အစိုးရ - TopicsExpress



          

အစိုးရ စစ်ဆင်ခြင်းနှင့် အပစ်အခတ် ရပ်စဲရေး အပေါ် PSLF/TNLA ဥက္ကဌ ၏ သဘောထား Saturday, 30 November 2013 12:26 Written by ရွှေဟင်္သာ သတင်းဌာန ဥက္ကဌ ဗိုလ်မှူးကြီး တာအိုက်ဖုန်းနှင့် ရဲဘော်သစ်များ အမှတ်တရ ဥက္ကဌ ဗိုလ်မှူးကြီး တာအိုက်ဖုန်းနှင့် ရဲဘော်သစ်များ အမှတ်တရ ဓါတ်ပုံ - ( PSLF/TNLA) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) သည်အပစ်အခတ်ရပ်စဲရေးအတွက်အစိုးရနှင့်အလွတ်သဘော (၅)ကြိမ်ဆွေးနွေး ခဲ့ပြီးဖြစ်သော်လည်းနိုဝင်ဘာ (၂၈) ရက်နေ့အထိအတိုက်ခံနေရဆဲဖြစ်ပါသည်။နိုဝင်ဘာ (၂၅)ရက်နေ့တွင် PSLF/TNLA လက်အောက်ခံတပ်များရောက်ရှိ လာသည်ဟုအကြောင်း ပြကာရှမ်းပြည်မြောက်ပိုင်းနမ့်ဆန်မြို့နှင့်မဝေးလှသောအထက်မန် လွယ်ကျေးရွာကို လက်နက်ကြီး (၁၂၀ မမ)ဖြင့် ပစ်ခတ် ခဲ့ကြောင်း ဒေသခံများ ကဆိုပါသည်။ တိုက်ပွဲများ သည်လည်း နိုဝင်ဘာ (၂၈)ရက်နေ့အထိ ဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် PSLF/TNLA နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေ သည် မျှော်လင့်ချက်မဲ့ လာနေသလို ဖြစ်လာခဲ့ပါသည်။ အစိုးရ၏ ဆက်လက် တိုက်ခိုက် နေမှုအပေါ် PSLF/TNLA ၏ သဘောထားနှင့် ငြိမ်းချမ်းရေး မျှော်လင့်ချက်များ သိရှိနိုင်ရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၏ ဥက္ကဌ တာအိုက်ဖုန်းအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၏ ဥက္ကဌ တာအိုက်ဖုန်းသည် တအာင်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) ၏ အကြီးအကဲ ဗိုလ်မှူးကြီးလည်း ဖြစ်ပါသည်။ ၄င်းသည် လက်ရှိ အစိုးရ စစ်ဆင်နေသော စစ်ဆင်ရေး များသည် နယ်မြေ စိုးမိုးရေး စစ်ဆင်ရေး ဖြစ်သည့် အတွက် (TNLA) ရှိရာသို့ လာရောက် တိုက်ခိုက် နေခြင်း ဖြစ်၍ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရ သည်ဟု ဆိုပါသည်။ တိုက်ပွဲများသည် တနှစ်ကျော် စစ်ဆင်လာခဲ့ပြီး ယနေ့အထိ ပြင်းထန်နေခဲ့ပါသည်။ တပ်ဖွဲ့များကိုလည်း တပ်ရင်း (၁၀) ရင်းမှ (၂၅)ရင်းအထိ တိုးချဲ့ချထားပြီး ဒေသ စစ်ဆင်ရေးမှ တဆင့် ဗျူ ဟာစစ်ဆင်ရေးနှင့် ယခု လက်နက်ကြီးများပါ သုံးစွဲလာနေကြောင်း ဒေသခံများက ဆိုလာပါသည်။ ဤသို့ကြောင့် တိုးမြှင့် လာနေသည့် စစ်ဆင်ရေးနှင့် ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များ အခြေအနေကို သိရှိရန် တာအိုက်ဖုန်းအား ဆက်သွယ် မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ မေး ။ ။ နိုဝင်ဘာ (၂၅)ရက်နေ့ မနက် (၁၀)နာရီက နမ့်ဆန်မြို့နားက အထက်မန် ဂျယ်ကျေးရွာကို နမ့်ဆန် စစ်ဗျူဟာ အခြေချ တပ်မမှူး