သွေးတိုးရောဂါနှင့် - TopicsExpress



          

သွေးတိုးရောဂါနှင့် အစားအစာ ဆက်စပ်မှု သွေးတိုးရောဂါနဲ့ ပတ်သက်ရင်တော့ လူနာက ကိုယ့်ကိုပြောမယ့် Symptoms တွေနဲ့ ကိုယ်က လူနာဆီမှာကြည့်ရမယ့် Signs တွေ ရှိပါတယ်။ အကြောင်းရင်း သေသေချာချာရှာလို့ မရတဲ့ သွေးတိုးလူနာ အများစုကတော့ နှစ်ပေါင်းများစွာ ဘာလက္ခဏာမှ မပြဘဲ ရှိတတ်ပါတယ်။ လူနာတွေ ပြောပြကြတဲ့ Symptoms တွေထဲမှာတော့ အများဆုံးက ခေါင်းကိုက်တာပါပဲ။ ဒါကလည်း မျိုးစုံဖြစ်နိုင်တဲ့ အတွက် အများစုက လျစ်လျူ ရှုမိတတ်ကြပါတယ်။ ပြင်းထန်သွေးတိုးအဆင့်နဲ့ ဆိုရင်တော့ အမြင်အာရုံ ရုတ်တရက် ချို့ယွင်းသွားတာမျိုး၊ သတိလက်လွတ်ပြီး ကယောင်ကတမ်း ဖြစ်သွားတာမျိုး၊ မှိန်းနေတာမျိုး၊ ပျို့အန်နေတာမျိုးတွေ ရှိတတ်ပါတယ်။ အခြေခံ အကြောင်းရင်းရှိတဲ့ သွေးတိုးတာကတော့ သက်ဆိုင်တဲ့ အခြေခံအကြောင်းပေါ် မူတည်ပြီး လက္ခဏာတွေ ပြတတ်ပါတယ်။ Signs တွေအနေနဲ့ကတော့- ၁။ သွေးပေါင်ချိန် - လက်နှစ်ဖက်စလုံးကို တိုင်းကြည့်ရပါမယ်။ ဟိုဘက်ဒီဘက် သွေးပေါင်ချိန် မညီတာမျိုးတွေ ရှိတတ်ပါတယ်။ ၂။ Retina လို့ခေါ်တဲ့ မျက်ကြည်လွှာမှာ သွေးကြောတွေရဲ့ အပြောင်းအလဲတွေ၊ နောက်ခံ Background ရဲ့အနေအထားတွေကို Fundoscope လို့ခေါ်တဲ့ ကိရိယာနဲ့ ကြည့်ရှုမှတ်တမ်း တင်ထားရပါတယ်။ ၃။ နှလုံးအခြေအနေ စမ်းသပ်တာ ၄။ သွေးကြောတွေရဲ့ အခြေအနေ စမ်းသပ်တာ စတာတွေကို မဖြစ်မနေ လုပ်ရပါမယ်။ နောက်ထပ် စမ်းသပ်မှု အနေနဲ့ကတော့ ဆီးချိုရောဂါနဲ့ တွဲ၊ မတွဲ၊ ကျောက်ကပ် အခြေအနေ၊ သွေးတွင်းအဆီဓာတ် ပမာဏ၊ သွေးတွင်း ယူရစ်အက်စစ် ပမာဏ၊ ဆီးစစ်ဆေးတာ၊ Electrolytes တွေရဲ့အနေအထား စတာတွေကို ဓာတ်ခွဲ စစ်ဆေးပါမယ်။ နှလုံးအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ECG ဆွဲတာ၊ ဓာတ်မှန်ရိုက်တာ၊ Echocardiograph ရိုက်တာ စတာတွေကိုလည်း လုပ်ရပါတယ်။ နောက်ထပ်အခြေခံ အကြောင်းတရားတွေ ပေါ်ပေါက်လာအောင်လည်း လိုအပ်တဲ့ Imaging တို့၊ ဟော်မုန်းဓာတ် တိုင်းတာတို့ စတဲ့ ဆိုင်ရာဆိုင်ရာတွေကိုလည်း လုပ်ရပါတယ်။ အနှစ်ချုပ်အနေနဲ့ မှတ်ထားဖို့က - ၁။ သွေးတိုး ဟုတ်၊ မဟုတ် သေချာအောင် ဆုံးဖြတ်ရမယ် ၂။ Target Organ Damage ရှိ၊ မရှိ (အထိအများဆုံးက နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်၊ မျက်စိအာရုံခံလွှာ၊ သွေးကြောတွေ) စူးစမ်းရမယ်။ ၃။ သွေးတိုးရတဲ့ အခြေခံ အကြောင်းရင်းကို ရှာရမယ်။ ၄။ သွေးတိုးနဲ့ တွဲဖြစ်တတ်တဲ့ ရောဂါတွေကို