စက်တာဘာလ ၇ ရက်နေ့ထုတ် The - TopicsExpress



          

စက်တာဘာလ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်က အခွင့်ထူးခံများ ပွင့်လင်းမြင်သာမှု မရှိသည့် စစ်အုပ်ချုပ်ရေးစနစ်၊ တစ်ပါတီ အာဏာရှင်စနစ် နိုင်ငံများတွင် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုအရ လည်းကောင်း၊ တော်စပ်မှုအရ လည်းကောင်း သာမန်ပြည်သူလူထု ရရှိနိုင်သည့် အခွင့်အရေးထက် များစွာပိုသည့် စီးပွားရေး အခွင့်အရေး၊ အာဏာအခွင့်အရေးများ ရယူနေခဲ့ကြသည့် အခွင့်ထူးခံ လူတန်းစားတစ်ရပ် ရှိတတ်ကြသည်။ စစ်အစိုးရ အုပ်စိုးခဲ့သော နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံတွင်လည်း ပြည်သူလူထု အများစု ကြောက်ရွံ့မုန်းတီး ခဲ့ရသော အခွင့်ထူးခံ လူတန်းစားတစ်ရပ် ထွက်ပေါ်ခဲ့သည်။ အဆိုပါ လူတန်းစားသည် အစိုးရထိပ်တန်း ခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် ခင်မင်ရင်းနှီးသူများ ဖြစ်ကြပြီး အခြားသူများ မရနိုင်သည့် စီးပွားရေး အခွင့်အလမ်းများ၊ ပုဂ္ဂိုလ်ရေး အခွင့်ထူးများ ရယူခဲ့ကြသည့်အပြင် တရားဥပဒေ၏ အထက်မှ ကင်းလွတ်ခွင့် ရခဲ့ကာ ပြည်သူများ အပေါ်တွင်လည်း နိုင်ထက်စီးနင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် လက်တစ်ဆုပ်စာ လူစုအဖြစ် တစ်နိုင်ငံလုံး ဆင်းရဲမွဲတေနေသည့် အချိန်တွင် သယံဇာတများ၊ စီးပွားရေး အခွင့်အလမ်းများကို မတရားရယူကာ မခန့်မှန်း နိုင်လောက်အောင် ချမ်းသာကြွယ်ဝ နေခဲ့ကြသည်။ ဒီမိုကရေစီ ခေတ်ပြောင်းချိန် ရောက်ရှိနေပြီဆိုသည့် ယခုအချိန်၌ ထိုအခွင့်ထူးခံ လူတန်းစား ပျောက်ကွယ်သွားခဲ့ပြီလား ဆိုသည့် မေးခွန်းအတွက် အဖြေကင်းမဲ့နေသည်။ အစိုးရနှင့် နီးစပ်သူ ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကြီးများသည် အခွန်ကင်းလွတ်ခွင့်နှင့် စီးပွားရေး အခွင့်အရေးများကို မတရားရယူ လုပ်ကိုင်နေဆဲပင် ဖြစ်သည်။ 'လူကြီးသားသမီး' ဆိုသူများသည်လည်း ယခင်ခေတ် အတိုင်းပင် တရားဥပဒေကို မျက်ကွယ်ပြုကာ လက်လွတ်စပယ် ထင်ရာစိုင်းနေဆဲပင် ဖြစ်သည်။ ၎င်းတို့အတွက် တရားဥပဒေ လက်တံမမီနိုင်ဘဲ တာဝန်ရှိသူများ အနေဖြင့် လက်မှိုင်ချ နေရဆဲပင် ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးနှင့် ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရဟု တဖွဖွ ပြောဆိုနေသည့် ယခုခေတ်ထိတိုင် အခွင့်ထူးခံ လူတန်းစား စရိုက်များကတော့ ရှင်သန်နေဆဲပင် ဖြစ်သည်။ လူဆိုသည့် သဘောမှာ သူများထက် အခွင့်အရေးနှင့် အလေးပေးမှု ပိုရသည့် ဘ၀မျိုးကို ပျော်ရွှင်ကျေနပ် တတ်ကြသူများ ဖြစ်သည်။ ထို့အတွက် အခွင့်ထူးခံ လူတန်းစားသည်လည်း ၎င်းတို့အတွက် အခွင့်အရေးနှင့် အလေးပေးမှု ပိုမိုရရှိသည့် ပွင့်လင်းမြင်သာမှု မရှိသော အာဏာရှင် အစိုးရများကိုသာ အလိုရှိတတ် ကြပါသည်။ ၎င်းတို့အတွက် ပွင့်လင်းမြင်သာမှုရှိပြီး တရားဥပဒေ စိုးမိုးမှုနှင့် လွတ်လပ်ခွင့်အပေါ် အာမခံချက်ရှိသည့် ဒီမိုကရေစီခေတ် ဆိုသည်မှာ အိပ်မက်ဆိုးကြီး တစ်ခုပင်ဖြစ်သည်။ အကျိုးဆက် အနေဖြင့် အခွင့်ထူးခံ လူတန်းစားသည် ဒီမိုကရေစီ စနစ်အပေါ် အဆိုးရွားဆုံး ဆန့်ကျင်တတ်ကြသော သူများဖြစ်ပြီး ဖြစ်သည့်နည်းဖြင့် အာဏာရှင် စနစ်ဆီသို့ ပြန်သွားချင်ကြသူများ တစ်နည်းအားဖြင့် ဒီမိုကရေစီကို နောက်ပြန်ဆွဲချင် ကြသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အခွင့်ထူးခံ လူတန်းစားတစ်ရပ် သက်ဆိုးရှည် နေခြင်းမှာ သာမန်ပြဿနာ အသေးအဖွဲလေး တစ်ခုမဟုတ်ဘဲ ဒီမိုကရေစီ အပြောင်းအလဲ အတွက် အကြီးမားဆုံးသော အဟန့်အတား တစ်ခုပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အောင်မြင်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လိုသည် ဆိုပါလျှင် အာဏာရှင်စနစ်ဆီသို့ ပြန်ဆွဲချနေသည့် ထိုကဲ့သို့ အခွင့်ထူးခံ လူတန်းစား ရှင်သန်နေခြင်းကို ဦးစွာတိုက်ဖျက် ရမည်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်မျှတသော တရားဥပဒေ စိုးမိုးမှုသာရှိလျှင် အခွင့်ထူးခံ လူတန်းစား ဆိုသည်မှာ အလိုအလျောက် ပျောက်ကွယ် သွားမည်သာ ဖြစ်သည်။ ထို့ကြောင့် အစိုးရအနေဖြင့် ပြည်သူလူထု အကျိုးကို အမှန်တကယ် လိုလားသည် ဆိုပါလျှင် မြန်မာပြည်သူ လူထုအတွက် အကြီးမားဆုံး ၀န်ထုပ်ဝန်ပိုး ဖြစ်နေစေသည့် အခွင့်ထူးခံ လူတစ်စု ပျောက်ကွယ်သွားစေရေး အတွက် တရားဥပဒေ စိုးမိုးမှုနှင့် ပွင့်လင်းမြင်သာမှုကို အောင်မြင်အောင် အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း The Daily Eleven သတင်းစာက ယူဆရေးသား အပ်ပါသည်။
Posted on: Sat, 07 Sep 2013 05:56:34 +0000

Trending Topics



Recently Viewed Topics




© 2015