ထန်းကုန်းပဋိပက္ခ - TopicsExpress



          

ထန်းကုန်းပဋိပက္ခ ဖမ်းဆီးထားသူ ခြောက်ဦး ပြန်လည်လွတ်မြောက် Sunday, 08 September 2013 မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့ အကြမ်းဖက်၊ မီးရှို့မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများအနက် ခြောက်ဦးကို စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်မှ စုံစမ်းသိရှိရသည်။ ပဋိပက္ခများအတွင်း သံသယရှိသူ ၁၁ ဦးကို သြဂုတ်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် ယခုခြောက်ဦးကို ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားရာမှ ပြန်လည် လွတ်မြောက်လာသူများမှာ ဇော်ဝင်း၊ သိန်းမင်း၊ သိန်းနီဦး၊ မျိုးမြင့်၊ အောင်ဝင်းနှင့် အောင်လွင်တို့ဖြစ်ပြီး ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ အရ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု ကြားသိရကြောင်း ကန့်ဘလူမြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။ “ပြန်လွှတ်လိုက်တယ်လို့တော့ ကြားပါတယ်၊ ဘယ်ရွာသားတွေ ပါလဲလို့တော့ အသေးစိတ် မသိပါဘူး” ဟု ထန်းကုန်းမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။ ယခုခြောက်ဦးကို ပြန်လွှတ်ပေးလိုက်သည့်အတွက် ၎င်းတို့နှင့်အတူ ဖမ်းဆီးထားသည့် မင်းလွင်၊ စိုးအောင် (ခ) အောင်ကြီး၊ ကျော်နိုင်ဦးနှင့် ခင်မောင်ထူး (ခ) ဖိုးထူးတို့ လေးဦးကျန်ခဲ့ပြီး ၎င်းတို့ကို ပုဒ်မ ၄၃၆/၂၃၇ ဖြင့် တရားစွဲဆိုထားကြောင်း ကန့်ဘလူမြို့ခံတစ်ဦးက ပြောကြားသည်။ ထန်းကုန်း ပဋိပက္ခကို ဖြစ်ပွားစေသည်ဟု သတ်မှတ်ခံထားရသော အဓမ္မ ပြုကျင့်ရန် ကြံစည်သူ အစ္စလာမ် ဘာသာဝင် အမျိုးသားကို စက်တင်ဘာလ ၄ ရက်နေ့တွင် ကန့်ဘလူမြို့နယ် တရားရုံးက ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။ သြဂုတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း ထန်းကုန်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ လူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး သြဂုတ်လ ၂၈ ရက်နေ့တွင် အုတ်ဖိုကျေးရွာသား ဦးဆန်းချိုမှာ ရွှေဘိုဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ The Voice Weekly
Posted on: Sun, 08 Sep 2013 11:47:06 +0000

Trending Topics



Recently Viewed Topics




© 2015