အမျိုးသားပညာရေး - TopicsExpress



          

အမျိုးသားပညာရေး မူဝါဒမူကြမ်း လွှတ်တော်အတည်မပြုသေးဟုဆို Monday, September 9, 2013 ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (National Network For Education Reform -NNET) က တင်သွင်းသည့် အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း) ကို ပြည်သူ့ လွှတ်တော်က ယနေ့အထိ အတည်မပြုသေးကြောင်း ယင်းကွန်ရက် အဖွဲ့ဝင် ဒေါ်သူသူမာက စက်တင်ဘာလ ပထမပတ်အတွင်းက ပြောကြားသည်။ “ပညာရေးမြှင့်တင်မှု ကော်မတီကတော့ ပညာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သမ္မတဆီ တင်ထားတယ်လို့ ပြောတယ်။ လွှတ်တော်မှာ အတည်ပြု ဆွေးနွေးကြဖို့တော့ ခုထိအကြောင်းမပြန်သေးဘူး” ဟု ၎င်းကဆက်လက် ပြောကြားသည်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ပြုစုသည့် စာမျက်နှာပေါင်း ၃၄ မျက်နှာ၊ အခန်း ၁၃ အခန်းပါရှိသော ယင်းမူကြမ်းသည် ယနေ့ခေတ် ပညာသင်ကြားမှု စနစ်ထက်ပိုမို ကောင်းမွန်ပြီး တိုင်းရင်းသားဘာသာစကား သင်ကြားရေးကိုပါ ထည့်သွင်းပြုစုထားကြောင်း ပညာရေးညီလာခံ ကျင်းပရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောကြားသည်။ “ကျွန်တော်တို့ ပြုစုထားတဲ့ မူဝါဒမူကြမ်းစာအုပ် ၄၄၀ ကို လွှတ်တော်မှာ ပေးဝေထားပါတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကတစ်ဆင့် တာဝန်ယူပြီးလည်း ဖြန့်ဝေပေးထားပါတယ်” ဟု ယင်းကွန်ရက်အဖွဲ့ဝင် ဦးစိုးထွန်းက ဆိုသည်။ အဆိုပါ မူကြမ်းကို ၂၀၁၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် အထက်ပါ ကွန်ရက်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။ အဆိုပါ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ၂၀၁၃ ခုနှစ် ဇွန်လ ၈ ရက်၊ ၉ ရက်နေ့တို့တွင် ရန်ကုန်မြို့တော်ရှိ ခဝဲခြံ မျက်မမြင်ကျောင်း၌ ပညာရေးညီလာခံ ကျင်းပခဲ့ရာ ပြည်နယ်တိုင်းဒေသကြီး ၁၄ ခုမှ ပညာရေးပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဝင်များ အပါအဝင် စုစုပေါင်း ၁၂၇၄ ဦး တက်ရောက်ခဲ့ကြောင်း အဆိုပါကွန်ရက်မှ ထပ်မံသိရသည်။ (သန်းဖေသား) The Voice Weekly
Posted on: Mon, 09 Sep 2013 12:12:37 +0000

Trending Topics



Recently Viewed Topics




© 2015