ဝန်ဆောင်ခ ကန်ဒေါ်လာ ၃၀၀၀ - TopicsExpress



          

ဝန်ဆောင်ခ ကန်ဒေါ်လာ ၃၀၀၀ ဖြင့် ဂျပန်သို့ မြန်မာလုပ်သားများ ပို့ခွင့်ပြု ============================== ဝန်ဆောင်ခ ကျပ်သိန်း ၃၀ ဝန်းကျင် (အမေရိကန်ဒေါ်လာ ၃၀၀၀) ဖြင့် ဂျပန်နိုင်ငံသို့ မြန်မာလုပ်သားများကို ပို့ဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။ ဂျပန်နိုင်ငံသို့ မြန်မာလုပ်သား ပို့ဆောင်ခွင့်နှင့် ပတ်သက်၍ ပြုလုပ်သည့် ဝန်ကြီးဌာနနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံသို့ လုပ်သားပို့ဆောင် ခွင့်ပြုရန် ခွင့်ပြုချက် တောင်းခံ ထားသည့် အေဂျင်စီ ၂၈ ခု ရှိကြောင်း၊ ဂျပန်နိုင်ငံကလည်း မြန်မာ လုပ်သား ခေါ်ယူရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ အလုပ်သမား ဝန်ကြီးဟောင်းနှင့် ဂျပန်သံအမတ်တို့က ဝန်ကြီးဌာနနှင့် တွေ့ဆုံ ဆွေးနွေးထားကြောင်း ဦးမျိုးအောင်က ဆိုသည်။ မြန်မာလုပ်သားများကို ဂျပန်နိုင်ငံ စေလွှတ်ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မေလအတွင်းက သွားရောက်ခဲ့သည့် ဂျပန်နိုင်ငံ ခရီးစဉ်တွင် JITCO (Japan Internation Cooperation Organization) နှင့် MoU ရေးထိုးခဲ့သည်။ JITCO နှင့် ယခင်က ပူးပေါင်းကာ အလုပ်သမား ပို့ဆောင်ခဲ့စဉ် အလုပ်သမား ထွက်ပြေးမှုများတွင် မြန်မာအစိုးရနှင့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို ဖိအားပေးခဲ့ပြီး လျော်ကြေးများ တောင်းခံ ခဲ့သဖြင့် ၂၀၀၉ ခုနှစ်ခန့်တွင် JITCO ပူးပေါင်းလုပ်ဆောင်မှု ရပ်တန့်ခဲ့သည်။ “ဂျပန်နိုင်ငံသို့ ရောက်သွားတဲ့ အလုပ်သမားကို JITCO ဘက်က တာဝန်ယူ ဆောင်ရွက်ပေးဖို့ စာချုပ်မှာထည့်သွင်း လက်မှတ် ရေးထိုးခဲ့တယ်” ဟု ဦးမျိုးအောင်က ပြောကြားသည်။ ဂျပန်နိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်ရာတွင် မြန်မာနိုင်ငံဘက်က လုပ်ဆောင်ရမည့် ဂျပန်ဘာသာစကား၊ ယဉ်ကျေးမှု စသည်များကို သတ်မှတ်ချက် ပြည့်မီအောင် လုပ်ဆောင်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ အနည်းဆုံး လုပ်အားခ ဂျပန်ယမ်း ၁၁၀,၀၀၀ (ကန်ဒေါ်လာ ၁၁၀၀ ကျော်) မှ ၁၂၀,၀၀၀ ဝန်းကျင် (ကန်ဒေါ်လာ ၁၂၀၀ ကျော်) ရရှိမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဂျပန်နိုင်ငံသို့ စေလွှတ်ရာတွင် Quality နှင့် Business Ethic များကို စောင့်ထိန်းကာ ရေရှည်လက်တွဲ လုပ်ကိုင်နိုင်အောင် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ အသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူးတစ်ဦးက ဆိုသည်။ အမျိုးသမီး လုပ်သားများကို ပြည်ပနိုင်ငံများသို့ စေလွှတ်ရာတွင် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းတစ်ခုတွင် အနည်းဆုံး အမျိုးသမီးငါးဦး လုပ်ကိုင်ခွင့် ရရှိမှသာ စေလွှတ်ရန် မူဝါဒ ချမှတ်ထားသော်လည်း ဂျပန်နိုင်ငံ၏ ဥပဒေခိုင်မာမှု၊ နည်းပညာ မြင့်မားမှု၊ ယဉ်ကျေးမှု နီးစပ်မှုများကြောင့် အကန့်အသတ်များကို ဖြေလျှော့ စေလွှတ်သွားမည် ဖြစ်ကြောင်း ဦးမျိုးအောင်က ထပ်မံပြောဆိုသည်။ ________________________ Ref: The Voice
Posted on: Sat, 13 Jul 2013 06:08:25 +0000

Trending Topics



Recently Viewed Topics




© 2015