Master Card သုံးသူများ - TopicsExpress



          

Master Card သုံးသူများ ပြည်တွင်း အွန်လိုင်းစတိုးများတွင် ဈေးဝယ်နိုင် နိုင်ငံတကာမှ Master Card အသုံးပြုသူများ အောက်တိုဘာ ၃၁ ရက်မှ စတင်၍ ပြည်တွင်း အွန်လိုင်း စတိုးများတွင် CB Bank Payment Gateway စနစ်ဖြင့် ဈေးဝယ်ယူနိုင်တော့မည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက် (CB Bank) အမှုဆောင်အရာရှိချုပ် ဦးကျော်လင်းက ပြောကြားသည်။ အွန်လိုင်းငွေပေးချေမှု စနစ်ကို နိုင်ငံတကာတွင် အသုံးပြုသည်မှာ အနှစ် ၂၀ ကျော်ရှိပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ယခုမှ စတင် အသုံးပြုနိုင်ခြင်း ဖြစ်ပြီး CB Bank နှင့် ချိတ်ဆက်ထားသော အွန်လိုင်းစတိုးများတွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “အရင်က အွန်လိုင်းကနေ ပြည်တွင်းမှာရှိတဲ့ ဟိုတယ်အခန်းမှာချင်ရင် တစ်ဆင့်ခံ Website တွေကနေ မှာရတယ်။ အခုဆိုရင် CB Bank Payment Gateway နဲ့ ချိတ်ထားတဲ့ ဟိုတယ်တွေကို တိုက်ရိုက် မှာနိုင်မယ်” ဟု ၎င်းက ဆိုသည်။ Master Card များကိုသုံး၍ အွန်လိုင်းဈေးဝယ်မှု ပြုလုပ်နိုင်သည်မှာ ကောင်းမွန်သော်လည်း ယခုစနစ်သည် ကတ်အတွင်းရှိ ငွေသားလုံခြုံမှုကို အကာအကွယ် ပေးနိုင်သော အဆင့်ရှိ၊ မရှိကို စဉ်းစားရမည်ဖြစ်ကြောင်း Master Card အသုံးပြုသူ Mileage Communication မှ မန်နေဂျာ ဦးဆူးအောင်က ပြောကြားသည်။ CB Bank Payment Gateway နည်းပညာသည် နိုင်ငံတကာတွင် အသုံးပြုနေသော Master Card ကုမ္ပဏီ၏ Internet Gateway Service ပေါ်တွင် ဝင်ရောက် အသုံးပြုခြင်း ဖြစ်သောကြောင့် လုံခြုံရေးအတွက် စိတ်ချရကြောင်း Master Card မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ CB Bank သည် အောက်တိုဘာလ ၈ ရက်မှ မြန်မာနိုင်ငံသားများ ပြည်ပတွင် သုံးစွဲနိုင်မည့် Easi Master Card ကို စတင်ထုတ်လုပ်ခဲ့ပြီး အဆိုပါကတ်သည် နိုင်ငံတကာ အွန်လိုင်းစတိုးများတွင် ဈေးဝယ်ယူနိုင်ကြောင်း၊ VISA ကတ်ဖြင့် ပြည်တွင်းတွင် အွန်လိုင်း ငွေပေးချေမှုစနစ်ကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း သမဝါယမဘဏ် လီမိတက်မှ သိရသည်။ ATM Card များကို ပြည်တွင်းတွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်အသုံးပြုခွင့် ရရှိခဲ့ပြီး အွန်လိုင်းငွေချေမှု စနစ်ဖြင့် သုံးစွဲနိုင်သည့် ကတ်စနစ်ကို အောက်တိုဘာလ အတွင်းတွင် စတင်အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။
Posted on: Mon, 04 Nov 2013 02:23:23 +0000

Trending Topics



Recently Viewed Topics




© 2015