပူက အတုယူခဲ့ရပါတယ်၊ ရန်ကုန်လေဆိပ်၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာ့ရွှေဘောလုံးခေတ်စတာတွေအကြောင်း အဖိုးပြောပြတာကို ပါးစပ်လေး ဟပြီး နားထောင်ခဲ့ဖူးသည်ပဲ။ အခုလည်း ကြည့်လေ။ CAT5 အကြောင်းလာမေးနေသည်။ အင်းလေ သူတို့လေးတွေ ခေတ်မှာက Wireless, Bluetooth, Fiber စတာတွေပဲ ရှိတော့တာကိုး။ “CAT5 ဆိုတာ လွယ်လွယ်ပြောရရင် အင်တာနက် cable ပေါ့။ သူ့ရဲ့ ထိပ်မှာ RJ45 ဆိုတဲ့ ခေါင်းလေးပါတယ်။ အဲဒါနဲ့ ကွန်ပျူတာရယ် Router လို့ခေါ်တဲ့ အင်တာနက် ကြားခံပစ္စည်းလေး ကို ဆက်ပေးတာပေါ့။ အဲဒါမှ အင်တာနက်သုံးလို့ ရတာ သားရဲ့” “ဟာ ... ဒါဆို တအိမ်လုံး ကြိုးတွေနဲ့ ရှုပ်ပွနေမှာပေါ့” “အင်း နည်းနည်းတော့ ပွမှာပေါ့။ ဒါပေမယ့် အရင်က အဖေတို့ မြန်မာနိုင်ငံမှာ တအိမ်ကို ကွန်ပျူတာ တစ်လုံးတောင် ရှိတာမှမဟုတ်ပဲ၊ သားကလည်း CAT5 အကြောင်းသိချင်တာများ Google search လုပ်လိုက်၊ ပုံနဲ့တကွ တွေ့ရမှာပဲကို” “ရှာနေရင် ကြာဦးမယ်။ ဖေဖေ့ကို မေးလိုက် တန်းသိတာပဲ မဟုတ်ဘူးလား” “ဟားဟား . . . ငါ့သားကတော့ကွာ၊ Google လုပ်ရင် ချက်ချင်း သိရမှာကိုတောင် ကြာမယ်လုပ်သေးတယ်။ ဖေဖေတို့ ခေတ်ကများ အဲဒီ Google တစ်ခါဖွင့်ရင် အနည်းဆုံး မိနစ်ပိုင်းတော့ စောင့်ရတာပဲ။ တခါတလေဆို တက်တောင်မလာတော့ဘူး။ ပြီးတော့ ဖုန်းတွေ ပြောရင်လည်း သစ်ပင်အရိပ်အောက်ဆို မမိဘူးတို့၊ လေတိုက်ရင် လိုင်းပြတ်တယ်တို့၊ ဖေဖေဆို သူငယ်ချင်းတွေနဲ့ ဖုန်းပြောတော့ ၀ရန်တာ ထွက်ပြောရတယ်၊ ဒါတောင် သူငယ်ချင်းက လိုင်းမိပြီ လိုင်းမိပြီ နည်းနည်းထပ်ထွက်လိုက်ဦး ပြောလို့၊ အေး . . . ဒီထက်ထွက်ရင် တိုက်ပေါ်က ပြုတ်ကျပြီး သေဖို့ပဲ ရှိတော့တယ်ကွ ဆိုပြီး ပြောရတယ်” လို့ ပြောတော့ သားငယ်က တဟားဟားနှင့် အော်ရယ်လေသည်။ “အင်း ဘာမှမဖြစ်ရင်တော့ ဟာသ တစ်ပုဒ်လို ရယ်စရာပေါ့သားရယ်၊ ဒါပေမယ့် အသက် ၂၃နှစ်အရွယ် ကောင်မလေး တစ်ယောက် အိမ်နောက်ဖက်က ဆွေးနေတဲ့ အရေးပေါ် လှေကားမှာ ဖုန်းထွက်ပြောမိလို့ ပြုတ်ကျသေဆုံးရဖူးတယ်. သူ့ခမျာလည်း အိမ်ထဲမှာ လိုင်းမမိတော့ လိုင်းမိတဲ့ နေရာက သွားပြောရတယ် ထင်ပါရဲ့ကွယ်” “အဲဒီလို ဆက်သွယ်ရေးစနစ် ဆိုးရွားနေတာ ဘာလို့လဲဟင်၊ သားတို့ သမိုင်းစာအုပ်ထဲမှာ သင်ရတာတော့ အစိုးရက အရာရာကို ချုပ်ကိုင်ထားလို့ဆို၊ ဘာလို့ ချုပ်ကိုင်ထားရတာလဲ” “အင်း ဟုတ်တယ်သားရဲ့၊ အဓိက ကတော့ မီဒီယာ သတင်းအမှောင်ချထားချင်တာလဲ ပါတာပေါ့၊ Information တွေကို သယ်ယူပို့ဆောင်ဖို့ media ဆိုတာတွေ လိုတယ်လေ။ အဲဒီအထဲကမှာ အဓိကဖြစ်တဲ့ Internet နဲ့ ဖုန်းလိုင်းတွေကို သူတို့က ထိန်းချုပ်ထားတော့ သတင်းအချက်အလက်တွေဟာ ချက်ချင်းမပြန့်ပွားနိုင်ဘူး၊ ပြီးတော့ သူတို့က ထိန်းချုပ်ထားတဲ့အတွက် ဘယ်သူက ဘယ်သူ့ကို ဘာပြောတယ်ဆိုတာပါ ခိုးနားထောင်၊ ခိုးပြီး ကြည့်လို့ ရတာပေါ့ကွယ်” “ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ” အင်း ဖေဖေတို့ ခေတ်တုန်းကတော့ လူ့အခွင့်အရေးဆိုတာ ကုလသမဂ္ဂကြေငြာစာတမ်းမှာ ဖတ်ဖူးရုံသက်သက်ပါပဲ ဆိုတာကိုတော့ ရှင်းမပြဖြစ်တော့။ လက်ကိုင်ဖုန်းတွေဆိုလည်း အနီးဆုံး ထိုင်းနိုင်ငံက လူဦးရေ သန်း၇၀နီးပါးအတွက် မိုဘိုင်းဖုန်း ၉၈သန်းလောက်ရှိနေချိန်မှာ ဖေဖေတို့ မြန်မာနိုင်ငံက ဘယ်တော့ရမယ်မှန်းမသိသော မိုဘိုင်းဖုန်း သန်းသုံးဆယ် စီမံကိန်းတဲ့။ နောက်တော့ ရှိသေးတယ် ငါးထောင်တန်ဖုန်းကဒ်တွေကို လုပ်ပေးမယ့်ကုမ္ပဏီက ရှိပေမယ့် ဆက်သွယ်ရေးဌာနက မဖြစ်နိုင်ဘူးတဲ့။ စစ်အာဏာရှင် စနစ်ပြီးလို့ ဒီမိုကရေစီအသွင် ကူးပြောင်းဆဲကာလများအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်ကိုင်ဖုန်း တစ်သန်းလောက်ပဲ ရှိသေးတာလေ။ အဲဒီဖုန်းတွေက လိုင်းမိလားဆိုတော့ လိုင်းကျတော့လည်း မမိပြန်ဘူး။ လိုင်းကမမိ၊ အင်တာနက်စနစ်က နှေးကွေးလို့ ဖုန်းဆက်ပြီး အကြောင်းကြားတော့ ဒီလောက်ပဲ ရှိတယ် အဲဒီအတိုင်းပဲ သုံးချင်သုံးမသုံးချင်နေ၊ မကျေနပ်ရင် ကြိုက်တဲ့နေရာတက်တိုင်ဆိုတဲ့ လေသံနဲ့ ၀န်ထမ်းများက ဆက်ဆံခဲ့ကြသည်။ လူ့အခွင့်အရေးမပြောပါနဲ့ စားသုံးသူအခွင့်အရေးတစ်ရပ်တောင် ဆုံးရှုံးနေခဲ့ရတဲ့အခြေအနေပါ။ မြန်မာ့ဆက်သွယ်ရေးမှ အရာရှိကြီးများမှ ဟိုအင်တာတိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဟိုမိုဘိုင်းစခန်းအား အုပ်မြစ်ချခြင်း စသည့် အပြသဘောဆောင်သော လုပ်ငန်းများသာ လုပ်နေရာမှ နိုင်ငံတော်သမ္မတ၊ မီဒီယာများ၊ ပြည်သူများ၏ ၀ိုင်းဝန်းတောင်းဆိုခြင်း၊၊ နိုင်ငံတော်စီးပွားရေး တိုးတက်ရန် အဓိက လိုအပ်ချက်ဖြစ်သော Infrastructure မှာ ဆက်သွယ်ရေး လုပ်ငန်းလည်းဖြစ်ခြင်း ၀န်ကြီးများနှင့် အရာရှိကြီးများနေရာတွင် ပညာရှင်များကို အစားထိုးခြင်း တို့ကြောင့် တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့သည်မှာ ယခုဆိုလျှင် အတွေ့အကြုံရှိသော နိုင်ငံခြားကုမ္ပဏီကြီးများ၏ ကောင်းမွန်သော ၀န်ဆောင်မှုများဖြင့် မြန်မာ့ဆက်သွယ်ရေးမှာ အထူးကောင်းမွန်လာလေသည်။ ဒါတောင်အစပိုင်းက ဆက်သွယ်ရေးဝန်ကြီးက ပြောသေး၏။ အင်တာနက်စနစ်ချို့ယွင်းပါက လျော်ကြေးပေးမည်တဲ့လေ။ အဲသည်လို ပြောသည်ကလည်း ခပ်ကောင်းကောင်းပင်။ အဘယ်ကြောင့်ဆိုသော် ၀န်ကြီးက ထိုသို့ပြောပြီးသည်နှင့် လျော်ကြေးများ ပေးလျော်လာရသဖြင့် တစစနှင့် ဆက်သွယ်ရေးလုပ်ငန်းမှာ အကြွေးများတင်လာလေသည်။ ထိုအခါမှ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများကို tender ဖိတ်ခေါ်ခဲ့သောကြောင့် Tender ကိုင်တွယ်မှုအပိုင်းအား UKမှ OFCOM မှ လည်းကောင်း၊ Telecommunication Infrastructure တပ်ဆင်သော လုပ်ငန်းများတွင် Singapore မှ Singtel, Norway မှ Telenor မှ လည်းကောင်း၊ ၀န်ဆောင်မှုပေးသော လုပ်ငန်းများတွင် Ireland မှ Digicel ၊ USA မှ Verizon အစရှိသော ကုမ္ပဏီများပူးပေါင်းလုပ်ပိုင်ခွင့်ရခဲ့လေသည်။ “ဒါဆို အဲဒီအချိန်ကတည်းက ဆက်သွယ်ရေး ၀န်ကြီးဌာနမှာ ဘာဝန်ဆောင်မှုမှ မပေးတော့တာလား” “အေးပေါ့သားရဲ့ .... သူတို့တွေက regulator အနေနဲ့ဆိုတော့ ပိုတောင် သက်သာ သွားသေးတယ်လေ၊ နှစ်စဉ်အခွန်လေး ကောက်လိုက်၊ ဆက်သွယ်ရေးဥပဒေလေး ပြဌာန်းလိုက်၊ ဘယ်ကုမ္ပဏီရဲ့ ၀န်ဆောင်မှု မကောင်းဘူးဆိုပြီး ဒဏ်ရိုက်မယ်၊ နောက်နှစ်တွေက စပြီး စာချုပ်မချုပ်တော့ဘူး လို့ ခြိမ်းခြောက်လိုက်နဲ့၊ သက်သက်သာသာပဲ။ ပြောမယ့်သာ ပြောရတာ နိုင်ငံခြားကုမ္ပဏီကြီးတွေကလည်း ၀န်ဆောင်မှု တစ်စက်မှမလျော့ကြပါဘူး။ ဟိုတစ်ခါကပဲ အဓိက Primary လိုင်း ပျက်သွားတာ Secondary လိုင်းက ချက်ချင်း Auto take over မလုပ်လို့ လူက လုပ်လိုက်ရတာပဲ ရှိတယ်” “ဒါဆို အဲဒီအချိန်က ဆက်သွယ်ရေး ၀န်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်သွားမှာပေါ့နော် ဖေဖေ၊ သနားပါတယ်” “ဘယ်အဖြစ်ခံမလဲကွဲ့၊ စာချုပ်တွေ ချုပ်တဲ့အချိန်ကတည်းက ကုမ္ပဏီမှာ ၀န်ထမ်း ဘယ်လောက်ရာခိုင်နှုန်းကို ပြန်လည်ခန့်အပ်ရမည်၊ လိုအပ်သည့် Training များနှင့် ရသင့်သည့် အခွင့်အရေးများကို ပေးရမည် လို့ တခါတည်း စာချုပ် ချုပ်ဆိုထားတာကိုး” “အစိုးရကိုလည်း ပေးရ၊ ၀န်ထမ်းလစာတွေလည်း ပေးရ၊ လိုအပ်တဲ့ ရင်းနှီမြှုပ်နှံမှုတွေလည်း လုပ်ရနဲ့ သူတို့ ရှုံးမှာမကြောက်ဘူးလားဟင်” “သားငယ်ရဲ့ ဆက်သွယ်ရေးလုပ်ငန်းဟာ တော်ရုံတန်ရုံရှုံးဖို့ ခက်တယ်ကွဲ့၊ ကားမ၀ယ်စီးချင်နေမယ် ကွန်ပျူတာ မရှိရင်နေမယ် လက်ကိုင်ဖုန်းကတော့ လူတိုင်း ရှိသင့်၊ ရှိချင်ကြတာချည်းပဲလေ။ ကိုယ့်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဆက်သွယ်ဖို့၊ စီးပွားရေး လုပ်ငန်းလုပ်ဖို့ လူတွေရဲ့ နေ့စဉ်မရှိမဖြစ် အရာတွေထဲမှာ လက်ကိုင်ဖုန်းက ထိပ်ဆုံးက ပါနေပြီလေ။ ဖေဖေတို့ မြန်မာနိုင်ငံမှာ သန်းခြောက်ဆယ် ရှိတယ်နော်၊ ကဲ သန်းငါးဆယ် သုံးတယ်ပဲ ထား၊ ဖုန်းလိုင်း တစ်လိုင်းကို တစ်လ US$20 ပဲ ရတယ်ဆိုပါတော့ ၊ တစ်လကို ၀င်ငွေ US$1billion ဖြစ်နေပြီ၊ ဒါက သားနားလည်အောင် အလွယ်တွက်ပြတာ၊ ဒါတောင် အင်တာနက်ဝန်ဆောင်မှုက ရတဲ့ ပိုက်ဆံမပါသေးဘူး။ အဲဒါကြောင့်လည်း မြန်မာ့ဆက်သွယ်ရေးက လက်မလွတ်ချင်တာပေါ့၊ ဒါပေမယ့် လိုအပ်တဲ့ အခြေခံအဆောက်အအုံကလည်း မဆောက်ပေးနိုင်၊ ၀န်ဆောင်မှုကလည်း ညံ့ဖျင်း၊ ပိုက်ဆံကျတော့လည်း အများကြီးလိုချင်တော့ ဖုန်းတွေအများကြီးထုတ်။ ဆက်သွယ်ရေးအခြေအနေတွေ ဆိုးခဲ့ကြတာလည်း မပြောနဲ့လေ။ ” အခုတော့ ဆက်သွယ်ရေးလုပ်ငန်းက ကုမ္ပဏီကြီးတွေကို လုပ်ပိုင်ခွင့်ပေးပြီးနောက်ပိုင်း ဒေသတွင်း နိုင်ငံများနည်းတူ ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ဒါတောင် တချို့က youtube ကနေ HD Video ကြည့်ရင် Buffering လုပ်တာ နည်းနည်းကြာလို့ဆိုပြီး ပူညံပူညံလုပ်နေကြသေးသည်။ ဒါ့ကြောင့် ဆက်သွယ်ရေးဝန်ကြီးဌာနက Google Fiber တပ်ဆင်ရန်ကိစ္စတွေကို Google နှင့် ဆွေးနွေးဖို့ ကမ်းလှမ်းနေပြီဟု သိရ၏။ Google Fiber ဆိုသည်မှာ ယခု လက်ရှိ Broadband Speed ထက် အဆ ၁၀၀ခန့် အမြန်နှုန်းရှိသော