( အမျိုးသားရေးမို့ - TopicsExpress



          

( အမျိုးသားရေးမို့ ကြိုးပမ်းကြပါ-တို့မြန်မာ ) ‘‘ အမျိုးသားရေး ရိုးသား၊ နိုးကြား၊ ကြိုးစားကြပါ ’’ နိုင်ငံတိုင်းတွင် နိုင်ငံသား ပြည်သူရှိစမြဲ ဖြစ်ပေသည်။ ထိုနိုင်ငံသား ပြည်သူလူထုတွင် လူမျိုးတစ်မျိုးတည်းရှိသောနိုင်ငံက ရှားပါးလှသည် ။ လူမျိုးနွယ် ၊တိုင်းရင်းသားလူမျိုး ၊ လူမျိုးစုအများအပြားစုစည်းနေထိုင်ကြသော နိုင်ငံကများပေသည် ။လူမျိုးနွယ်စု အများအပြားယှဉ်တွဲနေကြသော်လည်း အချုပ်အခြာအာဏာပိုင်နက် နယ်မြေ(၀ါ) နိုင်ငံကားတစ်နိုင်ငံတည်း ဖြစ်ပေသည် ။တစ်မြေပေါ်အတူဖွားကြသော သွေးချင်းသားချင်း အမိတစ်မြေ တစ်အူထုံဆင်း ညီအစ်ကိုမောင်နှမအရင်းများသာ ဖြစ်ကြပေသည်။ ထိုသို့သော တစ်မြေပေါ်အတူဖွား မရှိအတူ ရှိအတူ အေးတူပူမျှ အတူတကွ ဥမကွဲသိုက်မပျက် ယှဉ်တွဲလျက်နေကြသည့် ၀ံသာနုရက္ခိတ စိတ်ဓာတ် ကြောင့် နိုင်ငံများတည်တံ့ခိုင်မြဲပြီး စုစည်းကြိုးစားသလောက် ချမ်းသာကြွယ်ဝကြသော နိုင်ငံများ ဖြစ်လာကြရပေသည်။ နိုင်ငံများစွာတွင် အမျိုးတူ (ဘာသာစကား၊ ၀တ်စားဆင်ယင်ပုံ၊ ဓလေ့ထုံးတမ်း၊ယုံကြည်ကိုးကွယ်မှုမှအစစအရာရာ တူညီကြသော မိဘ၊သားသမီးစသည့် တစ်အိမ်တည်းအတူနေများ ပါဝင်သည့်)မိသားစုများရှိပေသည်။သူတို့သည် ရှမ်းတိုင်းရင်းသားများ၊ ကချင်တိုင်းရင်းသားများ၊ ဗမာတိုင်းရင်းသားများ ဖြစ်နိုင်ကြသော်လည်း မျိုးတူနွယ်တူမိသားစု (Family)များဖြစ်ကြပေသည် ။မျိုးတူနွယ်တူ မိသားစုများ ဟိုတစ်စု သည်တစ်စု စုစည်းမိသောအခါ ဆွေမျိုးစုများ (Clan)ဖြစ်လာသည်။ ။မျိုးနွယ်တူ ဆွေမျိုးစုများ ဟိုတစ်စု သည်တစ်စု စုစည်းလိုက်သောအခါ လူမျိုးနွယ်စု (Tribe) များဖြစ်လာသည် ။မျိုးတူလူမျိုးနွယ်စု အများအပြားစုစည်းလိုက်သောအခါ လူမျိုးစု ၊တိုင်းရင်းသားလူမျိုး (Nationality)ဖြစ်လာသည်။ နိုင်ငံမြေ တစ်မြေပေါ် အတူပေါက်ဖွားကာ နှစ်ပေါင်းရာထောင်ချီပြီး ယှဉ်တွဲနေထိုင်ကြသော မိသားစုများ၊ ဆွေမျိုးစုများ၊ လူမျိုးနွယ်စုများ၊ လူမျိုးစု(၀ါ) တိုင်းရင်းသားလူမျိုးအားလုံးကို တစ်နိုင်ငံလုံး