ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ - TopicsExpress



          

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မြန်မာငြိမ်းချမ်းရေး စင်တာသို့ ယနေ့သွားရောက် လေ့လာမည် ၂၁.၇.၂၀၁၃၊ တနင်္ဂနွေနေ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ Myanmar Peace Center သို့ ယနေ့ (ဇူလိုင် ၂၁ ရက်)တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။ Myanmar Peace Center အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို လေ့လာခြင်းအပြင် Myanmar Peace Center မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် ပြည်ပမှ ထောက်ပံ့သည့် ငွေကြေးများကို အားကိုးခြင်းထက် ပြည်သူ့ဘဏ္ဍာငွေကိုသာ အသုံးပြုသင့်ကြောင်း ပြောကြားထားသည်။ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများကို အဓိကဆောင်ရွက်နေသည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း လက်ရှိကာလတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အစိုးရမှ ပါဝင်ဆောင်ရွက်လျက် ရှိသော်လည်း နောက်ပိုင်းတွင် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လွှတ်တော်အား လွှဲပြောင်းဆောင်ရွက် စေမည်ဖြစ်ကြောင်း သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။ နောက်ဆုံးဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများကို အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမအဆင့် အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့် အနေဖြင့် ပြည်ထောင်စုအဆင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးမှုများ ပြီးစီးပါက ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများကို ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၁၈ ရက်က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။ မြန်မာအစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ရာတွင် Myanmar Peace Center သည် အစိုးရဘက်မှ ကြားဝင်ဆောင်ရွက်ပေးနေသည့် ငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ Eleven
Posted on: Sun, 21 Jul 2013 02:48:21 +0000

Trending Topics



Recently Viewed Topics




© 2015