Google ၏ service ဖြစ်သည်။ သြော် အင်တာနက်မရှိတုန်းကလည်း မရှိလို့၊ ရှိလာတော့လည်း ကျော်ခွပြီးမှ ကြည့်ရလို့၊ ကျော်ခွစရာမလိုတော့လည်း မမြန်လို့ လူ့အလို Net မလိုက်နိုင်ဟု ဆိုရမလိုပင်။ ဒါပေမယ့် ဒါ့ကြောင့်ပဲ အသုံးပြုသူများအတွက် ကောင်းကျိုးများကို ရလာခဲ့သည်ဟု ပြောရမည်ထင်သည်။ Telecomm ကုမ္ပဏီကြီးများက အပြိုင်အဆိုင် ဈေးကွက်ချဲ့ထွင်နိုင်ရန် မြန်သထက် မြန်အောင်၊ ကောင်းသထက်ကောင်းအောင် လုပ်ကြသောကြောင့်ဖြစ်သည်။ ယခုဆိုလျှင် အင်တာနက်လိုင်းအား စာချုပ်၂နှစ်ချုပ်ဆိုလျှင် Laptop တစ်လုံးအလကားပေးမည်၊ မိုဘိုင်းဖုန်းတလုံးလိုချင်၍ ၂နှစ်စာချုပ်ချုပ်လျှင် ဖုန်းရော လိုင်းပါ အလကားရမည်။ အခုမှ စတင်၍ စာချုပ်ချုပ်ပါက Welcome Bonus အနေဖြင့် မိနစ် ၂၀၀ အခမဲ့ပြောဆို နိုင်ခြင်း၊ ကုမ္ပဏီတစ်ခု၏ ၀န်ဆောင်မှုအား အသုံးပြုခြင်းကို ရပ်တန့်ပြီး အခြားကုမ္ပဏီတစ်ခုအား အသုံးပြုပါက Transfer Bonus၊ ကျောင်းသားကျောင်းသူများအတွက် မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ကျောင်းဝင်း အတွင်းတွင်မဆို အခမဲ့ဖုန်းပြောခွင့် စသည်ဖြင့် မိမိလိုင်းကို အသုံးပြုရန် အပြိုင်အဆိုင်ကြော်ငြာလာကြသည်။ ထို့နောက် “သား . . . ကျောင်းအားတဲ့ ရက်ကျရင် အဲဒီ ဆက်သွယ်ရေးပြတိုက်ကို လိုက်ပို့ပေးနော်” ဟု သားငယ်က ပူဆာလေသည်။ အင်း . . . ရန်ကုန်မြို့ ကမ်းနားလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းဒေါင့်က အရင် စာတိုက်ကြီးလို့ ခေါ်တဲ့ အဆောက်အအုံကြီးကို ဆက်သွယ်ရေးပြတိုက်အဖြစ် အများပြည်သူကို အခမဲ့ကြည့်ခွင့်ပေးထားတာ ကိုလတ်ကိုယ်တိုင်လည်း မရောက်ဖူးသေးပေ။ “အင်း ... ဒါဆို အိမ်စာတွေ ပြီးအောင်လုပ်၊ ပြီးရင် ဖေဖေလိုက်ပြမယ်နော်” ဇင်ကိုလတ် ၁၁. ၀၉. ၁၂ အရင်က အိုဘယ့် ခြင်္သေ့မြို့တော် ဟူသည့် မဖြစ်နိုင်လောက်သော စိတ်ကူးယဉ်အိပ်မက်တစ်ခုအကြောင်း ရေးခဲ့ဖူးသည်။ ယခုတော့ ဖြစ်စေချင်သော ဖြစ်နိုင်ဖို့ရန်နီးစပ်သော အိပ်မက်များ မက်ပါဦးမယ်။ Credit To ကိုစည်သူ Info Tech For Myanmar (IT4M)
Posted on: Thu, 27 Jun 2013 06:00:45 +0000

Trending Topics



Recently Viewed Topics




© 2015