*** ထားဝယ်အထူး - TopicsExpress



          

*** ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ကျောက်မီးသွေး၊ လျပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများ ပါဝင်နေသည့် အတွက် နည်းပညာရရှိရန် မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ဂျပန်နိုင်ငံ ပါဝင်ပေါင်းစည်းရန် လိုအပ်နေ *** မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန် စတင်လုပ်ဆောင်ပြီး ဖြစ်နေသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကျောက်မီးသွေးစက်ရုံ စီမံကိန်းများ ပါဝင်နေသည့်အတွက် နည်းပညာများ ရရှိရန် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သော ဂျပန်နိုင်ငံ ပူးပေါင်းပါဝင်ရန် လုပ်ဆောင်နေကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးသူရသောင်းလွင်က ပြောကြားသည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ပြီးနောက် စီမံကိန်း အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် ကျောက်မီးသွေးစက်ရုံများ ပါဝင်နေသည့်အတွက် ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ကန့်ကွက်မှုများစွာနှင့် ကြုံတွေ့ခဲ့ရပြီး ကျောက်မီးသွေးစက်ရုံ စီမံကိန်း အချို့အား ရပ်ဆိုင်းခဲ့ရသော်လည်း လက်ရှိကာလတွင် Clean Coal Technology အဆင့်မြင့်နည်းပညာဖြင့် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှုများ ပါဝင်တည်ဆောက်မည် ဖြစ်သည်။ ________________________________________ မြန်မာနိုင်ငံအတွင်း ၀င်ရောက်ရင်းနှီး မြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ရန် အလားအလာကောင်းများ ရှိနေသည့် ဂျပန်နိုင်ငံသည် လက်ရှိကာလတွင် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၌ ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်နေပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဖိတ်ခေါ်နေသကဲ့သို့... ________________________________________ "ဂျပန်နိုင်ငံကို ကြည့်မယ်ဆိုရင် ကျောက်မီးသွေးစက်ရုံတွေကို မြို့တွေရွာတွေ အနားမှာ ထားတယ်။ ဟိုအရင် တစ်ချိန်တုန်းက ဂျပန်နိုင်ငံရဲ့ ကောင်းကင်ဟာ မှိုင်းအုံနေပေမယ့် အခုတော့ Clean Coal Technology အဆင့်မြင့် နည်းပညာနဲ့ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့အခါမှာ ဂျပန်နိုင်ငံရဲ့ ကောင်းကင်မှာ ကြည်လင်တဲ့ မိုးသားတွေ ပြန်မြင်နေရပါပြီ။ ကျွန်တော်တို့ နိုင်ငံမှာလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ကျောက်မီးသွေးစက်ရုံတွေ တည်ဆောက်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့်မို့ ဂျပန်နိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်မှာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ဖို့ လိုအပ်နေပါတယ်" ဟု သူရဦးသောင်းလွင်က ပြောကြားသည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းစတင်စက ကျောက်မီးသွေးစက်ရုံများ ပါဝင်နေသည့်အတွက် ကန့်ကွက်နေသည့် ဒေသခံပြည်သူများအား ဖိတ်ခေါ်၍ အဆင့်မြင့် နည်းပညာသုံး ကျောက်မီးသွေးစက်ရုံမှာ မြန်မာနိုင်ငံနှင့် ဒေသခံပြည်သူများအတွက် ထိခိုက်မှု မရှိနိုင်သည့်အပြင် မြန်မာ့စီးပွားရေးအား နှစ်အနည်းငယ်အတွင်း အဆများစွာ ဆွဲတင်နိုင်မည့် စီးပွားရေးစီမံကိန်းဖြစ်ကြောင်း နားလည်လက်ခံအောင် ရှင်းလင်းပြောပြခဲ့ပြီးဖြစ်ကြောင်း သူရဦးသောင်းလွင်က