ရှာရမယ်။ အခြေခံ အကြောင်းရင်းရှိတဲ့ သွေးတိုးအမျိုးအစားကတော့ အဲဒီအကြောင်းကို ရှာဖွေပြီး ကုသနိုင်ရင် သွေးတိုးတာ ပျောက်ကင်းသွားလေ့ ရှိပါတယ်။ အနည်းစုလောက်သာ သွေးပေါင်ကျဆေး ဆက်သောက်ရလေ့ ရှိပါတယ်။ ဆေးပမာဏ အတိုးအလျှော့၊ အပြောင်းအလဲတော့ လိုအပ်ရင် လိုအပ်သလို လုပ်ပေးရပါတယ်။ ဘယ်လိုသွေးတိုးအမျိုးအစားပဲဖြစ်ဖြစ် အထူးသတိပေး ပြောကြားလိုတာက ဆေးဝါးကုထုံး တစ်မျိုးတည်းနဲ့ပဲ ကုရင် မအောင်မြင်နိုင်ပါဘူး။ Non-pharma-cologic Therapy လို့ခေါ်တဲ့ LifeStyle ပြောင်းလဲတာတွေကို တိတိကျကျ ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံး စေချင်ပါတယ်။ Life Style ပြောင်းလဲဖို့အတွက်က ၁။ ကိုယ်အလေးချိန်ကို BMI 18.5-24.9 အတွင်းထားရှိပါ (ကိုယ်အလေးချိန် ၁၀ ကီလိုကျတိုင်း သွေးပေါင်ချိန် 5-20 mmHg ကျပါတယ်) ၂။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများများ စားပါ၊ အဆီဓာတ်နည်းအောင် လုပ်ထားတဲ့ နို့နှင့် နို့ထွက်ပစ္စည်းတွေ စားသုံးပါ၊ ပြည့်ဝဆီ စားသုံးမှုလျှော့ချပါ၊ (အဲဒါကို Dietary Approaches to Stop Hypertension - DASH လို့ ခေါ်ပါတယ်။ သွေးပေါင်ချိန် 8-14 mmHg ကျနိုင်ပါတယ်) ၃။ အငန်ဓာတ်လျှော့စားပါ (2-8 mmHg ကျစေပါတယ်) ၄။ တစ်ပတ်ကို အနည်းဆုံး ငါးရက်၊ တစ်ရက်ကို အနည်းဆုံးမိနစ် ၃၀ Aerobic လေ့ကျင့်ခန်းလိုမျိုး၊ လမ်းအမြန်လျှောက်တာမျိုး လုပ်မယ်ဆိုရင် သွေးပေါင်ချိန် 4-9 mmHg ကျစေပါတယ်။ သွေးတိုးရောဂါက အစားအသောက်နဲ့ ပတ်သက်မှု ရှိသလားဆိုရင်တော့ သိသလောက်ပြောရရင် ဆားပေါ့။ ဆားဓာတ်လွန်ကဲစွာ စားသုံးတာနဲ့တော့ ပတ်သက်နေတာ တွေ့ရပါတယ်။ Guyton Hypothesis ဆိုတာ ရှိပါတယ်။ ဆားများများစားရင် သွေးဖိအားတက်မယ်။ သွေးဖိအား တက်လာရင် ဆီးထဲကနေ အဲဒီဆားဓာတ်တွေ စွန့်ထုတ်မှုပိုများလာပြီး သွေးဖိအား ပုံမှန်ပြန်ရောက်သွားရမယ်။ ဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဉ် သဘာဝပေါ့။ ဒါပေမဲ့ သွေးဖိအား ပြန်ကျမသွားဘဲ တောက်လျှောက် တက်နေတဲ့သူတွေလည်း တွေ့ရတယ်။ အကြောင်းရင်းရှာတော့ Natriuresis လို့ခေါ်တဲ့ ဆီးထဲက ဆားဓာတ် ပြန်ထွက်အောင် လုပ်ပေးတဲ့ စနစ်ချို့ယွင်းနေတာကို သွားတွေ့တယ်။ ဒီလိုလူနာမျိုး၊ ဒီလိုသွေးတိုးမျိုးကို Salt-Sensitive Hypertension လို့ခေါ်လေ့ရှိတယ်။ BY GOOD HEALTH
Posted on: Tue, 10 Sep 2013 05:02:09 +0000

Trending Topics



Recently Viewed Topics




© 2015