မန္တလေးတွင် ရှစ်လေးလုံး - TopicsExpress



          

မန္တလေးတွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားကျင်းပပြုလုပ် သြဂုတ် ၈ ရက်က မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား နောက်ဆုံးနေ့တွင် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းပေါင်း ၂၆ ခုတို့မှ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြသည်။ မန္တလေးမြို့ ၈၄ လမ်း၊ ၃၁ လမ်းရှိ ဓမ္မသာလခန်းမတွင် သုံးရက်မြောက်နေ့အဖြစ် ယနေ့ သြဂုတ် ၈ ရက် နံနက် ၅ နာရီခွဲအချိန်က သံဃာတော်အပါး ၁၀၀၀ ကို ဘုံဆွမ်းလောင်းလှူခဲ့ကြပြီး ၆ နာရီအချိန်တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော် ၈၈ ပါးကို ဆွမ်းဆက်ကပ်ပြီး ၀ါဆိုသင်္ကန်းများ ကပ်လှူခဲ့ကြသည်။ လှူဒါန်းမှု အစုစုအတွက် ၀ါဆိုဆရာတော်ကြီးက ရေစက်ချတရားဖြင့် ဟောကြားခဲ့ရာတွင် အမျိုးဘာသာ သာသနာအား ထိန်းသိမ်းစောင့်ရှောက်ရန် မိန့်ကြားခဲ့သည်။ ထို့နောက် နံနက် ၉ နာရီအချိန်ခန့်တွင် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းပေါင်း ၂၆ ဖွဲ့တို့မှ ပေးပို့ခဲ့သည့် သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် နံနက်ပိုင်း အစီအစဉ် ကျင်းပခြင်းပြီးဆုံးခဲ့ပြီး မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အဖွဲ့အစည်းများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးသွားကြမည် ဖြစ်သည်။ 'ဒီနေ့ပြုလုပ်တဲ့ ရှစ်လေးလုံး ငွေရတု နောက်ဆုံးနေ့မှာက နိုင်ငံရေး ပါတီတွေ နိုင်ငံရေး အဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန်ခဲ့တဲ့အထဲက အားလုံးတူညီ ကြတာကတော့ (၁)စစ်အာဏာရှင် တိုက်ပွဲက မပြီးသေးဘူး၊ (၂)စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး၊ (၃)စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ အခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်သင့်တယ်။ တချို့ကလည်း အသစ်ပြန် ရေးဆွဲသင့်တယ်လို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ဒီနေ့နောက်ဆုံးရက်ကတော့ ဒီမိုကရေစီ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ကြတဲ့ သူတွေကို သတိရတမ်းတပြီး ဂုဏ်ပြုပေးတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်' ဟု မန္တလေးမြို့ ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနား သတင်းနှင့် ပြန်ကြားရေးမှ ကိုရဲရင့်ကျော်က ပြောဆိုခဲ့သည်။ ၈.၈.၂၀၁၃ ရက်တွင် မန္တလေးမြို့တွင် ကျင်းပပြုလုပ်နေသည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အခမ်းအနားသို့ နိုင်ငံရေး ပါတီများ၊ အဖွဲ့အစည်းများဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းပြည်သစ်ပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (အဝေးရောက်)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ABSDF၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ရန်ကုန်၊ အထက်ဗမာပြည်၊ စစ်ကိုင်း၊ မုံရွာ)၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ရန်ကုန်+မန္တလေး)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက် (ရန်ကုန်+မန္တလေး) တို့မှ ပေးပို့သည့် သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြကြောင်း သိရသည်။ Credit to =>Eleven Media GroupThank
Posted on: Thu, 08 Aug 2013 17:17:46 +0000

Trending Topics



Recently Viewed Topics




© 2015