ဆက်လက်ပြောကြားသည်။ "ဒေသခံတွေကို ကျွန်တော်တို့ ရွှေ့ပေးခဲ့တော့ စီမံကိန်းနဲ့ သုံးမိုင်ကျော် အကွာလောက်အထိ ရွှေ့ခဲ့ တယ်။ ကျွန်တော်တို့ စီမံခန့်ခွဲမှုရုံးက တစ်မိုင်လောက်မှာ ရှိတယ်။ သေစရာရှိရင် ကျွန်တော်တို့ အရင်သေမှာပါ။ ကျွန်တော်တို့အတွက် အန္တရာယ်ရှိရင် ကျောက်မီးသွေးစက်ရုံ စီမံကိန်း ဘယ်လုပ်မလဲလို့ ပြောလိုက်တော့ ဒေသခံတွေ လက်ခံသွားတယ်။ ပြည်ပကနေ ငွေယူပြီး ဒီစီမံကိန်းကိုပျက်အောင် အမျိုးမျိုး အော်နေတဲ့ အဖွဲ့တချို့ကပဲ ကန့်ကွက်မှုအနည်းငယ် ရှိတော့တယ်" ဟု သူရဦးသောင်းလွင်က ဆက်လက် ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း ၀င်ရောက်ရင်းနှီး မြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ရန် အလားအလာကောင်းများ ရှိနေသည့် ဂျပန်နိုင်ငံသည် လက်ရှိကာလတွင် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၌ ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်နေပြီး ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပါဝင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဖိတ်ခေါ်နေသကဲ့သို့ မြန်မာ-ထိုင်း နှစ်နိုင်ငံ ၀န်ကြီးများ တရားဝင်လက်မှတ် ရေးထိုးထားသည့် ဖိတ်ကြားစာအား ယခုနှစ်ဧပြီ ၂၄ ရက်က တရားဝင် ပေးပို့ခဲ့ကြောင်း သိရသည်။ ထိုသို့ ပေးပို့ပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ပါဝင်လာရေးအတွက် မြန်မာ-ထိုင်း-ဂျပန် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ထိုင်းနိုင်ငံတွင် ဇွန် ၁၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းအပြင် မြန်မာ-ဂျပန် သီးသန့်တွေ့ဆုံပွဲအား မြန်မာနိုင်ငံတွင် ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့သကဲ့သို့ ထိုင်း-ဂျပန် သီးသန့်တွေ့ဆုံပွဲကိုလည်း ဇူလိုင် ၁၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်လုပ်ဆောင်ရန် ညှိနှိုင်းရာတွင် အဆင်မပြေမှုများ ရှိနေပြီး လက်ရှိကာလအထိ အဆိုပါ စီမံကိန်းတွင် ပါဝင်လုပ်ဆောင်ရန် ရေရာမှုမရှိသော အခြေအနေ ဖြစ်နေကြောင်း သိရသည်။ "နောက်တစ်ကြိမ်လုပ်မယ့် ထိုင်း-မြန်မာ-ဂျပန် သုံးပွင့်ဆိုင် တွေ့ဆုံပွဲကို ထိုင်းနိုင်ငံက အဆိုပြုမှာပါ။ အခုအချိန်ထိတော့ ဘာမှမသိရသေးပါဘူး။ နောက်ပြီး ဂျပန်နိုင်ငံကို ဒီစီမံကိန်းမှာ ပါဝင်မြှုပ်နှံဖို့ ဖိတ်ခေါ်နေတာ မဟုတ်ပါဘူး။ ကြားကနေ အကျိုးစီးပွား အကျိုးအမြတ် ခွဲဝေမှုတွေ မျှတဖို့ ထိန်းကွပ်ဖို့ဆိုတဲ့ မဟာဗျူဟာမြောက် တတိယနိုင်ငံအဖြစ် ပါဝင်ဖို့ ဖိတ်ခေါ်နေတာပါ" ဟု ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ဆပ်ကော်မတီ ဥက္ကဋ္ဌဖြစ်သူ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။ ထားဝယ်အထူး စီးပွားရေး စီမံကိန်းတွင် လတ်တလော လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းရန် သဘာဝဓာတ်ငွေ့ရည်သုံး စက်ရုံနှစ်ရုံဖြစ်သည့် ၃၆ မဂ္ဂါဝပ်နှင့် ၁၈၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံနှစ်ခုအား ၂၀၁၅ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည်ဖြစ်ကာ ၆၀၀ မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေးစက်ရုံ စီမံကိန်းအား ၂၀၁၅ ခုနှစ်တွင် အပြီးသတ်တည်ဆောက်မည် ဖြစ်သည်။ Source : Eleven Media Group
Posted on: Mon, 29 Jul 2013 10:57:21 +0000

Trending Topics



Recently Viewed Topics




© 2015