လွမ်းခြုံစုစည်းလိုက်သည့် အခါ နိုင်ငံလုံးဆိုင်ရာလူမျိုး( Nation) ဖြစ်လာသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးဧ။် (Nation) အမျိုးသား(၀ါ) နိုင်ငံလုံးဆိုင်ရာလူမျိုးကား မြန်မာ(Myanmar)ဖြစ်လေသည်။ ပါဠိဘာသာအားဖြင့် “ဒဗ္ဗနာမ်” စုပေါင်းနာမည် ဖြစ်ပေသည် ။ မြန်မာနိုင်ငံဧ။် တစ်မျိုးသားလုံးလွမ်းခြုံသော လူမျိုးကား မြန်မာလူမျိုးဖြစ်သည်။ မြန်မာလူမျိုးဟူသည် ကချင်၊ကယား ၊ကရင် ၊ချင်း ၊ဗမာ ၊မွန် ၊ရခိုင် ၊ရှမ်း ၊ပအိုင်း ၊ပလောင် ၊လားဟူ ၊လီဆူး ၊အခါ ၊ဒိုင်းနက် ၊ယင်းဘော် ၊ တောင်သူ ၊တောင်ရိုး ၊ ဂုံ ၊ မြို(ခေါ်)ခမီ၊ ‘ ၀ ’ ၊ ကိုးကန့် ၊တိုင်းလျံ ၊တိုင်းလွယ် ၊ဂျိမ်းဖော ၊ရ၀မ် ၊ထရုံ ၊မြောင်စီး ၊ဂေဘား၊ ဂေခို ၊အင်းသား စသည့် သီးခြားကိုယ်ပိုင်နာမည်ရှိသော တိုင်းရင်းသားအားလုံး ပါဝင်လေသည် ။ တိုင်းရင်းသားအားလုံးသည် ဤမြန်မာနိုင်ငံဧ။် လောကဓံအနိမ့် ၊အမြင့်၊အဆိုး၊အကောင်း၊အလှည့်အပြောင်းဒဏ်မှန်သမျှ အတူခံစားအတူ စံစားခဲ့ကြပေသည် ။ မြန်မာနိုင်ငံကို အနောက်ကမ္ဘာမှ ဗြိတိသျှတို့နယ်ချဲ့ကျူးကျော်တိုက်ခိုက် စိုးမိုးခြယ်လှယ်ဖိနှိပ်သွေးစုပ် အမြတ်ထုတ်ခဲ့သည့် ၁၂၃ နှစ်ကာလပတ်လုံး တိုင်းရင်းသားစုံမြန်မာအားလုံး သူ့ကျွန်ဘ၀ရောက်ခဲ့ကြရသည် ။ ပြည်ထောင်စုဟူသော အမည်နာမကိုမသုံးခဲ့ကြသော်လည်း တိုင်းရင်းသားအားလုံးသည် ဤမြန်မာနိုင်ငံကို ပြည်ထောင်စုကြီးသဖွယ် ၀ံသာနုရက္ခိတတရားကိုယ်စီဖြင့် ယှဉ်တွဲနေခဲ့ကြသည်။အတူကျွန်ဖြစ်ရသကဲ့သို့ အတူတကွ ကျွှန်ဘ၀မှ လွတ်မြောက်ရန် မြန်မာ့လွတ်လပ်ရေးကို ပြန်လည်တိုက်ယူခဲ့ကြသည် ။နယ်ချဲ့တော်လှန်ရေး ၊ဖက်ဆစ်တော်လှန်ရေး၊အချုပ်အချာအာဏာ(လွပ်လပ်ရေး)ပြန်လည်တိုက်ယူရေးတို့တွင် မြန်မာတိုင်းရင်းသားအားလုံးပင် အသက်သွေးချွေးရင်းခဲ့ရသည် ။အတူလက်တွဲကြိုးပမ်းကာ လွပ်လပ်ရေးကို အရပြန်ယူခဲ့ကြသည် ။ လွပ်လပ်ရေးကြိုးပမ်းမှုကာလ ၁၉၃၀ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံးအတွက် ၀ိုင်ဘမ်ဘီအေ သခင်တင်ရေးစပ်သီကုံးခဲ့သော တို့ဗမာသီချင်း(သို့မဟုတ်) မြန်မာတို့ဧ။် အမျိုးသား