ယနေ့အကြိုက်ဆုံး - TopicsExpress



          

ယနေ့အကြိုက်ဆုံး သရော်စာ Satire of the Day ============================ တစ်နေ့သ၌ ကျွန်ုပ်ရုံးသွားရန် ပြင်ဆင်နေစဉ် ချစ်လှစွာသော အဘိုးဖြစ်သူသည် သတင်းစာကို ကိုင်လျှက် အပေါ်ထပ်လှေကားမှ အမောတကော ပြေးဆင်းလာကာ ကျွန်ုပ်အား သတိပေးစကားဆိုလေသည်။ "ငါ့မြေး.. အခွန်ရုံးမှာ လာဘ်စားတဲ့ ကိစ္စတွေနဲ့ အရာရှိတွေ ပြုတ်ကုန်သတဲ့.. မင်းက မော်တော်ပီကယ်ဆိုတော့ စိတ်ပူသကွယ်.." ကွ်ျန်ုပ်ကား မော်တော်ပီကယ်သက်ရင့်လှသူမို့ အေးအေးဆေးဆေးပင်။ "မပူပါနဲ့ အဘရယ်.. ဒါကျွန်တော့်ဂွင်တွေပါ.. အဘစိတ်ပူရင် ကျွန်တော့်ကို အလုပ်လုပ်နေတုန်း ပုရွတ်ဆိတ် မကိုက်အောင်ဘဲ ဆုတောင်းပေး.." သူ့မြေး၏ ထူးထူးခြားခြားဆုတောင်းကြောင့် အဘခမျာ အာမေဋိတ်ပင် တ သွားရလေသည်။ "ဟေ.. ဘာလို့တုန်းကွ.." "ပုရွတ်ဆိတ်ကိုက်လို့ ဟိုကုတ်၊ ဒီကုတ် ကုတ်ရင် ကျွန်တော့်ကို တာဝန်ချိန်ကြီး မီးပွိုင့်မှာ ကတယ်ဆိုပြီး ဖမ်းမှာပေါ့ အဘရယ်.. " အဘကား ကျွန်ုပ်၏ ၂၁ရာစု အကြောင်းပြချက်ကို အံ့သြလွန်းမက အံ့သြသွား၍ထင်။ စကားပင် ပြန်မပြောနိုင်။ ပါးစပ်အဟောင်းသားဖြင့် ကျွန်ုပ်ကိုသာ ပြူး၍ ကြည့်နေလေသည်။ "ကျန်တဲ့ကိစ္စက ရိုးနေပြီ အဘရဲ့.. ဘာကို ဘယ်လောက်လုပ်လုပ် တစ်ခါမှ အတိုင်မခံရဘူး.. အလွန်ဆုံး ပါးရိုက်ခံရလောက်ရုံတင်.. ယောင်မှားပြီး ကတယ်လို့ အထင်ခံရရင်သာ ချက်ချင်းအမှုဖွင့်ခံရမှာ.. မှတ်၊ ခြင်၊ ယင်၊ ပုရွတ်ဆိတ်မနားအောင်သာ ဆုတောင်းပေးပါ အဘရာ.. " ဤသို့ဖြင့် ကျွန်ုပ်လည်း အဘကို ပြောချင်ရာ ပြောပြီးသကာလ အကနှင့် ပတ်သက်တာဆိုလျှင်ဖြင့် ယားလို့ပင် မကုတ်မိအောင် Insect Killer တစ်ဗူး လက်မှာ ဆွဲလျှက် ပိုက်ဆံရှာရန် တာဝန်ကျမီးပွိုင့်သို့ မိန့်မိန့်ကြီး ထွက်ခဲ့လေသည်။ (စိတ်ကူးပေါက်ရာ လျှောက်ရေးထားတာ.. ဆဲရဘူးနော်.. ဒချိ ဒချိ ) :D Credit to မယ် ပိုး
Posted on: Sun, 14 Jul 2013 09:59:33 +0000

Recently Viewed Topics




© 2015