"ယနေ့ထုတ် - TopicsExpress



          

"ယနေ့ထုတ် ရီပိုတာဂျာနယ်ပါ ရတနာနတ်မယ်ဆောင်းပါးနှင့် ပတ်သက်၍" မပြောချင်ပေမယ့် ပြောရပြန်ပါဦးမယ်။ ဒီနေ့ ထုတ်တဲ့ Reporter ဂျာနယ်မှာ ကျွန်မအစ်မ ရေးတဲ့ ရတနာနတ်မယ်နှင့် ခဏတာဆိုတဲ့ စာကို ခေါင်းစဉ်ပြောင်းပြီး ဘယ်သူ့ခွင့်ပြုချက်မှ မယူထားဘဲ သုံးထားတာကို တွေ့ရပါတယ်။ ဖြစ်နိုင်ချေရှိတာက မျက်ရှုအွန်လိုင်းမဂ္ဂဇင်းမှာ တင်ထားတဲ့ စာကို အင်တာနက် စာမျက်နှာတွေမှာ ပြန်လည်ကူးယူဖော်ပြကြရင်း မူရင်းတင်တဲ့ဝဘ်ဆိုက်ကို မဖော်ပြကြရာကနေ စာရေးသူဆီက ခွင့်ပြုချက်တောင်းခံဖို့ ဘယ်လိုဆက်စပ်ရမှန်း မသိလို့လည်း ဖြစ်နိုင်တယ်လို့ အကောင်းမြင် ယူဆပါတယ်။ အယ်ဒီတာချုပ် (ဆရာ) နွယ်ဦးလှိုင်ရဲ့ ဖုန်းနံပါတ်ကို ကျွန်မမသိပေမယ့် ဂျာနယ်မှာပါတဲ့ ဖုန်းတွေကို ဆက်ကြည့်ရာမှာ လိုင်းဖုန်းက ကိုင်မယ့်သူမရှိဘဲ၊ လက်ကိုင်ဖုန်းကတော့ ပိတ်ထားပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း စာနယ်ဇင်းအသိုင်းအ၀ိုင်းထဲမှာ ကြီးပြင်းခဲ့ရသူ၊ ကိုယ်တိုင်လည်း အဲဒီအ၀န်းအ၀ိုင်းထဲမှာ ကျင်လည်ဖူးသူမို့ အပြစ်တင်ရမှာ အင်မတန်ပဲ အားနာပါတယ်။ သို့ပေမယ့် ဘယ်သူ့ရဲ့ ကြိုတင်ခွင့်ပြုချက်မှ မရဘဲ သုံးထားရင်တောင် အပြန်အလှန်လေးစားမှုသရုပ်လို့ ပြောနိုင်တဲ့ ၀န်ခံချက်တခုခု ပါခဲ့ရင်တောင် ကျွန်မ ဖြေသိမ့်လို့ရမှာပါ။ ခုက ဒီဂျာနယ်ကိုမှ မဖတ်မိ၊ မလှန်မိရင် ကိုယ်တောင် သိလိုက်ရမှာမဟုတ်ဘူး။ နောက်တခုက ဂျာနယ်ဘက်ကနေ စာရေးသူ ဆက်သွယ်လာရင် စာမူခပေးလိုက်ရုံပဲလို့ အလွယ်တွေးလို့ရပေမယ့် ကျွန်မတို့ဘက်က အဲ့လောက် မလွယ်ပါဘူး။ ရတနာနတ်မယ်နဲ့ တွေ့တဲ့အကြောင်း ကျွန်မတို့ မိသားစုထဲမှာပဲ ပြောတဲ့စကားကို ကျွန်မက တိုက်တွန်းလွန်းလို့ ကျွန်မ အစ်မက ရေးပြီး ကျွန်မဘာသာ တည်းဖြတ်ပြင်ဆင်ပြီး မျက်ရှုအွန်လိုင်းမဂ္ဂဇင်းမှာ တင်ခဲ့တာပါ။ သူတို့နှစ်ယောက်တွေ့တဲ့ကိစ္စ သိပ်ရိုးရှင်းတာရော၊ မင်းသမီးအနေနဲ့ သိပ်ကို အနေအေးတာကြောင့် သူ့ဆီလာပြီး သူ့အကြောင်းကို အကျိုးအမြတ်အလို့ငှာ ရေးတယ်လို့ ထင်မှာစိုးလို့ ကျွန်မ အဖေရဲ့ ဂျာနယ်စာမျက်နှာမှာတောင် ကျွန်မတို့ ထည့်ခွင့်မပေးခဲ့ဘူး။ သားအဖချင်းပေမယ့် ကျွန်မတို့ မိသားစုမှာ ကိုယ့်စည်းသူ့စည်း ထားသေးတယ်။ အခု အင်တာနက်ပေါ်မှာတွေ့တာနဲ့ ပုံနှိပ်စာမျက်နှာပေါ်မှာ ရမ်းသမ်းတင်လိုက်တာ နည်းနည်းတော့ လက်လွတ်စပယ်နိုင်သလိုပဲလို့ ယူဆပါတယ်။ ကျွန်မတို့ ဒီဆောင်းပါးအတွက် ငွေကြေးလည်း မလိုပါဘူး။ အဲဒီဆောင်းပါးကို မျက်ရှုမှာ တင်တင်ချင်း We are Myanmar ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျမှာ မျက်ရှုကို ခရက်ဒစ်မပေးဘဲ ယူသုံးထားတယ်။ အကျိုးအမြတ် မယူဘဲ သုံးတာပဲ၊ နေပါစေဆိုပြီး မျက်ကွယ်ပြုခဲ့ပါတယ်။ သူတို့ကို အသိပေးပေမယ့် နဂိုကတည်းက ဘယ်သူမှန်းမသိ၊ မျက်နှာတောင် မဖော်ပြနိုင်ဘဲ "မြန်မာ" ဆိုတဲ့ နာမည်ကြီးနဲ့ အကောင့်သုံးတဲ့သူ။ အကောင့်နာမည်ကသာ မြန်မာပါတာ၊ အပြန်အလှန်လေးစားမှုဆိုတာ ဘာမှန်းသိပုံမရတဲ့သူဆိုတော့ သူတို့ဘက်က ဘာမှတုန့်ပြန်မှုမရှိသလို ကိုယ့်ဘက်ကလည်း ပေါ့ပေါ့ပဲ သဘောထားလိုက်မိတယ်။ တကယ်ဆိုရင် မျက်ရှုဝဘ်ဆိုက်မှ ကူးယူဖော်ပြသည်ဆိုတာ ထည့်ပေးဖို့ဆိုတာ ဘာမှ အပန်းကြီးတဲ့ကိစ္စမဟုတ်ဘူး။ ဒီလို ပြောပြောနေရင် တချို့ မကြည်လင်တဲ့သူတွေက ထင်ဦးမယ်။ သိပ်နာမည်လိုချင်တာပဲ ဆိုပြီးတော့ပေါ့။ ကျွန်မ ဒီအွန်လိုင်း မဂ္ဂဇင်းကို လုပ်တာ မြန်မာစာတိုးတက်ဖို့တို့၊ ဘာတို့ စတဲ့ ကြီးကြီးမားမားရည်ရွယ်ချက်ထက် ကိုယ့်ဘာသာ ၀ါသနာပါလွန်းလို့ စိတ်အဆာဖြေတဲ့အနေနဲ့ ကိုယ့်ဘာသာ အိတ်စိုက်ပြီး လုပ်တာပါ။ ဒီမဂ္ဂဇင်းမှာ ကိုယ်ကြိုက်တဲ့စာမူကူးယူဖော်ပြတိုင်း မူရင်းစာအုပ်နဲ့ ရေးသူကို ခရက်ဒစ်ပေးတဲ့ အလေ့အထကို ကိုယ်တိုင်လည်းကျင့်သုံးပါတယ်။ လက်လှမ်းမီသလောက်လည်း ခွင့်ပြုချက်တောင်းခဲ့ပါတယ်။ ကျွန်မဘက်က လိုလားတာ ငွေလည်းမဟုတ်ဘူး။ နာမည်ကြီးဖို့လည်း မဟုတ်ဘူး။ တဦးနဲ့ တဦး အပြန်အလှန် အသိအမှတ်ပြုတတ်တဲ့ ယဉ်ကျေးမှုလေး ကျွန်မတို့ လူမျိုးတွေကြားမှာ ရှိစေချင်ရုံပါပဲ။ ကျင့်ဝတ်ဆိုတာလေးကို ဂရုပြုတတ်ဖို့ပါပဲ။ အခုတော့ ဒါလေး ဖော်ပြလိုက်ရမှာတောင် ၀န်လေးတတ်တဲ့ စိတ်ဓာတ်ကြီးက တော်တော်များများမှာ အမြစ်တွယ်နေဆဲဖြစ်တာကို သိရတဲ့အတွက် တော်တော်လေး စိတ်မကောင်းမိပါတယ်။ မျက်ရှုစီစဉ်သူ အေးလဲ့ထွန်း
Posted on: Thu, 04 Jul 2013 19:14:30 +0000

Trending Topics



>

Recently Viewed Topics




© 2015