“ဗုဒ္ဓဂယာ - TopicsExpress



          

“ဗုဒ္ဓဂယာ တိုက်ခိုက်မှုကို အစ္စလာမ်မစ် အစွန်းရောက်တွေက ကျူးလွန်ခဲ့ရင်တောင် သူတို့ဟာ အစ္စလာမ်ဘာသာကို ကိုယ်စားမပြုနိုင်ပါဘူး၊ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော အစ္စလာမ် ဘာသာဝင်တွေကိုလည်း ကိုယ်စားမပြုပါဘူး။ မြန်မာပြည်ထဲက မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေနဲ့ဆို ပိုလို့တောင် ဝေးပါသေးတယ်။” “ အမုန်းတရားကို Export, Import မလုပ်ကြပါနဲ့ ” စည်သူအောင်မြင့် ၂၀၁၃၊ ဇူလိုင် ၁၀ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာ စာ-၆ မှ။ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂယာမှာ ဗုံးဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးနဲ့ အထင်ကရ အဆောက်အဦ၊ မဟာဗောဓိပင် စတာတွေမှာ ထိခိုက်ပျက်စီးမှု မရှိခဲ့ပေမယ့် မြန်မာရဟန်းတော်တစ်ပါး နဲ့ တိဗက်လူမျိုးတစ်ယောက် ထိခိုက်ဒါဏ်ရာရမှု ရှိခဲ့ပါတယ်။ ဒါ့အပြင် တိဗက်ကျောင်း၊ ထိုင်းကျောင်းနဲ့ ဂျပန်ရုပ်ပွားတော် နားမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒီပေါက်ကွဲမှုဟာ ဘာကို ဦးတည်သလဲ၊ မြန်မာနိုင်ငံမှာ လူများစု ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတဲ့အပြင် သိပ်မကြာသေးခင် ကာလတုန်းကပဲ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ရှိလေတော့ ဒီကိစ္စ ဘယ်လို သဘောထားသင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။ ကနဦး သတင်းတွေအရ ဗုံးထောင်သူလို့ ယူဆ ရသူ တစ်ဦးကို အိန္ဒိယ ရဲတွေက ဖမ်းမိထားပါပြီ။ နောက်ထပ် ထုတ်ပြန်ချက်တွေ မလုပ်မချင်း ဘာကြောင့် ခုလို ဗုံးထောင် ဖေါက်ခွဲမှုတွေ လုပ်ရသလဲ ဆိုတာ တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒီဖြစ်ရပ်နဲ့ ပါတ်သက်ပြီး အိန္ဒိယ နိုင်ငံက ရုပ်သံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်လွှင့်ခဲ့သလို သတင်းစာတွေကလည်း ရေးကြသားကြပါတယ်။ အချို့သတင်းတွေမှာတော့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ဖမ်းမိခဲ့တဲ့ ပါကစ္စတန် အခြေစိုက် အကြမ်းဖက်သမား တစ်ယောက်ရဲ့ ထွက်ဆိုချက်တွေနဲ့ ဆက်စပ်ပြီး သူတို့အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကို မကျေနပ်ဘူး၊ ဒီအတွက် ဗုဒ္ဓဘာသာနဲ့ ပါတ်သက်တာတွေကို လက်တုန့်ပြန်ဖို့ လုပ်လာနိုင်တယ် ဆိုပြီး သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကြိုတင် သတိပေးမှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဒါတွေကို အတည်ပြုလို့တော့ မရနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တကမ္ဘာလုံးက ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂယာကို တိုက်ခိုက်တာဟာ လူတွေ အထွတ်အမြတ်ထား ကိုးကွယ်ရာ ဘာသာရေးတစ်ခုကို တိုက်ခိုက်ခြင်း ဖြစ်တယ်ဆိုတာကတော့ အတော့ကို ရှင်းပါတယ်။ ဒီအတွက်လည်း အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ အကြမ်းဖက် လုပ်ရပ်အဖြစ် ရှုတ်ချပါတယ်။ တကယ်လည်း ဒီလုပ်ရပ်ဟာ အလွန် စက်ဆုတ် ရွံ့ရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီအဖြစ်အပျက် ဖြစ်ပွားတာနဲ့ ဆက်စပ်ပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အာဏာရှိစဉ်က ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ် ကမ္ဘာ့ အကြီးဆုံး ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကို မိုင်းထောင်ဖေါက်ခွဲ ဖျက်ဆီးပစ်လိုက်တာကိုလည်း အမှတ်ရစေပါတယ်။ အဲဒီတုန်းက ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ကြီးဟာ ဒီ ရုပ်ပွားတော်ကြီးကို မဖျက်ဆီးဖို့ မေတ္တာရပ်ခံခဲ့ပါသေးတယ်၊ ဒါတင်မက ဒီ ရုပ်ပွားတော်ကြီးကို မမြင်တွေ့နိုင်အောင် ဒေါ်လာငွေ သန်းနဲ့ချီ အကုန်ခံပြီး တံတိုင်းကာရံ ပေးပါ့မယ်လို့ ပြောဆိုတဲ့တိုင် အကြမ်းဖက်သမားတွေက ဖေါက်ခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။ ပြောချင်တာ ဒီလို လုပ်ရပ်မျိုးတွေအပါအဝင် အခြားသော အကြမ်းဖက်မှု မျိုးစုံကို ကျူးလွန်နေသူတွေဟာ သူတို့ကိုယ်သူတို့ ဘာ ဘာသာကိုးကွယ်နေသူတွေပါ၊ ဘာ ဘာသာကို ကာကွယ် စောင့်ရှောက်နေသူတွေပါလို့ တံဆိပ်တပ်တပ် အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။ သူတို့ပြောပြောနေတဲ့ ဘာသာကို ကိုယ်စားမပြုသလို၊ အဲဒီ ဘာသာကိုးကွယ်တဲ့ ကမ္ဘာ့အတိုင်းအတာ သန်းပေါင်းများစွာရှိတဲ့ ဘာသာဝင်တွေကိုလည်း ကိုယ်စားမပြုပါဘူး။ အကြမ်းဖက်သမားတွေသာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံဆိုရင် အစ္စလာမ်မစ် အစွန်းရောက်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှု ခံရလေ့ရှိပါတယ်။ အမေရိကန် က 9/11 တိုက်ခိုက်ခံရမှု၊ အိန္ဒိယ နိုင်ငံ မွမ်ဘိုင်း တိုက်ခိုက်ခံရမှုတွေဟာ ဆိုးရွားပြီး ကြီးကျယ်ပါတယ်။ ဒါပေမယ့် ဒီ နှစ်နိုင်ငံစလုံးက အစိုးရတွေဟာ ဒါတွေကို ဘာသာတစ်ခုကနေ အခြားဘာသာတစ်ခုကို တိုက်ခိုက်မှုအဖြစ် လုံးဝ ပုံမဖော်ခဲ့ပါဘူး။ သူ့နိုင်ငံက ပြည်သူတွေကိုလည်း ဘာသာတစ်ခုနဲ့ တစ်ခု တိုက်ခိုက်မှုတွေအဖြစ် မရှုမြင်ဖို့၊ အကြမ်းဖက်သမားတွေကြောင့် အဲဒီ အကြမ်းဖက်သမားတွေ ကိုးကွယ်တဲ့ အစ္စလာမ်ဘာသာနဲ့ သန်းပေါင်းများစွာသော အစ္စလာမ် ဘာသာဝင်တွေကို ရောထွေး အပြစ်မမြင်ဖို့ ကြိုးစားရှင်းလင်း ခဲ့ကြပါတယ်။ ပြောရရင် အခု ဗုဒ္ဓဂယာ တိုက်ခိုက်မှုကို အစ္စလာမ်မစ် အစွန်းရောက်တွေက ကျူးလွန်ခဲ့ရင်တောင် သူတို့ဟာ အစ္စလာမ်ဘာသာကို ကိုယ်စားမပြုနိုင်ပါဘူး၊ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော အစ္စလာမ် ဘာသာဝင်တွေကိုလည်း ကိုယ်စားမပြုပါဘူး။ မြန်မာပြည်ထဲက မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေနဲ့ဆို ပိုလို့တောင် ဝေးပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲမှာလည်း ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ တကယ်ပဲ ဖြစ်ပွားခဲ့ပြီးပါပြီ။ ဒါတွေကို အရေးယူဆောင်ရွက်မှုတွေ လုပ်နေရဆဲ ဖြစ်သလို ဘာသာပေါင်းစုံ ခေါင်းဆောင်တွေကလည်း မြန်မာနိုင်ငံသား ဘာသာ မတူသူတွေကြား နားလည်မှု တည်ဆောက်နိုင်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေရဆဲ ကာလ လည်းဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတက “ကျွန်တော်တို့ အနေနဲ့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့ တစ်ဖက်အကြား အမုန်းတရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်တယ်” လို့ ပြောဆိုထားတဲ့တိုင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာ မတွေ့ရသေးသလို နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်မဖြစ်တော့ပါဘူးလို့ အာမခံချက် တစ်စုံတစ်ရာလည်း မရှိသေးပါဘူး။ တကယ်တော့ ဒီ အမုန်းတရား ကြီးထွားအောင် လှုံ့ဆော် ဆောင်ရွက်နေမှုဟာ အကြမ်းဖက်မှုတွေကို Export လုပ်နေသလိုလဲ ဖြစ်နေပါတယ်။ မလေးရှားပြသနာက ဒါကို သက်သေပြနေတာပဲ ဆိုပြီး သမ္မတ ကိုယ်တိုင် အသိအမှတ် ပြုထားပါပြီ။ အခု ဗုဒ္ဓဂယာ ပြသနာ ပေါ်လာပြန်ပါပြီ။ ဒီ အကြမ်းဖက်မှုကို အကြမ်းဖက်မှု၊ စက်ဆုတ်ရွံ့ရှာဖွယ် လုပ်ရပ် တစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ အကြမ်းဖက်သူတွေကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ အိန္ဒိယ အစိုးရကို တောင်းဆိုနိုင်ပါတယ်။ ဘယ်သူတွေ တောင်းဆိုသည်ဖြစ်စေ မတောင်းဆိုသည်ဖြစ်စေ အိန္ဒိယ အစိုးရဟာ တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူပါလိမ့်မယ်။ မြန်မာနိုင်ငံထဲနေသူတွေကသာ ဒါကို ဘာသာရေးဆိုင်ရာ အမုန်းတရားတစ်ခုအဖြစ် Import မလုပ်ကြဖို့ လိုပါတယ်။ အမုန်းတရားတွေကို Export, Import လုပ်ပြီး မြန်မာနိုင်ငံသား အချင်းချင်း ပဋိပက္ခ ကြီးထွားလာအောင် မလုပ်ဖို့ လိုသလို၊ ဖြစ်ခဲ့ပြီးတဲ့ ပြည်တွင်းက အကြမ်းဖက်မှုတွေကြောင့် နိုင်ငံတကာ အလည်မှာ ကျဆင်းခဲ့တဲ့ အေးမြငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပုံရိပ် ပြန်လည် မြင့်တက်အောင် လုပ်ဖို့လည်း လိုအပ်နေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ စည်သူအောင်မြင့်။
Posted on: Thu, 11 Jul 2013 06:55:17 +0000

Trending Topics



Recently Viewed Topics




© 2015