သီချင်းတွင် ‘သြော် - အမျိုးသားရေးမို့ တို့ကြိုးပမ်းကြပါ ’ ဟူ၍ လှုံ့ဆော်ခဲ့ကြသည် ။မြန်မာ့နိုင်ငံ မြန်မာ့မြေသည် ‘ဒါတို့မြေ ’ ၊ မြန်မာပြည်သည် ‘ဒါတို့ပြေ(ပြည်)’ ဖြစ်၍ “ကိုယ့်အိမ်မှတ်ပါ ၊ကိုယ့်ယာမှတ်ပါ ” ဟု သတိပေးတပ်လှန့်ခဲ့သည် ။ ၁၉၂၀ပြည့်နှစ်တွင် စက်တင်ဘာလတွင် ပေါ်ထွန်းလာခဲ့သော ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး (သို့မဟုတ်) မြန်မာအသင်းများကောင်စီ (သို့မဟုတ်) ၀ံသာနုအသင်းကြီး ကတန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို ‘အမျိုးသားနေ့’ အဖြစ် သတ်မှတ်ကာ နှစ်စဉ် မြို့တိုင်းနယ်တိုင်း တွင် အမျိုးသားလူထု အစည်းအဝေးများကျင်းပကာ တစ်မျိုးသားလုံး အမျိုးသားရေး စိတ်ဓာတ် (National Spirit)တဖွားဖွား တက်ကြွကြံ့ခိုင်လာအောင် ကြိုးပမ်းခဲ့သည် ။ အမျိုးသားရေး စိတ်ဓာတ်သည် နိုင်ငံချစ်စိတ်ဓာတ် ၊ မျိုးချစ်စိတ်ဓာတ် ဖြစ်လာကာ လွပ်လပ်သော မြန်မာပြည်ထောင်စုကြီးကို ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် အခိုင်အမာတည်ထောင်နိုင်စွမ်းရှိသော ပြည်ထောင်စုစိတ်ဓာတ် (Union Spirit) ဖြစ်လာခဲ့သည် ။ပြည်ထောင်စုစိတ်ဓာတ် ၊စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ၊လွပ်လပ်ရေးပြည်လည်မဆုံးရှုံးအောင် အမျိုးသားစည်းလုံးညီညွှတ်မှု (သို့မဟုတ်) တိုင်းရင်းသားသွေးစည်းညီညွှတ်မှုခွန်အားဖြင့် ကာကွယ်စောင့်ရှောက်နိုင်ခဲ့ကြသည် ။ရေမြေသဘာဝသယံဇာတနှင့် ဥတုရာသီကောင်းရှိသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ငြိမ်ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်ကာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ရွှေပြည်ထောင်စုကြီး ၊ရွှေနိုင်ငံကြီးအဖြစ် တည်ဆောက်ရာတွင်လည်း ရိုးသား ၊နိုးကြား ၊ ကြိုးစားပေး၍ အမျိုးသားရေးပန်းတိုင်ကို လှမ်းကိုင်နိုင်ကြရန် ဒိဌဓမ္မလိုအပ်လှပေကြောင်း ။ ( ဘက်မလိုက်သော အမျိုးသားရေးဝါဒီ )
Posted on: Sun, 06 Oct 2013 17:22:10 +0000

Trending Topics



Recently Viewed Topics




© 2015