နတ်တော့နတ်ပါဘဲ။ - TopicsExpress



          

နတ်တော့နတ်ပါဘဲ။ ဒါပေမယ့်.... Self Update 21-9-2013 8:19 am အခုတလော message တွေ ဖွင့်ဖတ်လိုက်တိုင်း တအံ့တသြ ဖြစ်ဖြစ်သွားရပါတယ်။ အကြောင်းကတော့ မိတ်ဆက်စာတွေ တွေ့တွေ့နေရလို့ပါ။ မိတ်ဆက်စာများ အံ့ကြစရာလားဆရာရယ်လို့ ခင်ဗျားတို့ အပြစ်တင်မစောပါနဲ့ဦးဗျာ။ ရိုးရိုးသားသား ကျွန်တော့် ပရိတ်သက်စာတွေထဲမှာ ထူးထူးခြားခြား စာတွေက (၁) ခေတ်ဆန်ဆန် မိန်းမပုံတွေနဲ့ဗျ။ (၂) အင်္ဂလိပ်လိုရေးထားတာများတယ်။ (၃) ရေးတော့လည်း အသိသာကြီးဗျ။ ရိုးရိုးသားမဟုတ်ဘူး။ ကျွန်တော်ထင်တာကတော့ ကျွန်တော့်ရုပ်ကိုကြည့်ပြီး လော်ပန်ကြီးများ ထင်နေကြသလား မသိပါဘူးဗျာ။ ကျွန်တော့်အထင်တော့ sponsor ရှာနေသလိုဘဲဗျ။ ဒါနဲ့ပတ်သက်လို့ အဲဒီ သမီးတွေ၊ တူမတွေအတွက် ကျွန်တော်ထင်တဲ့အတိုင်းသာ မှန်နေတယ်ဆိုရင်တော့ ကျွန်တော်ကြားဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို ပြောပြချင်ပါတယ်။ တစ်ခါက တောရွာတစ်ရွာရှိတယ်တဲ့။ ထူးခြားတာက ဒီရွာက နတ်ကို အလွန်ယုံကြည် ကိုးကွယ်ကြ သတဲ့။ ဒါကြောင့်လည်း ရွာလယ်က ကြီးမားတဲ့ ညောင်ပင်ကြီးအောက် က ကွက်လပ်မှာ အလွန်ခန့်ညား ထယ်ဝါတဲ့ နတ်ရုပ်ကြီးတစ်ရုပ်ကို ထုလုပ်ကိုးကွယ် ထားကြသတဲ့။ နှစ်တိုင်းလည်း နတ်ပွဲကို မှန်မှန် ကျင်းပကြသတဲ့။ နတ်ပွဲကာလ ဆိုရင် မြန်မာနိုင်ငံအနှံ့ရောက်နေကြတဲ့ အဲဒီရွာက ရွာသူရွာသား မိသားစုတွေ ဟာ ရောက်ရာအရပ်က ရွာကိုအရောက်ပြန်ကြရသတဲ့။ အဲဒီမှာ ဒီရွာရဲ့ နောက်တစ်ခုထူးခြားတာက ရှိနေပြန်သေးတယ်။ အဲဒါကတော့ ရွာရဲ့အလယ်ကဖြတ်ပြီး တောင်ကျချောင်းတစ်ခုက စီးဆင်းနေတာဘဲဖြစ်ပါတယ်။ မိုးတွင်းကာလဆိုရင်တော တောင်ကျချောင်းရေတွေ ဆင်းဆင်းလာတတ်သတဲ့။ တစ်နှစ်မှာတော့ ရွာရဲ့ချောင်းဖျားထိပ်ဖက်က တောင်တန်းတွေအပေါ်မှာ မိုးတွေထူးထူးခြားခြား ကောင်းနေသတဲ့။ဒီတော့လည်း ချောင်းထိပ်ကတောင်ကြား တွေပေါ်မှာ ရေတွေဒလဟော စီးဝင်ကုန်တော့ တောင်ကျချောင်းရေတွေဟာ ရွာထဲကို တဟုန်ထိုးစီးဆင်းလာသတဲ့။ ဖြစ်ချင်တော့ တောင်ကျရေတွေ စီးဝင်လာတဲ့အချိန်ဟာ ရွာသူရွာသားတွေ အိပ်မောကျနေတဲ့ ညအချိန်ကြီး ဖြစ်နေ သတဲ့။ ဘာပြောကောင်းမလဲ ရွာသူရွာသားတွေဟာ “ကုလားတိုက်ကျားဆွဲ” “ဝေသာလီပြည်ဘီလူးစီးသလို” အားလုံး အိပ်ယာကနေ အသက်ဘေးလုပြေးကြရ တာပေါ့။ တောင်ကျရေဆိုတာကလည်း မြန်တယ်မဟုတ်လား။ “ဆင်သေချောင်း” “ဒေါင်းသေချောင်း” လို့တောင် အမည်ပေးခဲ့ကြရတာလေ။ ရရာပစ္စည်းဆွဲယူပြေးကြရတဲ့ ရွာသူရွာသားတွေဟာ ဒီလောက်ကမ္ဘာပျက်သလိုဖြစ်နေ တဲ့ကြားက သူတို့အလွန်ရိုသေကိုးကွယ်တဲ့ ရွာလယ်နတ်ကွန်းက နတ်ရုပ်ကြီးကိုတော့ မမေ့မလျော ပါအောင်ထမ်းယူလာခဲ့ကြသတဲ့။ အလွန်သန့်ရှင်းဖြူစင်တဲ့ ပိတ်ပုဝါ အဖြူစကြီးနဲ့ သေသေချာချာထုပ်ပိုးပြီး ကျောပေါ်ကထမ်းပြီး ချောင်းကို ဖြတ်ပြေးကြရသတဲ့။ အဲ..ဖြတ်ပြေးနေရင်းနဲ့ဘဲ တောင်ကျချောင်းရေတွေကလည်း ဒလဟော စီးဆင်းလာလေတော့ ရေတွေကလည်း နတ်ရုပ်ကြီးထမ်းပြီး ချောင်းကိုဖြတ်ကူးနေတဲ့ ရွာသားကို ပထမတော့ ဒူးလောက်၊ နောက်ပေါင်လောက်၊ နောက်ခါးလောက်။ နောက်တော့ ရင်ခေါင်းလောက်အထိ ရေတွေက တက်လာတော့..။အခြေအနေက မကောင်းတော့ဘူးတဲ့။ ဒီတော့ နတ်ရုပ်ကြီးထမ်းလာတဲ့ ရွာသားဟာ မနေသာတော့ဘဲ နတ်ရုပ်ကြိးကို တိုင်တယ်ရတော့တာပေါ့။ “ကိုယ်တော် ဒီအတိုင်းဘဲ ကြည့်နေတော့မှာလား၊ ကြည့်မနေနဲ့ဦးလေ။ လုပ်ဦးလေ။ မ..အုံးလေ။ ကြာရင် ကိုယ်တော်ရော ကျွန်တော်မျိုးရော ရေနစ်သေရပါလိမ့်မယ် ဘုရား” လို့ပြောလိုက်သတဲ့။ ဒီတော့ နတ်ရုပ်ကြီးကလည်း ပြန်ပြောသတဲ့ “မင်းကယ်ဖို့ နေနေသာသာ၊ ငါ့မှာတောင် ခြေတစ်ဖက်မရှိတော့ဘူးကွ” လို့ပြောသတဲ့။ အကြောင်းကတော့ နတ်ရုပ်ကြီးရဲ့ ခြေတစ်ဖက်က ရေတွေနဲ့နူးပြီး ပျော်သွားလို့ဖြစ်ပါသတဲ့။ ဘာပြုလို့လည်းဆိုတော့ နတ်ကတော့နတ်ဘဲဗျ။ ဒါပေမယ့် ရွှံ့နတ်ကြီးဖြစ်နေလို့ပါဗျာ။ ကျွန်တော်ကလည်း ရွှံ့နတ်ကြီးမျှသာ ပါဗျာ။ မောင်ထွန်းလွင် (မိုေးလ၀သ) အေးချမ်းမွန် Credit To >Tun Lwin < Thanks Re-posted By ACM 21-9-2013 https://facebook/excellencemedia
Posted on: Sat, 21 Sep 2013 02:16:42 +0000

Trending Topics



Recently Viewed Topics




© 2015