လူမျိုးရေး ပဋိပက္ခနှင့် - TopicsExpress



          

လူမျိုးရေး ပဋိပက္ခနှင့် ဒါဝင်၏ သီအိုရီ ချားလ်ဒါဝင်က သူ၏ Origin of Species စာအုပ်တွင် အခန်း ၇ ၌ သတ္တ၀ါတို့၏ ဗီဇစိတ် (Instinct) အကြောင်း လေ့လာတင်ပြခဲ့သည်။ ဆန်းကြယ်သော ဗီဇစိတ်များ သတ္တ၀ါများ၌ ရှိကြသည်။ ဥပမာအားဖြင့် ဆော်လ်မွန်ငါးတို့သည် မျိုးပွားချိန် ရောက်လာသည့်အခါ ၎င်းတို့ပေါက်ဖွားရာ ဒေသသို့ ပြန်သည့်ဗီဇစိတ် တစ်မျိုးရှိကြသည်။ ယင်းဗီဇစိတ်များအနက် သတ္တ၀ါတိုင်း၌ ရှိတတ်သော ဗီဇစိတ်တစ်မျိုးဖြစ်သည့် Residential Effect (ဌာနရင်းတို့၏ သက်ရောက်မှု) သည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ RE အရ သတ္တ၀ါများသည် ၎င်းတို့၏ ဌာနေ သို့မဟုတ် အသိုင်းအ၀ိုင်းထဲသို့ ၀င်လာသော သူစိမ်းများကို လက်မခံဘဲ ၀ိုင်းဝန်းတိုက်ခိုက် တွန်းလှန် တတ်ကြသည်။ ဝေဟင်ပိုင်နက် ကျော်လာသော ငှက်များကို ယင်းနေရာတွင် ကျင်လည်ကျက်စားသော ငှက်များက ၀ိုင်းဝန်းထိုးဆိတ် တိုက်ခိုက်သည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ဒါဝင်၏ ဆင့်ကဲဖြစ်စဉ် (Evolution) သီအိုရီအရ ယင်းဗီဇစိတ်သည် သတ္တ၀ါများ မျိုးသုဉ်းမသွားစေရန် ကာကွယ်ပေးသည့် သက်ရောက်မှု တစ်ခုဖြစ်သည်။ တွေးခေါ်နိုင်စွမ်း မရှိသည့် သတ္တ၀ါတို့တွင် သူတို့၏ မျိုးရိုးရေရှည် တည်တံ့အောင် ထိန်းသိမ်းရန် ယင်းဗီဇစိတ်က ဆင့်ကဲဖြစ်စဉ်အရ ဖြစ်တည်လာခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်သည် လူမျိုးရေးခွဲခြားမှု (Racism) ၏ ပင်မထောက်တိုင်ကြီး ဖြစ်သည်ဟု ပညာရှင်အချို့က စွပ်စွဲကြသည်။ သို့ရာတွင် သိပံ္ပပညာရှင် အချို့ကလည်း ဒါဝင်သီအိုရီကို မိမိတို့ လိုရာသို့ ဆွဲယူ၍ လူဖြူမျိုးနွယ်များသည် အခြားသော လူမျိုးနွယ်များထက် သာလွန်ကြောင်း ကောက်ချက်ချခဲ့ရာမှ လူမျိုးရေး ခွဲခြားမှုများ ပေါ်ပေါက်လာခဲ့ရသည်ဟု အဆိုရှိသည်။ ဤနေရာတွင် အလျဉ်းသင့်၍ Wholistic Stress Control Institute မှ ထုတ်ပြန်သော ပဋိပက္ခများ ဖြေရှင်းရေးဆိုင်ရာ တစ်ဦးချင်းစီအတွက် ဗျူဟာအချို့ကို တင်ပြလိုပါသည်။ (၁) ဒေါသဖြစ်သည့်အခါ ယင်းအနေအထားမှ ခွဲထွက်ကာ စိတ်ပြေသွားရန် အချိန်ယူပါ။ (၂) ဝေဖန်တိုက်ခိုက်သည့်အခါ လူပုဂ္ဂိုလ်ကို မဟုတ်ဘဲ ပြဿနာ ကိုယ်နှိုက်ကို ဦးတည်ပါ။ (၃) သင်၏ခံစားမှုများကို ဖော်ပြသည့်အခါ ရန်လိုသည့် ပုံစံမျိုး မဟုတ်ဘဲ တက်ကြွသည့် ပုံစံမျိုးသာ ဖြစ်ပါစေ၊ ဖော်ပြရာတွင် တစ်ဖက်သားကို အပြစ်တင်သည့် ပုံစံမျိုး မဖြစ်ပါစေနှင့်။ (၄) သင်၏ အနေအထားကို အာရုံမပြုဘဲ အကြောင်းအရာ အပေါ်တွင်သာ ဗဟိုပြုပါ။ (၅)လူတစ်ဦးချင်းစီ၏ ထင်မြင်ချက်များ ကွဲပြားခြားနားနိုင်မှုအပေါ် လေးစားလိုက်နာပြီး တစ်ဖက်သားကို အတင်းအလျှော့ပေး မခိုင်းပါနှင့်၊ ဘုံသဘော တူညီချက်တစ်ရပ် ရရှိရန်သာ ကြိုးပမ်းပါ။ (၆) တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဆိုင်မှု တစ်ရပ်ဟု သဘောထားကာ တစ်ဦးနိုင်၍ တစ်ဦးရှုံးရမည်ဟု မသုံးသပ်ပါနှင့်၊ နှစ်ဖက်စလုံး၏ လိုအပ်ချက်များထဲမှ အချို့ပါဝင်နိုင်မည့် ဖြေရှင်းမှုဆီသို့ ဦးတည်ပါ။ (၇) နှစ်ဦးနှစ်ဖက်၏ ရပ်တည်ချက်နှင့် သဘောမတူညီ နိုင်မှုများအစား နှစ်ဖက်စလုံး သဘောတူညီ နိုင်မည့် အချက်အပေါ် အာရုံပြုပါ။ (၈) တစ်ဖက်သား၏ ခံစားမှု သို့မဟုတ် အတွေးနှင့် ပတ်သက်၍ ခုန်ကျော် ကောက်ချက်ချခြင်း၊ ရမ်းသမ်းကောက်ချက်ချခြင်း မပြုလုပ်ပါနှင့်။ (၉) တစ်ဖက်သား စကားပြောနေစဉ် ကြားမဖြတ်ပါနှင့်၊ လိုအပ်လျှင် ပြီးမှပြန်မေးပါ။ (၁၀) ပဋိပက္ခတွင် တစ်ဖက်တည်းက သူ၏လိုအပ်ချက်အတွက် ကျေနပ်သွားရုံဖြင့် ပြဿနာ ပြေလည်သွားမည် မဟုတ်ဘဲ ဆက်ဖြစ်နေဦးမည်ကို သတိပြုပါ။ မည်သို့ပင် ဆိုစေကာမူ RE ဟူသည် လူအပါအ၀င် သတ္တ၀ါတို့၏ ဗီဇအတွင်း ကိန်းအောင်းနေသော Instinct တစ်မျိုးဖြစ်သည်။ ထို့ကြောင့် လူမျိုးရေး ပဋိပက္ခများကို ဖြေရှင်းရာတွင် 'ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး' ဟူသည့် အပြောလွယ်သလောက် လက်တွေ့လုပ်ဆောင်ရန် ခက်ခဲသော အခြေအနေမျိုးတွင် RE ကိုလည်း ထည့်သွင်းစဉ်းစားလျက် အခြားနည်းလမ်းများ ရှာဖွေသင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။ အောက်တိုဘာလ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
Posted on: Fri, 04 Oct 2013 02:12:39 +0000

Trending Topics




© 2015