သက်ဇော်ဦး ဦးဆောင်တဲ့ အစိုးရ တပ်ဖွဲ့က (၁၂၀)မမနဲ့ ပစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။ ဟုတ်ပါသလား။ ဖြေ ။ ။ ဟုတ်ပါတယ်။ နမ့်ဆန် အခြေစိုက် တပ်နဲ့ နမ့်ဆန်ပြည်သူ စစ်ခေါင်းဆောင် ထွန်မြတ်လေး အဖွဲ့တို့ ပူးပေါင်းတဲ့ တပ်ကနေ ပစ်ခတ် လိုက်တာပါ။ ကံကောင်းလို့ ရွာထဲမကျဘဲ။ ရွာနားမှာ ကျတယ်။ ပေါက်ကွဲမှု ကပြင်းတော့ ရွာသားတွေ အကုန်ထွက် ပြေးကြတာပေါ့။ သူတို့ အကြောင်းပြတာက (TNLA) တပ်ဖွဲ့တွေ မန်လွယ်ရွာမှာ ရှိနေတယ် ဆိုပြီး သတင်း ရလို့ ပစ်တာလို့ ဆိုပါတယ်။ မေး ။ ။ ဘာအတွက် ပစ်ခတ်တယ်လို့ ယူဆပါသလဲ။ ဖြေ ။ ။ သဘောကတော့ အဲဒီ ကျေးရွာတွေကို ကျနော်တို့ တပ်တွေ အ၀င်အထွက် ရှိနေတာတော့ အမှန်ပါဘဲ။ ကျနော်တို့တပ် တွေကိုလည်း လူထုက ထောက်ခံနေတော့ လူထုကို ခြိမ်းခြောက်တဲ့ သဘော အနေနဲ့လည်း ပစ်ခတ်တာ ဖြစ်လိမ့်မယ်။ ကျနော်တို့ တပ်ဖွဲ့တွေ ရှိတာတော့ မှန်တယ်။ ရွာနဲ့ ခပ်လှမ်းလှမ်းမှာ တပ်ချတာဘဲ များပါတယ်။ ပြီးတော့ ရွာထဲမှာ ရွာနားမှာ တိုက်ပွဲ မဖြစ်အောင် ရှောင်ကြဖို့လည်း အမိန့်ပေး ထားတယ်။ ဒါပေမဲ့ အခု သူတို့ပစ်တာက ရွာနားမှာ ကျတယ်။ ဒီတော့ ကျနော်တို့ကို ပစ်တာထက် အကြောင်းပြ ကောင်းအောင် ပြောပြီး လူထုကို ခြိမ်းခြောက် တဲ့သဘော အနေနဲ့ ပစ်တာဘဲ ဖြစ်ပါလိမ့်မယ်။ မေး ။ ။ လက်နက်ကြီး ပစ်တာက နိုဝင်ဘာ (၂၅)ရက်နေ့နော်။ အဲဒီနောက်ပိုင်းမှာလဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့သေး သလား။ ဖြေ ။ ။ အဲဒီဒေသမှာတော့ နေ့တိုင်း မဟုတ်ပေမဲ့ တိုက်ပွဲကတော့ ခဏခဏ ဖြစ်နေတယ်လေ။ နမ့်ဆန်မြို့ နယ် ပါနမ်း ကျေးရွာမှာတော့ နိုဝင်ဘာ (၂၈) ရက်နေ့ အထိ နောက်ဆုံး ဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာ (၂၆-၂၇) ရက်နေ့မှာ လည်းဘဲ နမ့်ခမ်း နဲ့ ကွတ်ခိုင်ဖက်မှာ ဖြစ်ခဲ့ပါတယ်။ မေး ။ ။ ဒါဆိုရင် အစိုးရနဲ့ ငြိမ်းချမ်းရေး ရဖို့အတွက် ရည်ရွယ် ထားပါရက်နဲ့ ဒီတိုက်ပွဲတွေ ဘာကြောင့် ဖြစ်ပွားနေရ တယ်လို့ ထင်ပါသလဲ။ ဖြေ ။ ။ တိုက်ပွဲကတော့ ကျနော်တို့ကို တစုံတရာ ဖိအား ပေးနေတယ်လို့ ယူဆပါတယ်။ ကျနော်တို့က အစိုးရ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံတိုင်းမှာ တိုက်ပွဲတွေ လျှော့ချဖို့ တင်ပြခဲ့ပါတယ်။ ပြီးတော့ ဖြစ်နိုင်ရင် အစိုးရတပ်တွေ နောက်ဆုတ်ပေးဖို့ ရုတ်သိမ်းပေးဖို့ ခပ်ခွာခွာနေ ပေးဖို့ပေါ့နော် တောင်းဆိုထားတယ်။ ဒါပေမဲ့ တခုမှ ဖြစ်မလာဘူး။ ဒီတော့ သုံးသပ်ရရင် ဒီတိုက်ပွဲ တွေဟာ အစိုးရ တပ်တွေက သူတို့ နယ်မြေ စိုးမိုးရေး အတွက် ကျနော်တို့ဆီကို လာရောက်တိုက်ခိုက် နေတာဖြစ်ပါတယ်။ ကျနော်တို့ ကတော့ သူတို့ကို လိုက်လံ တိုက်ခိုက်ဖို့ မရှိဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ အတတ်နိုင်ဆုံး တိုက်ပွဲတွေ ရှောင်ခိုင်းခဲ့ပါတယ်။ မေး ။ ။ ဒီအခြေအနေ အတိုင်း ဆိုရင်တော့ ငြိမ်းချမ်းရေး ရနိုင်ပါ့မလား ပလောင်ဒေသမှာ ဘယ်လို ရှုမြင်ပါသလဲ။ ဖြေ ။ ။ ငြိမ်းချမ်းရေး စကားလုံးဟာ လူတိုင်း ပြောနေတာ ဘဲလေ။ အစိုးရဖက် ကလည်း ပြောနေတာဘဲ နားထောင် ကောင်းရုံဘဲလား တော့ မပြောတတ် ဘူးပေါ့။ ကျနော်တို့ ဖြစ်စေချင်တာ ကတော့ ရေရှည်တံ့တဲ့ ငြိမ်းချမ်းရေး မျိုးကို ဖြစ်စေချင် ပါတယ်။ ဒီတော့ ဒီလို ငြိမ်းချမ်းရေး မျိုးကို ရဖို့ဆိုတာက ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ပြသနာတွေကို နိုင်ငံရေးအရ ဖြေရှင်းလို့ ပြေလည်မှ ရမယ်လေ။ အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေး ရပြီးလို့ ပြောတာဟာ မဖြစ်နိုင်ဘူးလေ။ ဖြစ်လဲ မဖြစ်ခဲ့ ပါဘူး။ အဲဒီ တော့ တိုင်းရင်းသား တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်တွေ မရှိဘဲနဲ့တော့ တကယ့်ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတွေ ရပြီးလို့ ပြောလို့ မရဘူးလေ။ မေး ။ ။ ဟုတ်ကဲ့။ အစိုးရနဲ့လည်း ဆွေးနွေးခဲ့တယ်။ ပြီးတော့ ပြန်တွေ့ဖို့လည်း ချိန်းခဲ့တာ ရှိတယ် ဆိုတော့ အစိုးရနဲ့ ဘယ်တော့ လောက်ပြန်တွေ့ နိုင်မလဲ။ ဖြေ ။ ။ ဒါကတော့ အစိုးရဖက် မှာဘဲ မူတည်ပါတယ်။ ကျနော်တို့ အမြဲတမ်း တောင်းဆိုနေတာ ကတော့ တွေ့ဆုံ ဆွေးနွေးရေး ကနေတဆင့် နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေးအရ ဖြေရှင်း နိုင်ဖို့အတွက် အမြဲတမ်း တံခါးဖွင့်ထား တယ်။ ဒါပေမဲ့ အစိုးရဖက်က လိုချင်နေတာက အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတာနဲ့ ငြိမ်းချမ်းရေး ရပြီးလို့ဘဲ မြင်နေ တာကိုး။ ကျနော်တို့ ကတော့ အပစ်အခတ် ရပ်စဲရေးလုပ်လို့ ငြိမ်းချမ်းရေး ရတာမဟုတ်ဘူး။ ဖြစ်နေတဲ့ နိုင်ငံရေး ပြသနာတွေကို ဖြေရှင်းမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရမှာလေ။ ဒီတော့ တခြားစီ ဖြစ်နေတယ်။ သဘောကတော့ အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲနဲ့ နိုင်ငံရေး ဆက်ဆွေးနွေး သွားရင်လည်း တိုက်ခိုက်မှု တွေက တဖြည်းဖြည်း လျှော့သွား မှာဘဲလေ။ အဲဒီ လိုမျိုး ကျနော်တို့ မျှော်လင့်တယ်။ ဒါကလည်း အစိုးရဖက်က ထားရှိတဲ့ စေတနာ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဖြစ်သင့်တာက တွေ့ဆုံ ဆွးနွေးမှုကနေ တဆင့် ယုံကြည်မှု တည်ဆောက်ကြ ဖို့ရယ်။ ရရှိလာတဲ့ ယုံကြည်မှု တွေကနေ တဆင့် နိုင်ငံရေး ပြသနာတွေ ကို ဖြေရှင်း သွားမယ်။ စိတ်ရင်း စေတနာနဲ့ တကယ် ဖြေရှင်းလို့ ပြေလည် သွားရင်တော့ ကျနော်တို့ ပြောနေတဲ့ တကယ့်ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးကို အမှန် ရရှိလိမ့်မယ် လို့ ခံယူထား ပါတယ်။ မေး ။ ။ ဒါဆိုရင် လက်ရှိ အခြေအနေ ကနေ ရှေ့ဆက် အလားလာ တွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာ သုံးသပ်ပေး ပါ လား။ ဖြေ ။ ။ အလား အလာကတော့ ကျနော်တို့က လိုင်ဇာမှာ ကျင်းပခဲ့တဲ့ လက်နက်ကိုင် တိုင်းရင်းသား ညီလာခံရဲ့ သဘောတူညီချက် မူအတိုင်း သွားမှာပါ။ အဲဒီ သဘောတူညီချက် ကို အကောင်အထည် ဖေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) မှာလည်း ကျနော်ပါတယ်။ လက်ရှိမှာလည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ကိစ္စနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စတွေ ရေးဆွဲနေတယ်။ ပြီးရင် တိုင်းရင်းသား ညီလာခံ ဆက်လုပ်မယ်။ အဲဒီ ညီလာခံပြီးရင် အစိုးရနဲ့ ထပ်တွေ့မယ်။ ဆွေးနွေးမယ် ဖြေရှင်းမယ် ဆိုတဲ့ (process) ပရောစက် ထဲမှာဘဲ (PSLF) က ဆက်သွားနေမှာ ဖြစ်ပါတယ်။ ဤသည် လက်ရှိ ဖြစ်ပေါ်နေသော ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)နှင့် အစိုးရတို့၏ ဆက်ဆံရေး အခြေအနေကို ဥက္ကဌ ဗိုလ်မှူးကြီး တာအိုက်ဖုန်းနှင့် ဆက်သွယ် မေးမြန်းခြင်း ဖြစ်ပါသည်။ အစိုးရသည် အပြောတမျိုး အလုပ်တမျိုး ကြောင့် တိုင်းရင်းသား များ၏ ယုံကြည်မှုကို မရရှိခဲ့ပေ။ အထင်အမြင် လွဲစေသည့် အစိုးရ၏ လုပ်ရပ်များ ဖြစ် သည့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ထိုးထား သော်လည်း တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ထပ်မံလက်မှတ် ထိုးခိုင်းခြင်း။ နှစ်နှစ်ခန့် အချိန်ယူ ခဲ့ရသော ပြည်ထောင်စု အဆင့် သဘောတူညီချက် များကို လျှစ်လျူရှုခဲ့ခြင်း၊ အပစ်ရပ်စဲရေး လက်မှတ် ထိုးထား ပါလျှက်နှင့် တိုက်ပွဲပေါင်း ရာနှင့်ချီပြီး ဆက်လက်ဖြစ်ပွား နေခြင်းနှင့် ရရှိခဲ့သော အပစ်အခတ် ရပ်စဲရေးကို နိုင်ငံတကာတွင် အမြတ်ထုတ် ပြောဆိုနေခြင်း ကြောင့် ဖြစ်ပါသည်။
Posted on: Sun, 01 Dec 2013 10:15:55 +0000

Trending Topics



30px;"> Notorious B.I.G. - Smoking Cigar Drawing 24x36 Dry Mount Poster
And the day just keeps getting better - thanks to Jeremy Cady for
Devil walks and talks through mouths of those who appear to be
Hello VOIP Partner, Good wishes from Rigel Voice Ltd. Rigel
Student Ki Notebook Ke Last Page pe Kya Milega ?? . . 1. ) Love %
Leonard Sweet talks about the importance of maintaining a positive

Recently Viewed Topics




© 2015